May 18, 2010

မာနယ်ပလော


ငါကိုယ်တိုင်ရွေးချယ်ပြီး
ငါကိုယ်တိုင် တည်ဆောက်တဲ့ ဘူတာ
အဲဒီကနေပြီး
ငါတက်စီးခဲ့တဲ့ရထား
အဲဒါ “မာနယ်ပလော”။
(၁၉၉၂၊ဇွန်…)


ထိုင်ခုံတနေရာ မရလိုက်ဘူး
အသံထက်မြန်
ကျည်ဆံထက်မြန်
မြန်သထက်မြန်
အဲဒီ ရထား ဘီးပါသလား
ရထားဆိုတာ ဘီးပါရသလား
ဘီးပါမှ ရထားဖြစ်သလား
ရထားဖြစ်သလား ရထားဖြစ်သလား”**
မော့ကြည့်တယ်
ဘီးက ဆယ်ဘီး
ဆယ်ဘီး ရထားပေါ့
တချို့ က ဆယ့်ငါးဘီး လို့ ပြောတယ်
ဒါဆို ဆယ့်ငါးဘီးရထားပေါ့
ဒါကအရေးမကြီးပါဘူး
ရထားဖြစ်သလားပဲ အရေးကြီးတာပါ
ဘီးပါဖို့ ပဲ အရေးကြီးတာပါ
ဘီးပါတဲ့ ရထားပေါ်မှာ
ဘီးမပါပဲ ငါလမ်းလျှာက်ကြည့်တာ
ငါ့ကို ဘယ်သူ ဘီးတပ်ပြီး တွန်းလွှတ်လိုက်သလဲ
တွန်းလွှတ်တဲ့အခါ ဘီးတပ်ထားသလား
ငါက ရထားထက်မြန်သလား
ရထားကို ငါစီးလာသလား
ရထားက ငါ့ကို စီးသွားနေသလား
ဘယ်လိုပဲဖြစ်ဖြစ်
ရထားရွေ့ နေခဲ့ဖို့ ပါပဲ
ရထားဖြစ်သလား
ရွေ့ တဲ့အခါ ရှေ့ ကို
ဘေးကို
နောက်ကိုတော့ ပြန်မရွေ့ ဖို့ ပဲ
ဘီးတွေက မြည်လှ မြန်လှချည့်လား
လေတွေက တဝူးဝူး
ဝုန်း ဒိုင်း ရွှီ ဝေါင်း
ရထားဖြစ်သလား
ခက်တာက ခလေးတွေချည်းပဲ
နှပ်မသုတ်တတ်ဘူး
နောက်ဖေး ကြုံသလိုသွား
မျက်နှာ သူများသစ်ပေးမှ
ထမင်း ခွန့် ကျွေးမှ
လက်ဆေးပေးမှ လက်သုပ်ပေးမှ
ခက်တာက ခလေးတွေချည်းပဲ
ကုလားထိုင် စိုက်ပျိုးခင်း”* တဲ့လား
မျိုးစေ့တွေ အောင်လှချည့်လား
ပန်းတွေ ပွင့်လွန်းသလား
သီချင်းတွေ ဆိုလွန်းသလား
အကတွေ များလွန်းသလား
ဒါပေမယ့်
ငါ့မှာ
တံဇဉ်မရှိဘူး
အနံ့ ကောင်းကောင်းမရဘူး
ကီး ကောင်းကောင်းမကိုက်ဘူး
ချိုမိုင်မိုင်ပါကွာ
ဒါပေမယ့်
ငါ
မျိုးစေ့ကြဲ
ပန်းစိုက်
သီချင်းဆို
က
သူများလိုပါပဲ
တေ တျာ ထန် ရှင် ပါပဲ
ဘောင်းဘီပွပွကြီးကို ကြိုက်တယ်ဟေ့”*
ဒီလိုနဲ့ 
ငါတို့ တတွေ ရထားဖြစ်ခဲ့ကြသပေါ့
ဒီလိုနဲ့ 
ငါတို့ တတွေ
ရထားစီးခဲ့ကြသပေါ့
အဲဒါ မာနယ်ပလော။

