March 04, 2010

ချစ်သူတို့ ရဲ့ပွဲ






အပိုင်း(၄)
၂၄၊၂၊၂၀၁၀
ညီလာခံ ပထမနေ့ ည

ညစာစားပွဲမှာ လူတော်တော်စုံပါတယ်။ နေ့ လည်တုန်းက ချင်းမိုင်အခြေစိုက် သတင်းဌါနတချို့ ကိုတွေ့ လိုက်ရပေမယ့် ညကြတော့မတွေ့ ရတော့ပါဘူး။ တချို့ သတင်းဌါနတွေက တနေရာမှာ ဝိုင်းစုထိုင်ပြီး သတင်းယူကြတာရှိသလို ဒီဗွီဘီ လိုသတင်းဌါနကြတော့ ရုပ်မြင်သံကြားစက်တွေ ဟိုရွှေ့ ဒီရွှေ့ နဲ့ တော်တော်လေးအလုပ်ရှုပ်တာ တွေ့ ရပါတယ်။ ဒီဗွီဘီကရဲဘော်တွေ အခုလို ကိရိယာမျိုးစုံကိုင်တွယ်လှုပ်ရှားနေတာတွေ့ တော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ဒီဗွီဘီပေါ်ကာစက အတွေ့ အကြုံကို ကျနော်ပြန်ပြီးသတိရမိပါတယ်။ ဒီတုန်းက မာနယ်ပလောမှာ ဒီဗွီဘီသတင်းထောက် ၉ ယောက်တောင်မှရှိခဲ့ပါတယ်။ ကျနော်က သတင်းထောက်အဖွဲ့ ခေါင်းဆောင်ပါ။ ဌါနအခေါ်မှာတော့ သတင်းထောက်ချုပ်ပါ။ ဒါလည်း ကျနော့်အထင် သိတ်ပြီးသက်တမ်းမကြာလိုက်ပါဘူး။ သတင်းထောက်တွေ တယောက်ပြီးတယောက်ထွက်ကုန်လို့ ကျနော်တယောက်ပဲ သတင်းထောက်အနေနဲ့ ကျန်ခဲ့တာ မာနယ်ပလောကျဆုံးတဲ့အထိပါပဲ။ ဒီတုန်းက ဒီလိုပစ္စည်းကိရိယာတွေရှိဖို့ ကိုင်ဖို့ နေနေသာသာ ရှိတဲ့အသံဖမ်းစက်ကလေးကိုတောင် သတင်းထောက်လုပ်တဲ့သူက သတင်းယူတော့မယ်ဆိုရင် အယ်ဒီတာအဖွဲ့ တာဝန်ရှိသူကို စာရေးပြီးခွင့်တောင်းရပါတယ်။ ခွင့်ပြုပြီဆိုမှ ဝန်ကြီးများရုံးမှာသိမ်းထားတဲ့စက်ကို လက်မှတ်ထိုးပြီးထုတ် သတင်းယူပြီးရင် ပြန်အပ်ရပါတယ်။ အခုတော့ နှစ်တွေလည်းကြာ အတွေ့ အကြုံတွေလည်း ကြွယ်ဝ အောင်မြင်မှုတွေလည်းရ ဆိုတော့ တကယ့်ကို သတင်းဌါနကြီးတခုလို လှုပ်ရှားဆောင်ရွက်လာနိုင်တာတွေ့ လို့ ဝမ်းသာမိတယ်။

ဒီဗွီဘီ သတင်းဌါနအဖွဲ့ ထဲမှာ ကိုယ်ကသိတဲ့လူဖြစ်နေလို့ ပဲလားတော့မသိပါဘူး၊ အများဆုံးအလုပ်ရှုပ်နေတဲ့သူကတော့ ကိုသန်းဝင်းထွဋ်ပါပဲ။ ကင်မရာဒေါက်တိုင်တွေကိုင်ရင်း တနေရာပြီးတနေရာ ပြေးလွှားပြောင်းရွှေ့ ရင်း တချိန်လုံးအလုပ်ရှုပ်(အဲ..မှားသွားတယ် အလုပ်လုပ်) နေတာ တွေ့ ခဲ့ရပါတယ်။တချိန်မှာတော့ ဒီဗွီဘီသတင်းထောက် ကိုမောင်တူးနဲ့တွေ့ ပြီး နှုတ်ဆက်လိုက်ရပါသေးတယ်။

