May 16, 2010

ကွေ့ ချလိုက်တဲ့မြစ်တစ်စင်းပေါ်က သက်သေခံပစ္စည်းများ



နာကျင်ကိုက်ခဲလွန်းနေဆဲ နာဂစ်…။
နာဂစ်လေမုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ မြစ်ဝကျွန်းပေါ်က ကျနော်တို့ ညီအစ်ကိုသားချင်းတွေကို
အကူအညီပေးဖို့ ရံပုံငွေရှာတဲ့အနေနဲ့ မြန်မာကဗျာဆရာတွေက “မေရဲ့ပန်းပွင့် သို့ မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားသော ”လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ်တစ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကိုဖတ်တော့ ကျနော်ကလည်း နာဂစ်အထိမ်းအမှတ်ကဗျာတပုဒ်ရေးခဲ့တာ ပြန်ပြီး သတိရနေမိတယ်။ ပြည်တွင်းက ကဗျာဆရာတွေနဲ့ အတူတွဲပြီး အလုပ်လုပ်လိုက်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာရပါတယ်။ ဒီကြားထဲ ဒီကဗျာစာအုပ်နဲ့ တွဲပြီးပါလာတဲ့ ကဗျာရွတ်ထားတဲ့အခွေထဲမှာ နှစ်ပေါင်းများစွာ လူချင်းခွဲနေခဲ့ကြရတဲ့ ကျနော်ချစ်ခင်ရတဲ့ ကဗျာဆရာတချို့ ရဲ့ကိုယ်တိုင်ကဗျာရွတ်တဲ့အသံတွေကိုလည်းကြားရတော့ ကျနော့်အဖို့  အားလုံးကို လွမ်းရပြန်တာပေါ့။ အထူးသဖြင့် ညီမငယ်လေးလို ချစ်ခင်ခဲ့ရတဲ့ ကဗျာဆရာမ ဧဧသန်း၊ (ကို)အောင်ဇင်မင်း၊ ကိုခါးကြီး(ငခါး-ကွမ်းခြံကုန်း)တို့ ရဲ့အသံတွေကို နှစ်ပေါင်း(၂၅)နှစ်အတွင်း ဒါဟာ ပထမဦးဆုံးအကြိမ် ကျနော် ပြန်လည်ကြားခွင့်ကြုံလိုက်ရတာပါ။ သူတို့ ကတော့ ကျနော့်အသံကို လေလှိုင်းထဲကတဆင့် ကြားကောင်း ကြားနေနိုင်ကြမလား။ ဒီကနေ့ တော့ နာဂစ်အထိမ်းအမှတ် ကျနော်ရေးဖွဲ့ ခဲ့တဲ့ ဒီကဗျာရှည်ကိုပဲ ကျနော့် ဘလော့မှာ တတိယအကြိမ်အဖြစ်တင်လိုက်ပါတယ်။ သရုပ်ဖေါ်ပုံကတော့ “မေရဲ့ပန်းပွင့် သို့ မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားသော” ကဗျာစာအုပ်ထဲက ဆရာ မင်းဝေအောင် ရဲ့ပန်းချီပုံကို စကင်ဖတ်ပြီးတင်လိုက်တာပါ။

ကွေ့ ချလိုက်တဲ့မြစ်တစ်စင်းပေါ်က သက်သေခံပစ္စည်းများ


“ ငါတို့ဘဝ
မြစ်များနဲ့ တူရဲ့
သေခြင်းကတော့ ပင်လယ်ကြီးပေါ့ ”
ဆယ့်ငါးရာစု ကဗျာဆရာ
“ ဂျော့မားရစ်” ရဲ့ ကဗျာ
နှစ်ဆယ့်တစ်ရာစုထဲက ငါ
ကြေကွဲစွာ ရွတ်ဆိုမိပေါ့ ။

ငါလည်း
ငါ့ကိုငါ
မြစ်နဲ့တင်စားခဲ့ဖူးသပ
“ငါဟာ
ပင်လယ် ရှာမတွေ့တဲ့ မြစ်တစင်းလား” ပေါ့။

လူကို
မြစ်နဲ့ တင်စား
ခေတ်ကို
မြစ်နဲ့တင်စား
ထင်ရှားတဲ့ “ကွေ့မှာ ခူးဆွတ်ကြခြင်း” *
မြစ်ဟာ မကွေ့ရင်မလှဘူး
ဒါ့ကြောင့်
ကွေ့လိုက်တယ်ဆိုပါလား။
“ဂျော့မားရစ်” ရဲ့ တင်စားချက်
သေခြင်းတရားကို ပင်လယ်နဲ့နှိုင်း
ဘ၀ကို မြစ်နဲ့နှိုင်း
နှိုင်းလည်း နှိုင်းတတ်ပ
တို့ခေတ်က မြစ်များ
မြစ်ထဲက ခေတ်များ။