ဘီးတပ်ရထားကို ဘယ်သူတွေတွန်းခဲ့ကြသလဲ
ဘယ်ကိုလဲ
ဘယ်လောက်အထိလဲ
ခင်ဗျားက ဂတ်ဗိုလ်လား
စက်ခေါင်းဗိုလ်လား
ပလက်ဖေါင်းပေါ်က အလံပြလား
ခြေနင်းခုံပေါ်မှာ ငါလား
သူလား ငါလား
ညီအစ်ကိုမသိတသိလား
ရောင်နီလာပြီလား
မှောင်ပြီလား လင်းပြီလား
အဖြူထဲက အဖြူလား
အမည်းထဲက အမည်းလား
ဒါက
အပြော
ဒါက
အပြ
ဒါကတော့
အလှုပ်
ထိုင်ခုံတနေရာ ငါလိုက်ရှာ
ထိုင်ခုံတနေရာ ငါတွေ့ 
ထိုင်ခုံတနေရာဆီ ငါသွား
ဒယီးဒယိုင်
ရထားက လှုပ်လွန်းခါလွန်း
လူတွေက တွန်းလွန်းတိုးလွန်း ယိမ်းလွန်းယိုင်လွန်း
ငါက ပွန်းလွန်းပဲ့လွန်း
ဒါနဲ့ ပဲ
ရတဲ့တနေရာ ငါထိုင်
မဟုတ်ဘူး
ထိုင်တဲ့တနေရာ ငါရ
ငါ
ကဗျာရေး ကဗျာတွေး ကဗျာဆေး
ဒါပေမယ့်
ငါ
ရထားစီးခဲ့
ငါ
ကဗျာရေးခဲ့
ကဗျာဖြစ်သွားတဲ့ ညနေဆည်းဆာများ
ကဗျာဖြစ်တော့မယ့် နံနက်ဆည်းဆာများ
သည်လိုနဲ့ 
ငါ
အိပ်ငိုက်လိုက် ပြုံးလိုက်
လက်သီးဆုပ်လိုက် ဖြန့် လိုက်
ကုန်းလိုက် ကွလိုက်
ယားလို့ ကုတ်လိုက်
ကုတ်လို့ ယားလိုက်
ရှေ့ ကိုသွားဖို့ ရာ
သွားတဲ့ရထားကိုစီးရမှာလား
ရထားစီးရင်း သွားရမှာလား
ဒီလိုနဲ့ 
ငါ့ ကဗျာ ဆယ့်တစ်ပုဒ်
ဒီကနေ့ ရေး
နေ့ မကူးခင်ဟောင်းသွား
နေ့ မကူးခင် ကျိုးပဲ့သွား
“မာနယ်ပလောရေ
နင်ဟာ
ငါ့ရဲ့ နှလုံးသား ဒီမိုကရေစီမှာ
ဘယ်တော့မှ
အပျိုရည်မပျက်စေရဘူး” ဆိုလား
မာနယ်ပလောတွေ
အများကြီးလို့ ဆိုလိုက်သလား
တော်လှန်ရေးရဲ့ နှလုံးသားတည်ရှိရာ
ဆိုလိုက်သလား
ခင်ဗျား
အသံတိုးလှချည့်လား
ခင်ဗျား
အသံတွေ ကျယ်လှချည့်လား
ခင်ဗျား
အသံတွေ ကြောင်လှချည့်လား
ခင်ဗျား
အသံတွေ အောင်လှချည့်လား
အဲဒါ
မာနယ်ပလော။