ညစာစားပွဲကြတော့ ချင်းမိုင်မှာအခြေစိုက်တဲ့ မီဒီယာသမားတွေမတွေ့ ရတော့ပါဘူး။လူတွေတနေရာထဲမှာစုမိသလိုဖြစ်တဲ့အပြင် လူလည်းနည်းသွားတော့ ကိုယ်နဲ့ သိတဲ့သူတွေချည်းပဲလိုလိုဖြစ်နေပါတယ်။ ကျနော်တို့ မဲဆောက်ကလူတွေကတော့ အကဲဆုံးဖြစ်နေတော့တာပေါ့။ ဘီဘီစီသတင်းထောက် ကိုအောင်ကျောဦးဆိုရင် ကင်မရာတွေ အသံဖမ်းစက်တွေ ဘယ်ပြန်ညာပြန်စလွယ်သိုင်းပြီး တကယ့်ကို ခန့် ခန့် ညားညားတွေ့ နေရပါတယ်။တချိန်က မဲဆောက်မှာပဲနေပြီးအလုပ်လုပ်ခဲ့ပြီး အခု ဘန်ကောက် ဘီဘီစီရုံးမှာနေရတဲ့ သတင်းထောက်ကိုဝင်းမြင့်ကိုတော့ နေ့ လည်ပိုင်းကြကာမှ လေဆိပ်က ကမန်းကတန်းဆင်းပြီးရောက်လာတာတွေ့ ရပါတယ်။ သူနဲ့ ကျနော်က သတင်းလုပ်ငန်းတချို့ အတူတွဲပြီးလုပ်ခဲ့ကြဖူးတဲ့အပြင် ညီရင်းအစ်ကိုလိုလည်း (ကျနော်က ညီပေါ့) ခင်မင်ကြတာ ကြာပါပြီ။

ထမင်းစားတဲ့အချိန်တိုင်း ကိုယ်ကိုယ်တိုင်ယူစားထည့်စားရတဲ့စနစ်ဆိုတော့ ထမင်းတွေဟင်းတွေ ကိုယ်လိုသလောက်ယူစားလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ပျော်တတ်ပါးတတ်တဲ့ ကျနော်တို့ မဲဆောက်က ဆရာလေးမန်းမျိုးမြင့်ရဲ့နောက်ပြောင်သံကတော့ ထမင်းစားခန်းထဲ မကြာခဏလူတွေကို အပြုံးကိုယ်စီဖြစ်စေလိုက်ပါတယ်။ အဲဒီမနက်က ဟင်းထဲမှာ အားလူချည်းပဲချက်ထားတဲ့ဟင်းလည်း ပါပါတယ်။ ဟေ့ မဲဆောက်မှာ အားလူးဟင်းမစားရလို့ ချင်းမိုင်အထိလာပြီး မဲဆောက်ကရဲဘော်တွေ အာလူးဟင်းလာစားကြတာပါခင်ဗျား…↔လို့ မကြာခဏ အော်ပြောနေတဲ့ မန်းမျိုးမြင့်ရဲ့အသံကို ကျနော်တို့ ပွဲကျနေခဲ့ကြပါတယ်။

ဒီကနေ့ ညီလာခံခန်းမထဲမှာ လူအစုံဆုံးဖြစ်မယ်လို့ ယူဆရပါတယ်။ အသံလွှင့်သတင်းဌါန အားလုံးလာပါတယ်။ တချို့ ဌါနတွေက သတင်းထောက်တွေအပြင် ဌါနမှူးတွေကိုယ်တိုင် တက်ရောက်တာကိုတွေ့ ရပါတယ်။ ဥပမာ ဗွီအိုအေ ဌါနမှူး ကိုသန်းလွင်ထွန်း၊ ဘီဘီစီက ဌါနမှူး ဒေါ်တင်ထားဆွေ တို့ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံး မေးခွန်းထမေးတာ ဆွေးနွေးတာလည်း တွေ့ ခဲ့ရပါတယ်။

