March 03, 2010
ချစ်သူတို့ ရဲ့ပွဲ
အပိုင်း(၃)
၂၄၊၂၊၂၀၁၀ မြန်မာမီဒီယာကွန်ဖရင့် ပထမနေ့ 
မနက် ၅ နာရီမှာ ကျနော်အိပ်ယာက ထပါတယ်။တဖက်ကုတင်ပေါ်ကိုကြည့်တော့ ဆရာနေမျိုးအေး ကမနိုးသေးပါဘူး။ ထုံးစံအတိုင်း အိပ်ယာထဲခဏလှဲနေရင်းက အိပ်တန်းဆင်းငှက်သံလေးတွေများ ကြားရဦးမလားဆိုပြီး နားထောင်ကြည့်ပါသေးတယ်။ ကျနော့်နားထဲ ခတ်ဝေးဝေးက ငှက်သံတချို့ သဲ့သဲ့တော့ကြားရသလိုရှိပေမယ့် သိတ်တော့မသေချာပါဘူး။ ဒါကတော့ မြို့ လည်ခေါင်လည်းဖြစ်ပြန် ချင်းမိုင်က တကယ့်မြို့ ပြလည်းဆန်လာပြီဆိုတော့ မဲဆောက်မှာလို အိပ်တန်းဆင်းငှက်သံကို ဆူဆူညံညံကြားရဖို့ မလွယ်တော့ဘူးထင်ပါရဲ့လို့ တွေးမိပါတယ်။ ကျနော့်အဖို့ တော့ ဟိုး တောထဲမှာနေစဉ်ကတည်းက ငှက်သံကိုမနက်မိုးလင်းတိုင်း ဂရုတစိုက်နားစွင့်ထားမိတဲ့အကျင့်က ရှိနေလေတော့ ငှက်သံမကြားရတဲ့နေရာဆိုရင် အိပ်ယာထအင်္ဂါရပ် မပြည့်စုံဘူးလို့ တောင်မှ ခံစားမိပါတယ်။ ဒီနေရာမှာ ဟိုး ပုဂံခေတ် ကျောက်စာတခုမှာ “ မနက်ခင်း အိပ်ယာထ ညအိပ်ယာဝင် ဂီတကိုကြားရလိုပါ၏ ” လို့ ကျောက်စာရေးထိုး ဆုတောင်းသွားခဲ့တဲ့ ပုဂံခေတ်လူသားတဦးရဲ့ နှလုံးသားဓါတ်ခံကို ကျနော် မနာလိုဖြစ်မိပါသေးတယ်။
ရေချိုးခန်းမဝင်ခင် ဧည့်ခန်းဖက်ထွက်ပြီး နာရီဝက်လောက် ခတ်ပြင်းပြင်းလမ်းလျောက်ပါတယ်။ ကျနော်က နှစ်ပေါင်းများစွာ နံက်ခင်း တခါတလေ မနက်ကောညနေကော ကျန်းမာရေးလေ့ ကျင့်ခန်းလုပ်တာ ပြေးတာ လုပ်ခဲ့တာမို့ လေ့ကျင့်ခန်းကို အခြေအနေပေးသလောက်တော့ လုပ်ရပါတယ်။ ဒါတောင်မှ အလာတုန်းက အားကစားလေ့ကျင့်တဲ့ဖိနပ်နဲ့ ဘောင်းဘီတွေဘာတွေ ယူသွားရရင်ကောင်မလားလို့ စဉ်းစားမိပါသေးတယ်။ သူများအမြင်မကောင်းဘူးထင်ပါတယ်လေဆိုတဲ့ အတွေးနဲ့ မယူပဲထားခဲ့ရတာပါ။
လမ်းလျောက်နေတုန်း ဟိုဖက်ခန်းက တယ်လီဖုံးမြည်သံကြားရပါတယ်။ ကိုသီဟမောင်မောင် ရဲ့ အိပ်ချင်မူးတူးအသံနဲ့ ပြောနေတဲ့အသံကိုလည်ကြားရပါတယ်။ သူ့ ချစ်သူလေးက သူ့ ကို စေတနာနဲ့ အိပ်ယာက လှမ်းနှိုးတာ နေမှာပေါ့လို့ လည်း တွေးမိပါတယ်။ ခဏနေတော့ ဆရာနေမျိုးအေး နိုးလာပြီး ကျနော်တို့ နှစ်ယောက် ရေချိုးအဝတ်အစားလည်းကြပါတယ်။ တယောက်နဲ့ တယောက်လည်း နံနက်စာ ကူပွန်စာရွက်ကလေးတွေယူသွားဖို့ သတိပေးကြပြီး အောင်ဆုံးထပ်ကို ဓါတ်လှေကားနဲ့ ဆင်းလိုက်ကြပါတယ်။ အောက်ထပ်ကိုရောက်မှ နံနက်စာစားဖို့ ပြင်ဆင်ထားတဲ့နေရာက ညတုန်းက ညစာစားခဲ့တဲ့နေရာမဟုတ်ပဲ ဓါတ်လှေကားထဲကအထွက် ညာဖက်ကိုချိုးမှရောက်တဲ့ မှန်တွေကာထားတဲ့အခန်းဖြစ်တယ်ဆိုတာ တွေ့ ရပါတယ်။ အခန်းထဲမှာ ကျနော်တို့ လူတွေ သိပ်ပြီးမတွေ့ ရသေးပါဘူး။ ကျနော်က ကင်မရာလေးစားပွဲပေါ်ချပြီး အခန်းအပြင်ဖက်က ကိုယ်တိုင်ယူစားရတဲ့ကောင်တာမှာ ထမင်းကျော်တပုဂံယူလိုက်ပါတယ်။ ဆရာနေမျိုးအေးကတော့ ကောဖီနဲ့ မုန့် ကိုပဲယူပါတယ်။ ကိုယ့်စားပွဲမှာပြန်ထိုင်တယ်ဆိုရင်ပဲ မဲဆောက်ကရဲဘော်တွေ စကားတပြောပြောနဲ့ ဝင်လာတာတွေ့ ရပါတော့တယ်။
အခန်းထဲကို ရဟန်းတော်တပါးဝင်လာတာတွေ့ လို့ ကြည့်တော့ ရဟန်းပျိုများသမဂ္ဂဥက္ကဌ အရှင်ခေမာစာရဖြစ်နေတာတွေ့ ရပါတယ်။ ဆရာတော်နဲ့ ကျနော် မတွေ့ ရတာကြာပါပြီ။ ကျနော့်အထင် ရ နှစ်လောက်ရှိပါပြီ။ ဆရာတော်နဲ့ နောက်ဆုံးတွေ့ တဲ့အချိန်တုန်းက ဆရာတော်နဲ့ ကျနော် ကဗျာစာအုပ်အတူတွဲပြီးထုတ်ဖို့ စကားပြောခဲ့ကြပါသေးတယ်။ နောက်တော့ ကျနော့်ဖက်က အဆင်သင့်မဖြစ်တာနဲ့ အဲဒီကိစ္စမစနိုင်ခဲ့ပါဘူး။ အဲဒီအချိန်ကတည်းက ဆရာတော်နဲ့ ကျနော်မတွေ့ ဖြစ်တော့တာ အခုပြန်ဆုံကြတာပါပဲ။ ဆရာတော်က ကျနော့်လက်ကိုဆုပ်ကိုင်နှုတ်ဆက်ပြီး တခြားစားပွဲမှာသွားထိုင်ပါတယ်။
နံနက်စာစားပြီးတော့ ကျနော်တို့ နှစ်ယောက် ကိုယ့်အခန်းကို ပြန်ခဲ့ကြပါတယ်။ ညီလာခံစဖို့ နာရီဝက်လောက်လိုနေသေးလို့ အခန်းကို ပြန်တက်ခဲ့ကြတာပါ။ အခန်းထဲရောက်တော့ ဆရာနေမျိုးအေးက ရေချိုးပါတယ်။ ကျနော်က ကျနော်နဲ့ ရှေ့ ဆင့်နောက်ဆင့်ရေချိုးပြီးတယ်လို့ ထင်ခဲ့တာ သူက အခုမှရေချိုးရတာပဲ။ ညီလာခံအစီစဉ်ကိုကြည့်တော့ မနက်ပိုင်းမှာ ဆရာလူထုစိန်ဝင်းနဲ့ ဆရာဦးဝင်းဖေ တို့ ရဲ့ အမှာစကားတိတ်ခွေဖွင့်ပြမယ်ဆိုတာတွေ့ ရပါတယ်။ လူထုစိန်ဝင်းနဲ့ တော့ ကျနော်မတွေ့ ဖူးပါဘူး။ ဆရာ ဦးဝင်းဖေနဲ့ ကတော့  ၁၉၉၉ ခုနှစ်ထဲ ဆရာ မဲဆောက်ကိုလာတော့ ကျနော့်ဆီကို တကူးတကလာတွေ့ ပြီး ကျနော့်ရဲ့ ဒီမိုကရက်တစ်မြန်မာ့အသံမှာလွှင့်နေတဲ့ “ တော်လှန်ရေးကဗျာမိတ်ဆက်” အစီစဉ်တချို့ ကို