ငါတို့ဟာ
မြစ်တော့ မြစ်တွေပါပဲ
ငါတို့ခေတ်မှာ
ခက်ရာ ခက်ဆစ် ထုဆစ်ရတဲ့ မြစ်တွေပါပဲ။
ဒီမြစ်တွေ လှပဖို့
ကွေ့ချလိုက်တာ
“ဒီကွေ့” က
အလှကြီးလွန်းတဲ့ ကွေ့ဖြစ်ရ
မြစ်တွေ သိန်းချီသန်းချီပြီး ကွေ့ချလိုက်ရ
ဒီကွေ့က
ရာစုနှစ် ဆယ်စုမက အတွင်း
ခြေရာအထင်းဆုံး ကွေ့ကြီး တကွေ့။

ငါတို့
ဒီကွေ့မျိုး မခူးဆွတ်ချင်ဘူး
ဒီကွေ့မျိုးနဲ့ မလှပချင်ဘူး
ဒီကွေ့က သဘာဝလွန်ကဲ
ဒီကွေ့က ဓမ္မလွန်ကဲ
ဒီကွေ့က သရုပ်မှန်လွန်ကဲ
ဒီကွေ့က ပဉ္ဓလက်သရုပ်မှန်လွန်ကဲ...။

ဒီကွေ့ကို
“နာဂစ်” ကဖန်တီးတာတဲ့လား
ဒီကွေ့ကို ဒီကွေ့က ဖန်တီးတာလား
ဒီကွေ့ကို
လပ္ပတ္တာ၊ ကျုံမငေး၊ ကွမ်းခြံကုန်းက ဖန်းတီးတာလား
ဒီကွေ့ကို
ထူးအိမ်သင်က ဖန်းတီးတာလား
ဒီကွေ့ကို
နေပြည်တော်က ဖန်တီးတာလား
ဒီကွေ့ကို
လှူဘွယ်ဝတ္တု အကူပစ္စည်းတွေက ဖန်တီးတာလား
ဒီကွေ့ကို
ကူပါ ကယ်ပါ တစာစာက ဖန်တီးတာလား
ဒီကွေ့ကို
မြန်မာ့ဇလဗေဒဌာနက ဖန်တီးတာလား
ဒီကွေ့ကို
ရုပ်ရှင်မင်းသား ကျော်သူ၊ ဇာဂနာ၊ ငှက်ပျော်ကြော်တို့က ဖန်တီးတာလား။

ဘယ်လိုပဲဖြစ်ပစေ
တို့ဟာ မြစ်
မြစ်မို့ မြစ်နဲ့တူအောင်
ကွေ့ချလိုက်ပြီ။
ဒီကွေ့မှာ
“ဠင်းတကြီးတကောင်” လပ္ပတ္တာမြို့ထိပ်မှာ လာနားသွားတယ်
ဒီကွေ့မှာ
လူမလာခင်
သော့ခလောက်သံ တချွင်ချွင် အရင်ရောက်လာတယ်
ဒီကွေ့မှာ
တရားခံအချင်းချင်း ကြောချင်းကပ်သွားနိုင်တယ်
ဒီကွေ့မှာ
လူ(၁၀)ယောက်
တယောက်လည်မြို တယောက်နင်းဖို့ ချောင်းနေကြတယ်
ဒီကွေ့မှာ
အလှူရှင်တွေ ပုဆိုးခြုံ ချွတ်နင်းပြီးမှ လာခဲ့ရတယ်
ဒီကွေ့မှာ
မှိုနတို၊ ကနဖော့
ချော့ကလက်နဲ့တော့ မတန်ဘူး
ဒီကွေ့မှာ
ဆားငန်ရေ တခါဝင်ရုံနဲ့ လယ်တွေမပျက်နိုင်ဘူး
ဒီကွေ့မှာ
နံ့သာရေ ဖြန်းထားတဲ့ အပုတ်နံ့လှိုင်တယ်
ဒီကွေ့မှာ
လူတွေ ကားလမ်းဘေးရပ်နေတာ
အမျိုးသားဂုဏ်သိက္ခာထိခိုက်တယ်
ဒီကွေ့မှာ
(၂) ရက်ထဲနဲ့
လူတစ်သိန်းကျော်သေတယ်
ဒီကွေ့မှာ
စစ်တပ်ကြီး ဗိုက်၀၀စားဖို့ အခွင့်ထူးတွေရသွားနိုင်တယ်။