ဒေါ်တင်ထားဆွေနဲ့ ခန်းမအပြင်ဖက်မှာဆုံတော့ ပြီးခဲ့တဲ့သင်္ကြန်ရက်က ဘီဘီစီ ကနေပြီး သင်္ကြန်သံချပ်ကိစ္စ စကားဝိုင်းလုပ်တာကို ကျနော်ပြန်ပြောပြမိပါတယ်။ ဒီတုန်းက ဆရာကြီးမောင်စွမ်းရည်လည်း ပါပါတယ်။ ဒီစကားဝိုင်းမှာပါဝင်ဖို့  ဘီဘီစီက ဒေါ်တင်ထားဆွေက ကျနော့်ကို တယ်လီဖုံးနဲ့ ညှိတော့ ပထမတော့ ကျနော်ငြင်းပါသေးတယ်။ ကျနော်က ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ကိစ္စ ကိုယ်အကျွမ်းတဝင်မရှိတဲ့ကိစ္စဆိုရင် ဘာမှဝင်လုပ်လေ့မရှိတာ ကြာပါပြီ။ ဒါကြောင့်မို့ ငြင်းတာပါ။ ဒါပေမယ့် သင်္ကြန်သံချပ်က ဟစ်ဟော့သံစဉ်မှာပါတတ်တဲ့ စည်းချက်တွေ အာဖရိကန်ဘိထ်စ်တွေနဲ့ တူတဲ့အကြောင်း လူတွေရဲ့ရင်ကို ထိစေတဲ့အကြောင်းစကားစပ်မိလို့ ဒေါ်တင်ထားဆွေက မရဘူး ဒီလောက်ပြောနိုင်ရင်ပဲ ပါရမယ်လို့ ပြောလို့ ကျနော်ဝင်ပြောခဲ့တာပါ။ ပြီးတော့ဆရာကြီးမောင်စွမ်းရည်လည်းပါမယ်လို့ သိရတော့ ကိုယ်လေးစားတဲ့ကဗျာဆရာနဲ့ စကားဝိုင်းအတူလုပ်ရမယ်ဆိုတာကို ဂုဏ်ယူမိပြီး ဝင်ပါခဲ့တာပါ။ဒီအကြောင်းကို ပြန်ပြီး ပြောတော့ ဒေါ်တင်ထားဆွေက ရယ်မောပြီး နားထောင်ပါတယ်။

ကျနော်က ဒေါ်တင်ထားဆွေတို့ ကိုသန်းလွင်ထွန်းတို့ နဲ့ တွဲပြီး ဓါတ်ပုံရိုက်ချင်ပါတယ်။ ဒီကွန်ဖရင့်အကြောင်းစာရေးရင် ဓါတ်ပုံတွေက တကယ်လိုအပ်လာမှာသေချာနေလို့ ပါပဲ။ နောက်တော့လည်း လူတွေကြားထဲ ဓါတ်ပုံဝင်ရိုက်ရမှာ ဝန်လေးတာရယ် ကိုယ်နဲ့ ခင်တဲ့သူတွေ ဓါတ်ပုံတွေရိုက်နေတာတွေ့ ပြီး သူတို့ ဆီကပဲတောင်းတော့မယ်ဆိုတဲ့စိတ်နဲ့ ပဲ အားကျိုးမာန်တက် မရိုက်ခဲ့တော့ပါဘူး။

ညီလာခံမှာ ကိုယ်မသိတဲ့သူက တဝက် သိတဲ့သူက တဝက်လောက်တော့ ရှိမယ်ထင်ပါတယ်။ အထူးသဖြင့် ကိုယ်ကျင်လည်ခဲ့ရတဲ့နယ်ပယ်ထဲကလူတွေလောက်ပဲ သိတာပါ။ ဥပမာ ဆုရတဲ့ဘလော့ဂါတွေ ဆိုရင် ကျနော်တယောက်မှမသိပါဘူး။ ကိုယ်က ဘလော့လေးတခုလုပ်တာ လူအင်မတန်စိတ်ဝင်စားမှုနည်းတဲ့ ရသစာပေသက်သက်ပဲတင်တာဖြစ်လို့ ကျနော့်ကိုလည်း ဘလော့ရေးတဲ့သူအနေနဲ့ ဘယ်သူမှ သိကြမယ်မထင်ပါဘူး။ အထူးသဖြင့် ကျနော့်ဘလော့မှာ ကိုယ်မကျွမ်းကျင်တဲ့ သတင်းကိစ္စ၊ နိုင်ငံရေးကိစ္စတွေ လုံးဝကို မတင်ပါဘူး။ ဒါကြောင့်မို့ ရသစာပေနယ်ပယ်ကပုဂ္ဂိုလ်တွေနဲ့ အသံလွှင့်လုပ်ငန်းနယ်ပယ်ကပုဂ္ဂိုလ်တချို့ တလေကိုပဲ ကျနော်သိတာပါ။