သူနှစ်သက်တဲ့အကြောင်း၊ RFA မှာ ကျနော် ဝင်လုပ်မယ်ဆိုရင် သူကြိုဆိုတဲ့အကြောင်း၊ ဒါပေမယ့် လောလောဆယ် RFA မှာက ဒေါက်တာဒေါ်ကြည်မေကောင်းက ကဗျာကဏ္ဍတာဝန်ယူထားလို့ ရုတ်တရက်မရနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။ ဒီတုန်းက ဆရာက ကျနော့်အစီစဉ်ကို ကောင်းတဲ့အကြောင်းအားပေးတဲ့စကားထဲမှာ “ တကယ့်ကို ဖလားပဲဗျာ ” ဆိုတဲ့စကားကိုတော့ ကောင်းကောင်းကြီးမှတ်မိနေပါသေးတယ်။ တကယ်တော့ အဲဒီ “ ဖလား ” ဆိုတဲ့စကားလုံးက အညာဒေသမှာသာ သုံးလေ့ရှိတဲ့စကားလုံးဖြစ်တော့ ကျနော်က ထူးထူးခြားခြားနားထဲစွဲနေလို့ ဖြစ်ပါတယ်။ ဆရာကလည်း အညာသားမို့ ဒီလိုသုံးစွဲပြောဆိုသွားတာပါပဲ။
ရှစ်နာရီထိုးတော့ ကျနော်နဲ့ ဆရာနေမျိုးအေးတို့ အောက်ကိုဆင်းကြရပြန်ပါတယ်။ ဆရာနေမျိုးအေးက မနှစ်က ဒီ ဘီအမ်စီ ညီလာခံလာတက်တုန်းက ဒီဟော်တယ်မှာပဲ တည်းခိုခဲ့တာဆိုတော့ ကျနော်က သူ့ နောက်ကပဲ လိုက်ရတာပေါ့။ ကျနော်တို့ နှစ်ယောက် အောက်ဆုံးထပ်ကိုရောက်တော့ ညီလာခံကျင်းပမယ့်ခန်းမကို ရှာလို့ မရဖြစ်နေပြန်ပါသေးတယ်။ လူတွေ နည်းနည်းပါးပါးတွေ့ ရလိုတွေ့ ရငြားအကဲခတ်ပြန်တော့လည်း လူ ၂ ယောက်လောက်ပဲတွေ့ ရပါတယ်။ ဒါလည်းပဲ ညီလာခံလာတက်တဲ့သူ ဟုတ်ချင်မှဟုတ်မှာပါ။ ဆရာ နေမျိုးအေးနဲ့ ကျနော်တိုင်ပင်ပြီး အပေါ်ဆုံး ရ ထပ်မှာ ကျင်းပမယ်ထင်တယ်ဆိုပြီး ဓါတ်လှေခါးဆီပြန်လာလိုက်ကြပါတယ်။ အပေါ်ဆုံးအထပ်ကိုတက်ကြပါတယ်။ အပေါ်ဆုံးအထပ်မှာလည်း လူတွေရှင်းနေပါတယ်။ မထူးဘူးဆိုပြီး အောက်ဆုံးထပ်ကိုပြန်ဆင်းခဲ့လိုက်တော့မှ ကျနော်တို့ ညစာစားတဲ့နေရာဘေးက ညီလာခံခန်းမပေါ်တက်တဲ့လှေကားဘေးမှာ လူတချို့ တွေ့ ရတော့တာပါပဲ။ သင်ခန်းစာတခုတော့ရသွားတာပေါ့လေ။ ဒီအတိုင်းဆိုရင် ဆရာနေမျိုးအေးကိုချည်းပဲ အားကိုးထားလို့ ဘယ်နည်းနဲ့ မှ မဖြစ်တော့ဘူးဆိုတဲ့ ဘဝပေးသခါင်္ိန်းစာပဲဆိုပါတော့။ ကျနော်က ခင်ဗျားကလည်း မနှစ်ကဒီမှာလာတည်းခဲ့ပြီးပြီလည်းပြောသေး အခုတော့..ဆိုပြီးသူ့ ကို မေါနေတဲ့ကြားက အပစ်တင်တော့ သူက ထုံးစံအတိုင်း ခတ်ပြုံးပြုံးပဲ ကျနော့်ကိုပြန်ကြည့်ပါတယ်။