ဘီးပါတယ်လို့ ယူဆရဖွယ်ရှိတဲ့ ရထားတစ်စင်း
အဲဒီရထားမှာ ဘီးပါသလား
ဒီကြားထဲ
ရထားမှာ ဘီးမပါလဲဖြစ်တယ်လို့ ဆိုက်သလား
တချို့ က
ရထားဘီးတွေ လဲရမယ်တဲ့
တချို့ က
ဘီးတစ်ဘီး နှစ်ဘီး သုံးဘီးလောက် ဖြုတ်ချထားခဲ့မှ ရမယ်တဲ့
ဘီးတွေဖြုတ်ချထားခဲ့တာလား
ပြုတ်ကျကျန်ခဲ့တာက ဘီးတွေလား
တချို့ က ဘီးလုံးဝမပါပဲ သွားကြည့်ရင်ကောင်းမယ်ဆိုလား
ရထားကြီးကို အလုံပိတ် စိတ်ကူးထဲမှာ ရွေ့ နေသွားနေ အဲသလိုလား
တချို့ က
ဘီးအဝိုင်းအစား
ဘီးသုံးထောင့် ဘီးလေးထောင့်
သည်လို ပြောင်းတပ်ကြဆိုလား
ဆီထည့်ဖို့ မလို
ဝက်အူမပြုန်းတဲ့ဘီးဆိုလား
ရှေ့ ကိုပဲလိမ့်ပြီး နောက်ပြန်ဆုပ်မရတဲ့ ဘီးအ,တွေဆိုလား
သံလမ်းမလိုတဲ့ ဘီးတွေဆိုလား
ဒါလည်း ဘာလိုသလဲ
ဘီးဖြစ်ဖို့ က အဓိကပဲမို့ လား
ကြားဘူတာ မလိုတဲ့ရထားဆိုလား
ဘယ်ဘူတာမှ ရပ်ဖို့ မလိုတဲ့ရထားလား
ဒါလည်း ဘာလိုသလဲ
ရထားဖြစ်ဖို့ ပဲမဟုတ်လား
အဲဒါ
မာနယ်ပလော။

ခြေသံတွေ
ခင်ဗျားကြားလိုက်ရဲ့လား
လူ ဆယ့်တစ်ယောက်ရဲ့ ခြေသံတွေ
ကြောင်ရှာပင်တွေဆီ ကပ်သွား
ခြေသံတွေ
ဘတ် ၃၅၀ ကိုပိုက်ပြီး မယ်ညောခီးတောင် ကျော်သွား ခြေသံတွေ
အာဇာနည်ကုန်းပေါ်က သေနတ်ဖေါက်သံတွေ
ဒီအေဘီကုန်းပေါ်က ဒီဗွီဘီသတင်းထောက်တယောက်ရဲ့ အသံဖမ်းစက်တောင်းခံသံတွေ
မနက် ၉ နာရီကျော်ကျော်
မြစ်ဆုံပေါ်က လက်နက်ကြီးကျသံတွေ
စစ်သင်တန်းအထူးဆုရ မိန်းခလေး
စစ်ဖိနပ်သံတွေ
ဝန်ကြီးများရုံးနောက်ကြောကုန်းပေါ်က
ခန္ဒာကိုယ်ချည်းပဲ လှိမ့်ချလိုက်တဲ့အသံတွေ
ပါကင်ဘေထုပ်ကြီးတထုပ် ဝိုင်းထိုင်ကြည့်နေကြ ရင်ခုန်သံတွေ
တနေ့ တော့ မောင်ပြန်လာမည်ကို ထိုင်ဆဲလိုက်ကြတဲ့အသံတွေ
အဲဒါ
မာနယ်ပလော။

ငါ
ရထားတစင်းပေါ်မှာ
မှန်ထောင်ကြည့်
ယက်တူရှန်ကိုလား
အိုစစ် မင်ဒယ်လ်စတန်းလား
ဆစ်လ်ဗီယာ ပလပ်လား
ဒါက
ငါလား
ဒါက
သူများလား
သူများတွေလို
ငါ့လို
သူတို့ မှာ
ဒါပေမယ့် လက်က သုံးလေးချောင်း
သွားနဲ့ 
ဒါပေမယ့် သုံးဆယ့်ငါးချောင်း
မျက်လုံးနဲ့
ဒါပေမယ့် နဖူးးပေါ်မှာ
သူတို့ နဲ့ ငါ
ထူးရာစိုးမှာ ထိုင်
ဒေါ်အောင်ဆန်းစုကြည်လမ်းထဲ
လေနုအေးက ပူတယ်
ခြေတပေါင်ကျိုး လမ်းလျှောက်
ကုလားမခြေထောက်နဲ့ သွား
အုန်းပင်စိုက်
အမျိုးမျိုး ထွင်ကြည့် ထွင်းကြည့် ထွက်ကြည့် ထွာကြည့် ထုံးကြည့်
ကျီးကြည့် ကြောင်ကြည့် စာကလေးကြည့် ဆက်ရက်ကြည့်
အမြီးလှုပ်ကြည့် အမြီးကုတ်ကြည့်
လက်ချိုးကြည့် ဇက်ချိုးကြည့်
အဟမ်း
ငါ ကဗျာတပုဒ်ရွတ်မယ်
အဲဒါ မာနယ်ပလော။

ငါ
တကယ်ပဲ ဘူတာတခု တည်ဆောက်ခဲ့သလား
ရပ်မပေးတဲ့ ရထားတစင်းပေါ်ခုန်တက်ခဲ့တာ တကယ်လား
ရထားပေါ်ကြမှ
ငါ့ကိုယ်ငါ တည်ဆောက်လိုက်သလား
ဒါမှမဟုတ်
ရထားပေါ်ရောက်ကာမှ
ငါ တည်ဆောက်ခံလိုက်တာလား
သူများချစ်လို့ 
လိုက်ချစ်တာမျိုး
သူများစီးလို့ 
လိုက်စီးတာမျိုး
လိုက်စီးရင်းတော့ ချစ်လိုက်မိသလား
ချစ်လို့ လိုက်စီးလိုက်တာလား
ခေတ်တခေတ်နဲ့ ရထားတစင်းက အတူတူပဲလား
ဝန်ကြီးများရုံး ရဟန်းပျိုများသမဂ္ဂကုန်းတော် နိုင်ဝင်းဆွေရဲ့နန်းတော်တဲအိမ် မယ်တုက္ခီစမ်းချောင်း
သောင်ရင်းမြစ်သောင်စပ် လရောင်အောက်က ကဗျာရွတ်ပွဲ
ပလိုင်းထဲက မျှစ်တွေ ငါလွှင့်ပစ်ခဲ့ မိုးစက်တွေအောက်
ထမင်းစားရုံဖက်က ဝါးခေါက်သံ
ဒါပေမယ့်
“အိုအောင်”ရေ
ခင်ဗျားလိုပဲ ခလောက်သံပြန်မကြား
မဟုတ်ဘူး မကြားတကြား တကိုယ်ကြား
တံခါးခေါက်သံ ဝါးပေါက်သံ ကျားဟောက်သံ
ဒါပေမယ့်
ခေတ်တခုကို အခုလို
နားဖေါက်
တချို့ လည်း ဒူးထောက်
လို့ 
ရစကောင်းလား
ကောင်းတာ ရမှာလား
တောင်းတာ ရမှာလား
ရတာ တောင်းတာလား
ခင်ဗျား
ကျနော်နဲ့ လိုက်ဆို
သံပြိုင် မဆိုနဲ့ 
လိုက်ဆို
ရှေ့ ကမဆိုနဲ့ 
ဘေးက မဆိုနဲ့
လိုက်ဆို
ကဲ
လိုက်ဆို
အဲဒါ မာနယ်ပလော။

မာနယ်ပလောမှာ
ငါမပါရင် ကဗျာမဖြစ်ဘူး
မဟုတ်ဘူး
ကဗျာမပါရင် ငါမဖြစ်ဘူး
ငါမပါရင် အသံမထွက်
ငါမပါရင် မငံ
ငါမပါရင် ဟင်းခွက်တစ်ရာမပြည့်
ငါမပါရင်
ဒါကြောင့်မို့ 
ငါက
ဘောင်းဘီပွပွကြီးကို ကြိုက်ခဲ့တာပေါ့
ပက်စတာညက်ရဲ့ ဆောင်းညကို ခြုံအိပ်ခဲ့တာပေါ့
မာယာကော်စကီးရဲ့ နဖူးဆီလာနေတဲ့ ကျည်ဆံကို လက်နဲ့ ဝင်တားဖို့ ကြိုးစားခဲ့တာပေါ့
မောင်သင်းခိုင်ရဲ့ခေါင်းကို မရိုက်ဖို့ ပြောခဲ့တဲ့ ဇော်(ပျဉ်းမနား)ကို ငါ ထောက်ခံခဲ့တာပေါ့
သခင်ကိုယ်တော်မှိုင်းရဲ့ ဗဟုဝါဒကို ငါ ဖြင်ကြည့်ခဲ့တာပေါ့..
ငါ
ကဗျာရေးတယ်
ငါ
ကဗျာရေးတယ်
ငါ
ကဗျာ ရေးတယ်
အဲဒါ
မာနယ်ပလော။

ဒီတုန်းက
ငါ
အမှတ်အနည်းဆုံး စစ်သင်တန်းသား
ငါ့ သေနတ်ပြောင်းပေါ်က ပိုက်ဆံက အကြိမ်ကြိမ်ခုန်ချ
ရှေ့ တန်းကို ကျည်ဆံမယူပဲ နှလုံးသားအခွံကြီးနဲ့ ဆင်းသွား
ယွန်းစလင်းချောင်းဘေးမှာ ဗသျှိုးရဲ့ ဖါးတကောင် ရေထဲခုန်ချတာကို နားထောင်
ပလုံ..။
လေးကေတောင် ကားမဲတောင် မိဆိုင်းတောင်
ကျုံစိန် တလိုင်းကရင် ကျောက်ဖြာ
ဟပ်သလိုက်ကျေးနယ်
မယ်ပေါထ ပေါ့ပါးထ ဒေါင်းဂွင် သံလွင် ပဟေလူ ဖွေးပေါလူ
စောဘဦးကြီး ကျောက်တိုင်
ကရင်လူငယ်အစည်းအရုံးရှေ့ စုပေါင်းဓါတ်ပုံရိုက်ခြင်း
ဗိုလ်ချုပ်ကြီးစောဘိုမြမွေးနေ့ ပွဲခင်းထဲက ခင်ဝင်းသစ်ရဲ့ လမ်းလျှောက်နေတဲ့လက်ဆစ်များ
ပဒိုမန်းရှာအိမ်ကုန်းပေါ်က လရောင်
ဘောနော်လေးတောင်ကြားထဲက ဂန္ထဝင်မြောက် မြူခိုးများ
ကချင်ကုန်း ပလောင်ကုန်း မွန်ကုန်း
ပြီးတော့
ဒေါင်းအိုးဝေ
သနူးထူး
ခေဒဗလျူအိုမဂ္ဂဇင်း
ဂျီအန် သာတီတူး
စာပေကလပ်
အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ
ဒေါ်အောင်ဆန်းစုကြည်လမ်းကလေး
နိုင်ဝင်းဆွေရဲ့ ငြုပ်ခင်း ခရမ်းခင်းနဲ့ သောင်ရင်းမြစ်ပေါ်က လေညှင်းကလေး
မယ်တုက္ခီစမ်းချောင်းထဲက နေရောင်ခတဲ့ ကျောက်တုံးများ
အဲဒါ
မာနယ်ပလော။

ငါ
နှစ်မြုတ်ဖေါက်ခွဲနိုင်ခဲ့ရဲ့လား
ပေါက်ကွဲသံနဲ့ ဖေါက်ခွဲသံကို ခွဲခြားနိုင်ခဲ့ရဲ့လား
ဒါဟာ
နာရီသံချောင်းခေါက်သံ
ဒါဟာ
မီးသံချောင်းခေါက်သံ
တုံးခေါက်သံနဲ့ ဗုံးဖေါက်သံ
အသံစုံ
အသံကြောင်
အသံအောင်
အသံစူး
အသံဖြင်း
အသံပြင်း
အသံဟူသမျှ သယ်ဆောင် ရထားတစ်စင်း
တံတားတစင်းပေါ်မှာ
မြစ်တစင်းကို ဖြတ်ကျော်လာခဲ့ပေါ့
ငါ
တံတားတစင်းကို နှစ်ခါကျော်လို့ ရနိုင်မတဲ့လား
ရထားတစင်းကို နှစ်ကြိမ်စီးလို့ ရနိုင်မတဲ့လား
ဒါပေမယ်
တခါထဲနဲ့ တဘဝလုံးသယ်ဆောင်သွားရမယ့် ရိက္ခာများ
အဲဒါ
မာနယ်ပလော။

ငါ
ရထားတစ်စင်းပေါ်မှာ
ငါ
ကဗျာတပုဒ်ပေါ်မှာ
ငါ
ငါ့ကိုယ်ပေါ်မှာ
ချူကြည့်ခဲ့ ယူကြည့်ခဲ့
ရထားပေါ်က ဘဝတစ်ခုကို ငါချူကြည့်ခဲ့သလား
ချူနိုင်ခဲ့ရဲ့လား
အချူခံခဲ့ရသေးလား
ငါ ကိုယ်တိုင်က
အချူခံခဲ့ အယူခံခဲ့သလား
အဲဒါ
လက်ခမေါင်းသံ
အဲဒါ
အနံ့ တမျိုး
အဲဒါ
လွတ်မြောက်နယ်မြေ
အဲဒါ
တော်လှန်ရေး စခန်း
အဲဒါ
ကဗျာတစ်ပုဒ် ဖြစ်ခဲ့ပေါ့။ ။

ငြိမ်းဝေ
၁၈၊၅၊၂၀၁၀
* ဘောင်းဘီပွပွကြီးကို ကြိုက်တယ်ဟေ့။ ကုလားထိုင်စိုက်ပျိုးခင်း။ ။ကဗျာဆရာ တိုက်မောင်း ရဲ့ ကဗျာတပုဒ်ထဲက စာသားများဖြစ်ပါတယ်။
မာနယ်ပလော။ ။ တချိန်က ရှိခဲ့ဖူးတဲ့ တော်လှန်ရေးအမာခံစခန်းကြီးရဲ့နာမည်ဖြစ်ပါတယ်။
**ရထားဖြစ်သလား။ ။ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးစကားလုံးဖြစ်ပါတယ်။

3 comments:

  1. ကောင်းလိုက်တာ... ကိုငြိမ်းရေ့...
    တော်တော်ကြာကြာအောင် စောင့်ပြီးမှ တော်တော်ကြာအောင် ဖတ်ရတဲ့ ကဗျာဆိုတော့ကာ တော်တော်ကို ကောင်းသဗျ...

    ReplyDelete
  2. ဆရာ့ဆီမှာ ခြေရာလက်ရာတွေလည်း မချန်မိတာ ကြာပေါ့။
    မာနယ်ပလောကို မောအောင် ဖတ်သွားပါတယ် ဆရာ။
    ဒီလိုကဗျာတွေ များများဖတ်ချင်ပါတယ်။

    ReplyDelete
  3. မာနယ်ပလောကိုကြိုက်တယ် ။မာနယ်ပလောဆိုတဲ့တိုက်ပွဲကြီးအကြောင်းကို
    တောင်စာဖတ်ချင်သေးတယ်။စာအုပ်ရှီလားမသိဘူးခင်ဗျရှိရင်တင်ပြပေးပါအုံး
    ကျေးဇူးနော်

    ReplyDelete