ဟောပြောဖို့ အစီစဉ်ထဲမှာတွေ့ ရတဲ့ ဘလော့ဂါမင်းဒင်ဆိုရင် ကျနော် လုံးဝကို မသိပါဘူး။ ဘလော့တွေ အများကြီးလည်း လျောက်မလည်ခဲ့တာကြောင့်လည်း မထိတွေ့ မိတာဖြစ်နိုင်ပါတယ်။ သူ က ဘာစာတွေရေးတယ်ဆိုတာလည်းမသိပါဘူး။ ဒါပေမယ့် သူ့ ရဲ့ဟောပြောချက်ကိုတော့ စိတ်ဝင်စားခဲ့ပါတယ်။ ရသစာပေကိစ္စ အနည်းအကျဉ်းပါလို့ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ နောက်တပိုင်းကြမှ ကျနော် ရေးပါအုံးမယ်။

ဒီညီလာခံမှာ ကျနော်သတိထားမိတဲ့အချက်က ပြည်တွင်းပြည်ပ မီဒီယာလုပ်ငန်းတွေ လူပုဂ္ဂိုလ်တွေ အရင်ကထက်ပိုပြီး ထိစပ်ပူးကပ်လုပ်ကိုင်လာနိုင်တဲ့အချက်ကတော့ တော်တော့်ကိုပေါ်လွင်ပါတယ်။ဒါက ခေတ်မီတိုးတက်လာတဲ့ ဆက်သွယ်ရေးကိရိယာတွေကြောင့်လည်းပါသလို လူတွေ အရင်ကထက်ပိုပြီး ရဲရင့်လာနေကြတဲ့သဘောလည်းပါပါတယ်။ လူတွေ အရင်ကထက် ပိုမိုနားလည်လာကြတဲ့သဘောလို့ လည်း ထင်ပါတယ်။ ဥပမာ ကျနော် ၁၉၉၆ တုန်းက ဒီဗွီဘီ(နော်ဝေ) မှာ တာဝန်ထမ်းဆောင်စဉ်တုန်းကဆိုရင် ပြည်တွင်းက NLD ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်မမေးမြန်းရ ဒါမှမဟုတ် ဟိုးထိပ်ပိုင်းအထိ ခွင့်တောင်းပြီးမှ ဆက်သွယ်ဆောင်ရွက်ရမယ်ဆိုတာမျိုး ရှိခဲ့ပါတယ်။ ပြီးတော့ အထဲကလူတွေကလည်း ဒီဖက်ကမီဒီယာဌါနတွေနဲ့ သိတ်ပြီးမဆက်သွယ်ရဲကြပါဘူး။ အခုတော့ အဲဒီအခြေအနေတွေ သိသိသာသာပြောင်းသွားလို့ တကယ့်ကို အားရှိဖို့ ကောင်းပါတယ်။

ညီလာခံနေ့ လည်ပိုင်း ခဏနားတော့ စာရေးဆရာ “မောင်သစ်ဆင်း↔ ကို ဆရာနေမျိုးအေးက မိတ်ဆက်ပေးလို့ သိရပါတယ်။ လူချင်းမတွေ့ ဖူးပေမယ့် တယ်လီဖုံးနဲ့ တော့ စကားပြောခဲ့ဖူးတယ်ဆိုပါတော့။ သူက အာအက်ဖ်အေ ကဆိုတော့ ကျနော့်ရဲ့ ကဗျာအိုးဝေအသံလွှင့်အစီစဉ်ကိစ္စ ဆောင်ရွက်ကြရင်းက တယ်လီဖုံးနဲ့ စကားပြောဖူးခဲ့တာပါ။ “မောင်သစ်ဆင်း↔ ဆိုတဲ့ကလောင်နာမည်က ဆရာဇော်ဂျီရဲ့ ပုတ္တောဝါဒကဗျာထဲက “ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း ↔ကို နှစ်သက်လို့ ယူထားတဲ့ ကလောင်နာမည်ဖြစ်မယ်လို့ တွေးမိပါတယ်။ ကျနော်ထင်တာ မှားသွားရင်လည်း ခွင့်လွှတ်ဖို့ ဆရာ့ ကို ဒီနေရာကပဲတောင်းပန်လိုက်ပါတယ်။ ကျနော့်မှာ အကျင့်တခုရှိပါတယ်။ ရေဒီယိုက ကြားနေရတဲ့ ပုဂ္ဂိုလ်တွေနဲ့ အပြင်မှာတွေ့ ရင် သူ့ အသံကို ရေဒီယိုက အသံနဲ့ ပြန်တွေး ပြန်ပြီးနှိုင်းယှဉ်ကြည့်တတ်တဲ့အကျင့်ပါပဲ။ ဆရာမောင်သစ်ဆင်းကတော့ ရေဒီယိုထဲက ကြားရတဲ့အသံနဲ့ အပြင်မှာကြားရတဲ့အသံ တထပ်တည်းပါပဲ။ တခုတော့ လွဲချော်သွားတာရှိတယ်။ အဲဒါကတော့ ကျနော်က ဆရာမောင်သစ်ဆင်းကို ရေဒီယိုထဲက ကြားရတဲ့အသံပေါ်မူတည်ပြီး အသက်တော်တော်ကြီးလောက်ပြီလို့ ထင်ခဲ့တာ လူချင်းတွေ့ တော့ အသက် ၄၀ ဝန်းကျင်ပဲရှိသေးတာ တွေ့ ရလို့ ဒီတချက်တော့ ကျနော်ခန့် မှန်းတာမှားသွားခဲ့ပါတယ်။ ဆရာက အသံထက်လူက ပိုပြီးငယ်ရွယ်နုပျိုနေတဲ့သဘောပေါ့။( ဒီလိုပြောတာကိုလည်း ဆရာစိတ်ဆိုးမယ်ဆိုရင် ထပ်ပြီးခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်ဆရာခင်ဗျား။)