ညီလာခံစတော့ မြန်မာသတင်းသမဂ္ဂဥက္ကဌ ကိုမောင်မောင်မြင့် က အဖွင့်အမှာစကားပြောပါတယ်။ သူ့ စကားထဲမှာထူးထူးခြားခြားတော့သိတ်မပါပေမယ့် ဒီနှစ်မှာ ဘီအမ်အေက ဘလော့ဂါဆုတွေပေးမယ့်အကြောင်းပြောတာကိုတော့ သတိထားလိုက်မိပါတယ်။ ထုံးစံအတိုင်းကျန်တာကတော့ အခန်အနားရဲ့လိုအပ်ချက်အားနည်းချက်များရှိခဲ့ရင် နားလည်ဖြည့်ဆီးပေးဖို့ ပြောသွားတာပါပဲ။
ညီလာခံမှာ ဘိုလိုပြောမယ့်ဧည့်သည်တွေလည်းရှိပါတယ်။ ခန်းမထဲမှာ လက်ကသယ်သွားလို့ ရတဲ့ နားကြပ်ပါတဲ့ ဘာသာပြန်စက်ကလေးတွေချပေးထားတာဆိုတော့ ဘာသာစကားအခက်အခဲသိတ်ပြီးတော့မရှိပါဘူး။ ဒါပေမယ့် ကျနော်က ကိုယ်သိတ်ပြီးစိတ်မဝင်စားတဲ့အစီစဉ်ဆိုရင် ဂရုတစိုက်နားမထောင်ခဲ့တာတော့အမှန်ပါပဲ။ တနေကုန်ထိုင်ပြီးနားထောင်ရပြီး ကိုယ်စိတ်မဝင်စားတဲ့ဘာသာရပ်ဖြစ်နေရင် အကုန်လုံး လုံးစေ့ပတ်စေ့ နားမထောင်နိုင်ခဲ့ပါဘူး။ ဒီလိုစိတ်အခံကြောင့်လည်း တခါတလေ သူများပြောပြမှ အော် ငါနားမထောင်လိုက်မိတာမှားတယ်ဆိုပြီး နောင်တရတာလည်းရှိပါတယ်။
မနက်ပိုင်းအစီစဉ်ထဲမှာ ရှစ်လေးလုံးအရေးတော်ပုံတုန်းက စစ်တပ်ကပစ်သတ်လို့ သေဆုံးသွားရတဲ့ ဂျပန်သတင်းထောက် “ ကန်ဂျိ နာဂါအိ ” နာမည်နဲ့ ပေးတဲ့ဆုပေးပွဲအခန်းအနားကိုတော့ ကျနော်စိတ်ဝင်စားပါတယ်။ ဂျပန် APF သတင်းဌါနတာဝန်ရှိသူတဦးရဲ့ ဆုနဲ့ ပတ်သက်တဲ့အမှာစကားကို နောက်ခံပိတ်ကားကြီးပေါ်ဆလိုက်ထိုးပြီးပြပါတယ်။ ဂျပန်အမျိုးသား မြန်မာနာမည် ဦးရွှေဘ က မြန်မာလို တိုက်ရိုက်ပြန်ပေးသွားတာတွေ့ ရပါတယ်။ ဦးရွှေဘနဲ့ ကျနော် လွန်ခဲ့တဲ့၂၀၀၆ ခု ဘီအမ်စီ ညီလာခံမှာ ဆုံဖြစ်ပါသေးတယ်။ ဒီတုန်းက သူနဲ့ ကျနော် အခြေအနေပေးလို့ ဂျပန်ဟိုက္ကုကဗျာအကြောင်းပြောဖြစ်ကြပါသေးတယ်။ မြန်မာလို တကယ့်ကို ဌါန်ကရိုဏ်းကျကျ ပြောနိုင်တဲ့ ဂျပန်လူမျိုးတဦးဖြစ်တဲ့အပြင် မြန်မာပြည်အရေး ဟိုးအစေါကြီးကတည်းက အစဉ်တစိုက်ဝင်လုပ်ပေးနေတဲ့ ရှေ့ နေဟောင်းတဦးလည်းဖြစ်ပါတယ်။
သူပြီးတော့ မြန်မာပြည်ထဲက အယ်ဒီတာတဦး စကားပြောပါတယ်။ သူက မြန်မာပြည်ထဲ စာပေလုပ်ငန်းတွေဆောင်ရွက်ရတာ တင်းကြပ်မှုတွေ အန္တရယ်တွေကြားက လုပ်နေကြရတဲ့အကြောင်းလေအေးအေးလေးနဲ့ ပဲပြောပါတယ်။ သူက လူထုဦးလှ ရာပြည့်အတွက် အချက်အလက်စုစေါင်းရင်း သူကြုံတွေ့ ရတဲ့အခက်အခဲကိုပြောရာမှာ စစ်အစိုးရထောက်လှမ်းရေးတွေနဲ့  ဒွေးယောယှက်တင်သွားလာလုပ်ကိုင်ခဲ့ရတဲ့အဖြစ်ကို ဥပမာပေးပြီးပြောသွားခဲ့ပါတယ်။