ဒီကွေ့မှာ
ဘုရားသခင်က ပန်းသီးကို ဖန်တီး
ဒီကွေ့မှာ
တကိုင်းထဲမှာ သီးတဲ့ပန်းသီးတွေ
ဒီကွေ့မှာ
ငါတို့
ဒီသစ်ကိုင်းပေါ်
နေရောင်ခြည်မရတဲ့ ဘက်မှာသီးတဲ့ ပန်းသီးတွေဖြစ်ခဲ့ပေါ့
ဒီကွေ့မှာ
ဘုရားသခင်က ပျားရည်ရသူကို ဖန်တီး
ဒီကွေ့မှာ
မာန်နတ်က ရေငတ်သူကို ဖန်တီး
ဒီကွေ့မှာ
“ ရှဟေ ရာဇဒီ” **အတွက် ပုံပြင်သစ်တပုဒ်ဖန်တီး။

ဒီကွေ့မှာ
ထွက်ပြေးသွားတဲ့ နေရောင်ခြည်ကိုရှာကြ
ဒီကွေ့မှာ
ပြည့်ပြီးမှ ဆုတ်သွားတဲ့ လရောင်ကိုမျှော်ကြ
ဒီကွေ့မှာ
ငြိမ်သက်သွားတဲ့ စစ်မျက်နှာရယ်လို့ မရှိဘူး
ဒီကွေ့မှာ
မက်စီနာကျွန်းကလေးပေါ်က လူတွေ
ငလျင်လှုပ်စဉ်
လာကယ်ဖူးတဲ့ သင်္ဘောတွေကမ်းမကပ်ခဲ့
ဒီကွေ့မှာ
တကိုယ်လုံး လောင်မြိုက်နေတဲ့ မြစ်ကြီး
ဒီကွေ့မှာ
တကိုယ်လုံး စင်းကောဖြစ်နေတဲ့ ခေတ်ကြီး
ဒီကွေ့မှာ
နောက်ထပ်ပစ်ကျွေးဖို့ရာ
ငါတို့မှာ
မျက်ရည်နဲ့သွေး မကျန်တော့။

ဒီကွေ့မှာ
တချို့က
လက်အုပ်ချီ ကန်တော့ခံပြီ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
ရွက်ဖျင်တဲကလေးကိုင်ကြည့်
ခေါင်းကလေးထိကြည့်ပြီး ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
(၁၆)ရက်ခွာပြီးမှ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
(၉၂) ရာခိုင်နှုန်းကျော်နဲ့ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
ပြောသမျှစကား
လောက်တဖွားဖွားနဲ့ ကြေကွဲပြသတဲ့။

ဒီကွေ့မှာ
ငါတို့
နောက်တခါ သစ္စာဖောက်တာခံခဲ့ရပြီ။
ဒီကွေ့မှာ
ငါတို့
မျိုးဆက်ပွားဖို့အတွက်
ကြဲပက်စရာ မျိုးစေ့မရှိတော့ဘူး။

ဒီကွေ့မှာ
ငါတို့
ဘက်မညီတဲ့ စစ်ကို တိုက်ခဲ့ကြရပြီ။

လာကြ
စစ်ဆိုတာက
စစ်အချင်းချင်းပဲ ငြိတယ်
လာကြ
မြစ်ဆိုတာက
မြစ်အချင်းချင်းပဲ ကြည့်တယ်
လာကြ
ခေတ်ဆိုတာက
ခေတ်အချင်းချင်းပဲ ထိတယ်။

အိုမြစ်ကြီး
အိုခေတ်ကြီး
သင့်ကို ငါတို့ ထမ်းခဲ့ပြီ။

အိုမြစ်ကြီး
အို ခေတ်ကြီး
သင့်ကို ငါတို့ ဆွတ်ခူးလိုက်ကြပြီ
ငါတို့
ဆွတ်ခူးသမျှ
ငါတို့
ဆွတ်ခူးနေသမျှ
ငါတို့မရစရာ ဘာအကြောင်းမျှမရှိ။

ငါတို့
ဟောဒီခေတ်ရဲ့ သစ်မြစ်တွေ
နက်နက်ဆင်းလေ ရေတွေ့လေ။

ငါတို့
မြစ်နဲ့တူသော မြစ်တွေ
ခေတ်နဲ့တူသော ခေတ်တွေ
တူးဆွရပေလိမ့်။

ငါတို့
ရင်းခဲ့ပြီ
ငါတို့
စိုက်ခဲ့ပြီ
ငါတို့
ကွေ့ချလိုက်ပြီးပြီ

အို မြစ်ကြီး
အို ခေတ်ကြီး
သင့်ရေစီးသံ တဒီးဒီး
မောင်းသံ တဟီးဟီး။ ။
၁၊ ၆၊ ၀၈

ငိမ်းဝေ
* “ကွေ့မှာခူးဆွတ်ကြခြင်း” ကိုခါး (ကွမ်းခြံကုန်း) ရဲ့ ကဗျာခေါင်းစီးဖြစ်ပါတယ်။
** “ ရှဟေရာဇဒီ” တထောင့်တညပုံပြင်များကို ပြောသူမိဖုရား

No comments:

Post a Comment