ထမင်းစားပွဲမှာထိုင်နေတုန်း မြို့ ထဲသွားကြဖို့ လိုက်လံစည်းရုံးနေတဲ့သူတချို့ ကိုလည်း ကျနော်တွေ့ ရပါတယ်။ အဲဒီအထဲက စည်းရုံးရေးမှူးတဦးဆိုရင် ကျနော့်ပခုံးနားကပ်ပြီး ကိုငြိမ်းဝေ သွားမယ်ဆိုရင် အသင့်ပြင်ထားဆိုပြီး ခတ်တိုးတိုးလိုလို ဘေးလူကြားစေချင်သလိုလို “အိုးပင်းစီးကရက်↔လုပ်ပြီးပြောသွားပါသေးတယ်။ဒီနေရာမှာတော့ ကျနော်ကနပ်ပါတယ်။ ကျနော့်အထင် မဲဆောက်ကလာတဲ့သူတွေထဲမှာ ကျနော်က အသက်အကြီးဆုံးဖြစ်မယ်။ ဒီတော့ သူတို့ သွားရာလျောက်လိုက်ပြီး အပျော်ကျူးလို့ ကတော့ ကျနော့်ကို နောက်ပိုင်းကနေပြီး အပြတ်ဆော်ကြတော့မှာသေချာတယ်။ ဒါ ငါ့ကို နိုင်ငံရေးသတ်ဖို့ ထောင်ချောက်ဆင်နေတာ။ မဖြစ်ဖူး ငါ့မှာမရှိတဲ့နိုင်ငံရေးသိက္ခာတော့အကျမခံနိုင်ဘူး သွားချင်းသွားရင် ဘယ်သူမှမသိအောင် ငါ့ဖါသာတယောက်ထဲပဲ သွားမယ်ဆိုတဲ့ တော်လှန်ရေးသတိနဲ့ အပြတ်ပဲ ငြင်းလွှတ်လိုက်ရတယ်။

ဒီကနေ့  အဖို့ တော့ ကျနော်သွားချင်တဲ့စာအုပ်ဆိုင်တွေဆီ မသွားလိုက်ရတာကိုပဲ ကျနော်စိတ်မကောင်းဖြစ်နေမိတယ်။ ။

ပုံ (၁) မြန်မာသတင်းသမဂ္ဂဥက္ကဌ ကိုမောင်မောင်မြင့် အဖွင့်အမှာစကားပြောနေစဉ်
ပုံ (၂) ကိုမိုးသီးဇွန်၊ ဆရာတော် အရှင်ခေမာစာရ၊ ဆရာ မောင်သစ်ဆင်း (ဝဲမှယာ)
ပုံ (၃) ဆရာ ဦးဝင်းဖေရဲ့ အမှာစကားတိတ်ခွေဖွင့်ထားစဉ်
ပုံ (၄) မဲဆောက်မှ တိုက်စစ်မှူးများ
ကိုဈာန်၊နန်းဖေါဂေ၊ ကိုစေါလင်းကျော်၊ ကိုမိုးကျော်၊ ကိုမိုးကြိုး၊ ကိုတင်အေး
ပုံ (၅) ခင်မင်းဇော် ဒီဗွီဘီသို့  သတင်းတိုက်ရိုက်ပို့ နေစဉ်


နောက်တပိုင်း ဆက်ဖတ်ပါရန်….



No comments:

Post a Comment