သူပြောပြနေတဲ့အခိုက် ကျနော်သူ့ ကို အကဲခတ်တဲ့အခါ ညီလာခံကို သူ့ အနေနဲ့ စွန့် စားပြီးမှလာခဲ့ရတယ်ဆိုတာကတော့ သူ့ ရဲ့ပြောပုံဆိုပုံနဲ့ တင် ထင်ရှားပါတယ်။ သူပြီးတော့ မြန်မာစပယ်ရှယ်လစ်သတင်းစာဆရာ “ လာရီ ရေဂင် ” ပြောပါတယ်။ သူကတော့ လာမယ့် စစ်အစိုးရလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲအကြိုကာလမှာ စစ်အစိုးရက ဒီမိုကရေနည်းကျတဲ့အပြုအမူတွေသိတ်ပြီးမတွေ့ ရပဲ သူ့ ကိုသူ ကာကွယ်တဲ့ဥပဒေတွေကို ဖွဲ့ စည်းပုံထဲထည့်ပြီး ရွေးကောက်ပွဲလုပ်ဖို့ တာစူနေတာ တွေ့ ရတယ်လို့ ပြောသွားပါတယ်။ နောက်တယောက်ကတော့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရှေ့ နေဦးသိန်းဦး ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်ဥပဒေရှုဒေါင့်နဲ့ သုံသပ်တဲ့ အမြင်ကိုပြောသွားပါတယ်။
နေ့ လည်စာစားတော့ လူတွေ တော်တော်များများတက်ရောက်ကြတာ သတိပြုမိပါတယ်။ ညီလာခံမစခင် တက်ရောက်သူများ စာရင်းပေးပြီး လိုအပ်တဲ့စာရွက်စာတန်း ရင်ထိုးတံဆိတ်ပေးတဲ့နေရာတဝိုက်မှာ လူတွေတော်တော်နဲ့ မစဲပါဘူး။ ကျနော်က မဲဆောက်ကယူလာတဲ့ ဆရာတင်မိုး ကဗျာပေါင်းချုပ်(၁၉၉၉) စာအုပ် အုပ် ၂၀ ကို စာအုပ်တွေခင်ကျင်းဝေငှတဲ့နေရာနဲ့ ရောင်းချတဲ့နေရာမှာ နေရာယူချထားလိုက်ပါတယ်။ ကံကောင်းချင်တော့ ကိုယ့်လိုပဲစာအုပ်တင်ပြီးရောင်းတဲ့အဖေါ်နှစ်ယောက်ကလည်း မဲဆောက်ကလူတွေချည်းပဲဖြစ်နေတာ တွေ့ ရပါတယ်။ ကိုသီဟမောင်မောင်နဲ့ ကိုမန်းမျိုးမြင့်တို့ ဖြစ်ပါတယ်။ ကိုသီဟက ရောင်ခြည်ဦးကထုတ်တဲ့စာအုပ်တွေ၊ မန်းမျိုးမြင့်က ခေတ်ပြိုင်ကထုတ်တဲ့စာအုပ်တွေ တင်ရောင်းနေကြတာဖြစ်ပါတယ်။ ကျနော်ကတော့ ကျနော်နဲ့ အဘ ဦးဝင်းခက်တွဲပြီး ငွေကြေးစိုက်ထုတ် ထုတ်ဝေပြီး အုပ်ရေ ၁၀၀၀ အနက်က အုပ်ရေ ၉၀၀ ကျော် အခမဲ့ဖြန့် ဝေလို့ ကျန်တဲ့ စာအုပ်တချို့ ကို တင်ရောင်းခဲ့တာပါ။ ချင်းမိုင်ကိုလာရင်း အင်္ဂလိပ်စာအုပ်အဟောင်းဆိုင်တွေသွားမွှေရင်း လိုတဲ့စာအုပ်ဝယ်ဖို့ ပိုက်ဆံမရှိလို့ အဲဒီစာအုပ်ရောင်းလို့ ရတဲ့ငွေနဲ့ ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါ။ ဒါပေမယ့် လူကိုယ်တိုင် ထိုင်ပြီးမရောင်းနိုင်တာရယ် ရောင်းရတာ အားမရှိလို့ စာအုပ်လေးအုပ်ပဲရောင်းပြီး ကျန်တာတွေ အခမဲ့ဝေပေးလိုက်ပါတယ်။ ရောင်းလို့ ရတဲ့ငွေဘတ် ၄၀၀ နဲ့ စာအုပ်သုံးအုပ်တော့ ဝယ်နိုင်ခဲ့ပါတယ်။
ညီလာခံမစခင် ခန်းမအဝင်ပေါက်က စာအုပ်စဉ်ဘေးထိုင်နေတုန်း မိန်းခလေးတယောက်အပြုံးမျက်နှာလေးနဲ့ တက်လာတာတွေ့ လို့ ကြည့်တော့ စာရေးဆရာမလေး တူးတူးသာ(ဂျာနယ်လစ်ကလေးလို့ လည်းပြောရမယ်ထင်ပါတယ်၊ ကျနော်ကတော့ သူ့ ကို စာရေးဆရာမလေးပဲဖြစ်စေချင်တာပါ။)ကိုတွေ့ ရပါတယ်။ဂျာနယ်လစ်အနေနဲ့ ကတော့ သူ့ နာမည်က အေးချမ်းမြေ့ပေါ့လေ။ သူ့ ကိုတော့ လွန်ခဲ့တဲ့ ၆ လလောက်က သူ မဲဆောက်ကိုလာတုန်း တွေ့ ခဲ့ခင်မင်ခဲ့တာပါ။ ဒီတုန်းက ကျနော်တာဝန်ယူထုတ်ဝေနေတဲ့ ဗေဒါလမ်းဂျာနယ်မှာ သူ့ ရဲ့ အေးချမ်းမြေ့ နာမည်နဲ့ ရေးတဲ့သတင်းဆောင်းပါး ထည့်သွင်းဖေါ်ပြတဲ့ကိစ္စနဲ့ သူ့ ကို ဂျာနယ်တစေါင်လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီအခါကျမှပဲ သူဟာ စာရေးဆရာမလေး တူးတူးသာ ဆိုတာ သိရတော့တာပါ။
နေ့ လည်ပိုင်းအစ ရှေ့ မှာထိုင်ပြီး အာရုံစိုက်နားထောင်နေတုန်း ကျနော့်နာမည်ကို နောက်က ခတ်တိုးတိုးလှမ်းခေါ်သံကြားလို့ လှည့်ကြည့်တော့ VOA ဌါနမှူး ကိုသန်းလွင်ထွန်းက အပြုံးနဲ့ နှုတ်ဆက်တာတွေ့ ရလို့ ပြန်ပြီးပြုံးပြနှုတ်ဆက်လိုက်ပါတယ်။ မနက်ပိုင်းအစီစဉ်ပြီးလို့ ထိုင်ရာကထပြီးပြန်ထွက်မယ်လုပ်တော့ ဆံပင်ဖြူဖြူ အသားညိုညို ခတ်ထောင်ထောင်မေါင်းမေါင်းနဲ့ လူတယောက်က ကိုသန်းလွင်ထွန်းဘေးမှာ ထိုင်နေတာကို သတိပြုမိခဲ့ပါတယ်။ ဘယ်သူလည်းဆိုတာတော့ ကျနော်မသိပါဘူး။
ထမင်းစားပြီး ညနေပိုင်းပြန်စတော့ နိုင်ငံခြားသား ငါးယောက်ဆက်တိုက် စကားပြောပါတယ်။ ငါးယောက်စလုံး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေချည်းပါပဲ။ သူတို့ အထဲက မစ္စတာ ဘီဒါရပ်ဒတ်စ် ရဲ့ အာရှနိုင်ငံနှစ်ခုရဲ့ ရွေးကောက်ပွဲများနှိုင်းယှဉ်ချက်နဲ့  မစ္စတာ မာရာဝန်မာကန် မာကာ ရဲ့ သီရိလင်္ကာရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အချက်အလက်တွေကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ညနေပိုင်းရဲ့ ဒုတိယပိုင်းအစီစဉ်မှာတော့ မစ္စတာဘားမား ရဲ့ ဟောပြောရှင်းလင်းချက်ကို ကျနော်စိတ်ဝင်စားပါတယ်။ ဒါပေမယ့်လည်း ကွန်ပျူတာနဲ့ ပတ်သက်ပြီး ဘလော့လေးလုပ်လိုက်၊ အီးမေးလေးချက်လိုက်၊ စာလေးရိုက်လိုက် ဒီလောက်သာလုပ်ဖူးတဲ့ ကျနော့်အဖို့ သူပြောပြသွားတဲ့အချက်အလက်တွေကိုနားလည်ဖို့ တခြားကျနော့်မိတ်ဆွေတွေတဆင့်မေးပြီး တောက်လျောက်ရှင်းပြခိုင်းခဲ့ရပါတယ်။ တော်တော့်ကို ခက်ခဲတဲ့ကိစ္စဖြစ်ခဲ့ပါတယ်။
ဒီကနေ့  ဟောပြောချက်တွေဟာ ကျနော်နဲ့ မိုင်အတော်ဝေးတဲ့ ဘာသာရပ်တွေများပါတယ်ဲ။ ဆိုလိုတာကတော့ ဒီကနေ့ ကျနော် ရင်မခုန်ရဘူးပေါ့။ ဒီဘာသာရပ်တွေဟာ အရေးကြီးတဲ့ဘာသာရပ်တွေဆိုတာတော့ ကျနော်လက်ခံပါတယ်။ မကြာခင်ရငဆိုင်ကြရဖွယ်ရှိတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေ ခန့် မှန်းချက်တွေ ဒါတွေဟာ တကယ်အရေးကြီးတာမှန်ပေမယ့် ကဗျာရေးတဲ့ကျနော့်အဖို့ နားလည်နေယုံလောက်ပဲ အာရုံထားနိုင်ခဲ့ပါတယ်။ စိတ်အားထက်သန်စွာ ဆွေးနွေးမေးမြန်းခဲ့ခြင်းတော့မရှိပါဘူး။ ဒီကနေ့ ဆွေးနွေးချက်တွေထဲမှာ ထူးထူးခြားခြား ခက်ခက်ခဲခဲ ဆွေးနွေးပြောဆိုကြတဲ့အခြေအနေမျိုးလည်း မရောက်ခဲ့ကြပါဘူး။ ကျနော့်အထင်တော့ ဒီဆွေးနွေးချက်တွေကို ညီလာခံမှာကြိုတင်ပြီးတော့ ဝေထားနှင့်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ ထင်မိတယ်။
ညီလာခံခန်းမထဲမှာ ညတုန်းက အသိအကျွမ်းဖြစ်ခဲ့တဲ့ မဆုမွန်ကို ကွန်ပျူတာလေးတမမနဲ့  နေရာ သုံးနေရာလောက်ပြောင်းပြီး အလုပ်လုပ်နေတာ တွေ့ ခဲ့ရပါတယ်။ သတင်းကို ချက်ချင်းတင်နေတယ်လို့ တော့ထင်မိတယ်။ ကျနော်က ခုံတန်းနှစ်ထပ်ခင်းထားတဲ့နေရာမှာ အတွင်းခုံတန်းကိုဝင်ထိုင်တော့ ဒီဗွီဘီ ဒု ညွှန်မှူးဖြစ်တဲ့ ကိုခင်မောင်ဝင်းက ကျနော့်ဘေးတိုးကပ်ပြီးလာထိုင်ပါတယ်။ သူနဲ့ ကျနော်လည်း မတွေ့ ရတာကြာပါပြီ။ သူက နော်ဝေးကိုပြောင်းသွားပြီး မဲဆောက်ကိုခဏပြန်လာခိုက် ကျနော်ကလည်း ဒီဗွီဘီ မှာ ကဗျာကဏ္ဍဝင်လုပ်နေတာမို့ ခဏတွေ့ ခဲ့ကြရပါသေးတယ်။၂၀၀၂ ခုနှစ်လောက်ကပါ။ ခဏနေတော့ သူလည်း အခန်းအနားမှူးရှိတဲ့နေရာအနီးကို ရွှေ့ သွားခဲ့ပါတယ်။
ကျနော်နဲ့ အနီးဆုံးထိုင်ခုံတွေမှာ မဲဆောက်က ရဲဘော်တွေတန်းစီထိုင်ကြပါတယ်။ အထူးအဖြင့် နဖူးပြောင်ပြောင်နဲ့ ခန့် ခန့် ကြီးထိုင်နေတဲ့ ကိုစိုးဟန် (ရွှေအိမ်စည်)၊ ဗိုလ်ကျောက်။ မအေးအေးမာ(သတင်းထောက်) ကိုလည်း ဒီနှစ်မှာ လူကြားထဲထိုင်နေတာတွေ့ ရပါတယ်။ အမျိုးသမီးတွေထဲက ဘီဘီစီ ဌါနမှူး အမကြီး ဒေါ်တင်ထားဆွေ(မဆွေ)၊ ပြီးတော့ ကင်မရာလေးကိုင်ထားတဲ့ နော်ဖေါဂေ၊ ဒေါသကုမ္မာရီလေး ခင်မင်းဇော်ကိုတော့ မနက်ပိုင်းငြိမ်နေတာ တွေ့ ရပါတယ်။
ညီလာခံရပ်နားတော့ ခန်းမဆောင်ကြီးရှေ့ မှာ ကျနော်တို့ ဓါတ်ပုံသွားရိုက်ကြပါတယ်။ ကျနော်ကတော့ ခန်းမဆောင်ထဲမှာကတည်းက ဓါတ်ပုံကောင်းကောင်းမရိုက်ခဲ့ပါဘူး။ ညီလာခံအတွေ့ အကြုံ့ စာပြန်ရေးရင် ဓါတ်ပုံက အရေးကြီးမှန်းသိပေမယ့် လူတွေရှေ့ ထွက်ရပ်ပြီး ဓါတ်ပုံရိုက်ရတဲ့အလုပ်ကို ဝန်လေးမိလို့ ဓါတ်ပုံတပုံမှကို မရိုက်ဖြစ်ပါဘူး။
ဒီကနေ့ အဖို့ တော့ ကျနော် စာအုပ်ဆိုင်တွေဆီ မသွားနိုင်တော့ပါဘူး။ ဒီကနေ့ ညနေပိုင်း လိုက်ပို့ ပေးနိုင်အောင်ကြိုးစားမယ်ဆိုတဲ့ ဧရာဝတီက ကိုစိုးကလည်း တကယ့်ကိုအလုပ်မအားတော့ စာအုပ်ဆိုင်တွေဆီသွားဖို့ ကိစ္စ ဖျက်လိုက်ရပါတယ်။
ညီလာခံခန်းမပေါ်က ဆင်းလာတော့ ရာသီဥတုက တော်တော့်ကိုကောင်းပါတယ်။ ချင်းမိုင်မြို့ ကလေးဟာ ကျနော့်အဖို့ စွဲမက်ဖွယ်ပါ။ ကျနော် ဒီမြို့ လေးကို စွဲမက်ရတဲ့အချက်ထဲမှာ မြို့ လည်ခေါင်က အုတ်မြို့ ရိုးနဲ့ ကျုံးဖြစ်ပါတယ်။ တကယ့်ကို ချစ်ဖို့ ကောင်းတဲ့မြို့ ကလေးပါပဲ။ အခြေအနေပေးရင်တော့ ဒီမြို့ လေးအကြောင်း ကျနော်စာရေးချင်ပါသေးတယ်။ ကျနော် ဟော်တယ်ရှေ့  ထွက်ရပ်ပြီး မြို့ ကလေးကို နှုတ်ဆက်လိုက်ပါတယ်။ “ ဆဝါဒီခပ် ချင်းမိုင် ” ။
ပုံ(၁) ဟော်တယ်မှအထွက် လက်ဝဲဖက် ချင်းမိုင်မြို့ ရှုခင်း
ပုံ(၂) စာအုပ်အရောင်းကောင်တာမှာ စာအုပ်မရောင်းရလို့ မှိုင်နေကြတဲ့ ဆရာမန်းမျိုးမြင့်(ခေတ်ပြိုင်)နဲ့ ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်းနာ ကိုသီဟမောင်မောင်
ပုံ(၃) ညီလာခံကျင်းပနေစဉ် ခန်းမ
နောက်တပိုင်းကို ဆက်ဖတ်ပါရန်....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment