March 05, 2010

ချစ်သူတို့ ရဲ့ပွဲ






အပိုင်း (၅)
၂၅ ၊ ၂ ၊ ၂၀၁၀
ညီလာခံ ဒုတိယနေ့ 

ညတုန်းက ကျနော် တော်တော်နဲ့ အိပ်မပျော်ခဲ့ပါဘူး။ ဆရာနေမျိုးအေးကတော့ခတ်စေါစေါပဲ အိပ်ယာဝင်သွားပါတယ်။ အိပ်ခန်းထဲကို ခဏဝင်တော့ ကုတင်ပေါ်မှာ လက်အုပ်ချီပြီး အိပ်ယာဝင် ဘုရားရှိခိုးနေတဲ့ သူ့ ကို ကျနော်တွေ့ လိုက်ရပါတယ်။သူ့ ကို ကျနော်လေးစားသွားရတယ်။ ကျနော်ကတော့ အခန်းအပြင်ဖက်က စားပွဲလေးပေါ် လက်ပ်တော့ကွန်ပျူတာလေးဖွင့်ပြီး စာရိုက်နေခဲ့ပါတယ်။ အင်တာနက်ချိပ်ကြည့်လို့ အဆင်ပြေတော့ ကျနော့်ဘလော့လေး လှပ်ကြည့် အီးမေးချက်ကြည့်လုပ်ပါတယ်။ ပြီးတော့ ဧရာဝတီအင်တာနက်မဂ္ဂဇင်းကို သွားကြည့်ပါတယ်။

မဲဆောက်ကနေ ကားနဲ့ ထွက်လာစဉ်တုန်းက လမ်းမှာ ဖုံးခေါ်ထားတာတွေ့ လို့ ဖွင့်ကြည့်တော့ ဧရာဝတီက “ကိုစိုး” ခေါ်ထားတာတွေ့ ပါတယ်။ ဖုံးပြန်ခေါ်တော့ ကိုစိုးက ကျနော့်ရဲ့ စာအုပ်စင်ဆောင်းပါး ဒီကနေ့ “ဧရာဝတီအင်တာနက်ဝက်ဘ်ဆိုဒ်” မှာ တင်မယ့်အကြောင်းပြောပါတယ်။ လွန်ခဲ့တဲ့အပတ်ကတည်းက ထည့်ဖို့ ပြင်ဆင်ထားတာ အတည်ပြုစရာ အချက်တချို့ မေးစရာရှိလို့ နောက်ကျသွားရတဲ့အကြောင်းလည်း ရှင်းပြပါတယ်။ ဒီတပတ် စာအုပ်စင်ကဏ္ဍမှာ ကျနော်က ရုရှကဗျာဆရာ “ယက်တူရှင်ကို” ရဲ့ ကိုယ်တိုင်ရေးအထုပတ္တိမြန်မာဘာသာပြန်စာအုပ်ကို Review ပြန်လုပ်ထားတာပါ။ ဒီအထဲမှာ ယက်တူရှန်ကိုရဲ့ မွေးနေ့ အတည်ပြုချင်တဲ့ကိစ္စနဲ့ ဆောင်းပါးခေါင်းစဉ် လိုအပ်ရင်ပြောင်းပေးဖို့ ကျနော်ပြောထားတဲ့ကိစ္စ ကျနော့်ကိုလှမ်းပြီ့းညှိတာပါပဲ။ ကျနော်ချင်းမိုင်ထွက်လာတဲ့နေ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကျနော့်စာမူ တင်တော့မယ်ကြားတော့ ဝမ်းသာရတာပေါ့။ဒါကြောင့်မို့ လက်ပ်တော့လေးလည်း စမ်းတဲ့သဘောနဲ့ ဒီကနေ့ ည အင်တာနက်ချိပ်ပြီး ဧရာဝတီဝက်ဘ်ဆိုဒ်ကို သွားကြည့်လိုက်တာပါ။

အိပ်ယာဝင်ဖို့ အခန်းထဲကိုဝင်တော့ ည ၁၁ နာရီထိုးပါပြီ။ ကုတင်ပေါ်မတက်သေးပဲ ကုတင်ဘေးက လိုက်ကာကို နည်းနည်းဖယ်ပြီး ချင်းမိုင်မြို့ လေးရဲ့ ညကို ကျနော်ရပ်ကြည့်နေမိပါသေးတယ်။ မဟူရာကော်ဇောပေါ်မှာ ရောင်စုံကျောက်တွေဖြန့် ခင်းထားသလိုဖြစ်နေတဲ့ ချင်းမိုင်မြိုးလေးရဲ့အလှဟာ တကယ့်ကို စွဲမက်ဖို့ ကောင်းပါတယ်။

မနက်ကြတော့ ထုံးစံအတိုင်း ကျန်းမာရေးလေ့ကျင့်ခန်း ခတ်စေါစေါထလုပ်ပါတယ်။ ဆရာနေမျိုးအေး နိုးတော့ ရေမိုးချိုးပြီး အောက်ကိုဆင်းကြပါတယ်။ နံနက်အစေါစာ စားကြပါတယ်။ ကျနော်က ထမင်းကျော်တပုဂံ၊ ဆရာနေမျိုးအေးက ကော်ဖီတခွက်နဲ့ မုန့် ။ ကျနော်တို့ နှစ်ယောက်စားပွဲမှာ ပြည်တွင်းကလာတက်တဲ့ စာပေသမားတဦး လာထိုင်ပါတယ်။ (သူ့ နာမည်နဲ့ သူ့ အလုပ်အကိုင်ကိုတော့ ကျနော်မဖေါ်ပြတော့ပါဘူး။) သူက ခင်မင်ဖို့ ကောင်းပါတယ်။ သူနဲ့ ဆရာနေမျိုးအေးနဲ့ က ပြည်တွင်းမှာကတည်းက သိခဲ့ကြသူတွေဖြစ်တာမို့ အခုလိုပြန်တွေ့ ရတဲ့အခါ နှစ်ယောက်စလုံးကျေနပ်နေကြပုံရပါတယ်။ ကျနော်ကတော့ ကြုံတောင့်ကြုံခဲအခွင့်အရေးမို့ ပြည်တွင်းက ကျနော်နဲ့ ရင်းနီးခဲ့ဖူးတဲ့ ကဗျာဆရာတွေအကြောင်းမေးလိုက်ပါတယ်။ သတိရတဲ့အကြောင်းလည်း လူကြုံပါးလိုက်ပါတယ်။ စားပွဲဝိုင်းကမထခင် ဒီကနေ့ တော့ စာအုပ်ဆိုင်တွေဆီ သွားဖြစ်အောင်သွားမယ်လို့ ပြောမိပါတယ်။ ပြည်တွင်းကစာရေးဆရာက သူလည်းလိုက်ချင်တဲ့အကြောင်းပြောပါတယ်။ ဆရာနေမျိုးအေးကလည်း လိုက်မယ်လို့ ဆိုပါတယ်။ကျနော်က ကြိုးစားစီစဉ်ကြတာပေါ့လို့ ပြန်ပြောခဲ့ပါတယ်။

နံနက်အစေါစာစားပြီး အခန်းကိုပြန်တက်တော့ မဲဆောက်က အတူလာကြတဲ့ ကဗျာဆရာ ကိုငြိမ်းလူနဲ့ ရွှေအိမ်စည်(ကိုစိုးဟန်)တို့ နှစ်ယောက် ဓါတ်လှေကားထဲမှာ့ သွားဆုံပါတယ်။ မနေ့ တုန်းက ညီလာခံစည်းဝေးခန်းမရှာမတွေ့ လို့ အထက်အောက် ဟော်တယ်အပေါ်ဆုံးနဲ့ အောက်ထပ်ပြန်ဆင်းပြန်တက်လုပ်ခဲ့ကြရတဲ့ “တောသားနှစ်ယောက်” အကြောင်း ကျနော်က ပြောပြတော့ ရွှေအိမ်စည်ကလည်း သူတို့ နှစ်ယောက်ရဲ့ ဓါတ်လှေကားအတွေ့ အကြုံကို ပြောပြပါတယ်။ သူတို့ နှစ်ယောက် နံနက်စာဆင်းပြီးစားဖို့ ဓါတ်လှေကားထဲဝင်ပြီး ခလုပ်ကိုနှိပ်တော့ ဓါတ်လှေကားတံခါးပိတ်သွားပါတယ်တဲ့။ ခဏနေတော့ ဓါတ်လှေကားတံခါးပွင့်သွားလို့ အောက်ထပ်ကိုရောက်ပြီဆိုပြီး အပြင်ကိုထွက်တော့ ကိုယ်နေတဲ့အထပ် ၅ ထပ်ကိုပဲပြန်ရောက်နေတာတွေ့ လို့ နှစ်ယောက်သား ကိုးလို့ ကန့် လန့် ဖြစ်ပြီး တခါ ဓါတ်လှေကားထဲပြန်ဝင် အောက်ကိုပြန်ဆင်း လုပ်ခဲ့ကြရတဲ့အကြောင်းပြောပြပါတယ်။ ကျနော်တို့ က တောကတက်လာတဲ့သူတွေဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ ခင်ဗျားတို့ က တံခါးပိတ်တဲ့ခလုပ်ကိုပဲ မှားပြီးနှိပ်မိလို့ ဓါတ်လှေကားက ဘယ်မှမရွေ့ ပဲ တံခါးကအလိုလိုပြန်ပွင့်သွားတာဖြစ်မှာပေါ့လို့ ကျနော်ကပြောတော့ သိပါဘူးဗျာ လို့ ကိုငြိမ်းလူကပြောရင်း သူ့ ကိုယ်သူ သဘောကျနေပါတော့တယ်။

ကျနော်တို့ မဲဆောက်က ရဲဘော်တွေကရိုးသားလွန်းကြပါတယ်။ ဟဲဟဲ တောကျလွန်းတယ်လို့ တော့ မဆိုလိုပါဘူး။ ကျနော်တို့ ဟော်တယ်ကိုရောက်တဲ့မနက်က ကိုမိုးကြိုး(မြန်မာပြည်သားသတင်းစဉ်တာဝန်ခံ) က ကျနော့်နားကပ်ပြီး အရေးတကြီးဟန်နဲ့ အကြံတခုပေးလိုက်ပါတယ်။ ဟေ့ ကိုငြိမ်းဝေ ခင်ဗျားတို့ အခန်းထဲဝင်ရင် ကိုယ့်အခန်းထဲကပစ္စည်းတွေ စစ်ဆေးကြည့်ပြီးမှဝင်နော်လို့ ပြောပါတယ်။ မနှစ်တုန်းက သူတို့ ဒီဟော်တယ်မှာပဲ ညီလာခံလာတက်တော့ ပြန်ကာနီး အခန်းသော့အပ်တဲ့အခါ ဖန်ခွက်ကွဲလို့ ဆိုပြီး ပိုက်ဆံတောင်းလို့ ပိုက်ဆံရှင်းပေးလိုက်ရတဲ့အကြောင်း တကယ်တော့ အဲဒီဖန်ခွက်က သူတို့ ခွဲတာမဟုတ်ပဲ သန့် ရှင်းရေးလုပ်တဲ့ ဟော်တယ်ကအလုပ်သမားတွေ ခွဲသွားတာဖြစ်နိုင်ကြောင်း ဒါပေမယ့်လည်း လက်တွေ့ မှာတော့ သူတို့ ကသာ ပိုက်ဆံစိုက်ပြီးရှင်းပေးလိုက်ရတဲ့အကြောင်း တကယ့်ကို စိုးရိမ်တကြီးနဲ့ ကျနော်တို့ ကို သတိပေးနေတာကြားခဲ့ရပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ညီလာခံတက်တဲ့ရဲဘော်တချို့ အခန်းထဲမှာထားပေးတဲ့ အချိုရည်ဗူးတွေကို ရေဗူးတွေလိုပဲ အလကားသောက်လို့ ရတယ်အောက်မေ့ပြီး နေ့ တိုင်းသုံးစွဲမှီဝဲနေတာ ပြန်ကာနီးတော့ ကုန်ကျငွေတွေရှင်းလိုက်ရလို့ မအီမလည်ခံစားခဲ့ရတဲ့အကြောင်း၊ တခါ သောက်ရေဗူးတွေကို အချိုရည်ဗူးတွေလိုပဲ ပိုက်ဆံပေးရမယ်ထင်ပြီး ဈေးချိုမယ်ထင်ရတဲ့ အပြင်က သောက်ရေဗူးကိုပဲ ပြန်လာတဲ့အထိ ထွက်ထွက်ပြီးဝယ်သုံးခဲ့ရတဲ့ ရဲဘော်တယောက်အကြောင်းပြန်တွေးမိပါတယ်။ဒါတွေဟာ ကျနော်တို့ မဲဆောက်က ရဲဘော်တွေရဲ့ “ရိုးသားဖြူစင်မြူမတင်တဲ့စိတ်ဓါတ်နဲ့ စရိုက်↔ကိုဖေါ်ပြတဲ့အဖြစ်အပျက်တွေပဲလို့ ပြောရင် ဘယ်သူငြင်းနိုင်မလဲလို့ ကျနော်မေးလိုက်ချင်ပါတယ်။

ညီလာခံခန်းမထဲကိုဝင်တော့ ကျနော်တို့ သုံးယောက်က အတူတွဲပြီးထိုင်မိရက်သားဖြစ်နေပါတယ်။ ကျနော်ရယ် ကိုစိုးနေလင်း(မောင်စိုးသစ်)ရယ် ကိုနေမျိုးအေးတို့ သုံးယောက်ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ သုံးယောက်စလုံး မဲဆောက်ကချည်းပဲဖြစ်ပြန် မနက်ဖြန်ကျရင် စာတမ်းတစေါင်စီတင်ကြမယ့်သူတွေဖြစ်ပါတယ်။ ဆရာစိုးနေလင်းက စာနယ်ဇင်းသမားတွေနဲ့ ပတ်သက်တဲ့စာတမ်း၊ ဆရာနေမျိုးအေးက ကာတွန်းကိစ္စ၊ ကျနော်က ကဗျာအကြောင်းဖြစ်ပါတယ်။ မနက်ဖြန်ညနေပိုင်း နောက်ဆုံးအချိန်သုံးချိန် ဆရာစိုးနေလင်းကပထမ ဆရာနေမျိုးအေးက ဒုတိယ ကျနော်က တတိယ နောက်ဆုံးဖြစ်ပါတယ်။ကျနော်စာတမ်းဖတ်ပြီးရင်တော့ ညီလာခံအစီစဉ်အားလုံးကုန်တဲ့သဘောရှိပါတယ်။

ဒီကနေ့ မနက်မှာတော့ ကျနော်က လက်ပ်တော့လေးကို ယူလာခဲ့ပါတယ်။ သူများဟောပြောတာတွေထဲက လိုအပ်ရင် မှတ်ဖို့ နဲ့ တချို့ ဟောပြောချက်တွေ ကိုယ်စိတ်မပါရင် ဘလော့ကိုလှပ်ကြည့်ဖို့ ၊ တွေးလို့ ရတာလေးတွေ အတွေးမပျောက်ခင်ရိုက်ထားဖို့ ဆိုပြီး ညီလာခံခန်းမထဲ ယူလာခဲ့တာပါ။ တခါတလေ အင်တာနက်က ဆက်သွယ်ရေးအားနည်းနေလို့ ပြုတ်ကျတဲ့အခါ ကျနော်တို့ မဲဆောက်က group-mail ဆရာကြီး ကိုတင်အေးကို အကူအညီတောင်းပြီး ပြန်ချိပ်ရပါတယ်။ သူ့ ကို မဲဆောက်ကရဲဘော်အတော်များများက group-mail ဆရာကြီးလို့ ခေါ်ကြပါတယ်။ သူက မဲဆောက်ကရဲဘော်တွေ အလုပ်လုပ်ဖို့ လွယ်ကူအောင် ဆက်သွယ်ရ လျင်မြန်အောင် မဲဆောက် ဘီအမ်အေ-group-mail လုပ်ဖို့ တိုက်တွန်းပြီး အဲဒီစနစ် အောင်မြင်အောင် ဆောင်ရွက်နိုင်သူဖြစ်လို့ သူ့ ကို grop-mail ဆရာကြီးရာထူး ပေးလိုက်ကြတာပါ။

ဒီကနေ့ အစီစဉ်တွေထဲမှာ ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ဟောမယ့်ပြောမယ့်သူ (ဂ)ယောက်ဖြစ်ပါတယ်။ ကဗျာဆရာကြီး မောင်စွမ်းရည်ရဲ့ အမှာစကားတိတ်ခွေကိုလည်းဖွင့်ပြမှာပါ။ ဒီနေ့ ညီလာခံအခမ်းအနားအဖွင့်အမှာစကားကို ဘီအမ်အေ ရဲ့ ဒုဥက္ကဌဖြစ်တဲ့ ဆရာ ဦးဇင်လင်းက ပြောမှာပါ။
အော်မနေ့ က ကျနော်ထည့်ပြောပြဖို့ မေ့သွားတာ ရှိပါတယ်။ မနေ့ ကနဲ့ ဒီကနေ့ အခမ်းအနားမှူးက “ကိုဇော်မင်း” ဖြစ်ပါတယ်။ သူက ကျနော်နဲ့ ၁၉၉၃-၉၄ မာနယ်ပလောမှာကတည်းက သိကျွမ်းခဲ့သူပါ။ လွန်ခဲ့တဲ့နှစ်က သူနဲ့ ကိုအောင်သူငြိမ်း နှစ်ယောက်တွဲပြီး ဆောင်းပါးပေါင်းချုပ်စာအုပ်ထုတ်တော့ ကျနော်က ကိုဇော်မင်းကို စာရေးတတ်တဲ့သူလို့ မထင်ခဲ့လို့ တအံ့တသြဖြစ်ရပါသေးတယ်။ စာအုပ်ကိုဖတ်တော့ သူက ကျနော်ထင်ထားတဲ့ ကိုအောင်သူငြိမ်းရဲ့ ဝါကျဖွဲ့ စည်းပုံထက်တောင် ကျနော်ပိုကြိုက်ခဲ့ရပါတယ်။ ဒီစာအုပ်ကို ကျနော်က ဧရာဝတီဝက်ဆိုဒ်စာအုပ်စင်မှာ Review လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဖြတ်သွားဖြတ်လာတွေ့ လို့ ကျနော်ကပြောပြတော့ သူက နောက်ထပ်စာအုပ်ထပ်ထုတ်ဖို့ ရှိတဲ့အကြောင်းပြောသွားပါတယ်။

ကျနော်က ညီလာခံသာတက်နေရတယ် စိတ်က စာအုပ်ဆိုင်တွေဆီကိုပဲ ရောက်နေပါတယ်။ အစီစဉ်တွေထဲက ကျနော်စိတ်ဝင်စားတာ နှစ်ယောက်ပဲရှိပါတယ်။ တယောက်က “ဘလော့ဂါ မင်းဒင်” ဖြစ်ပြီး နောက်တယောက်ကတော့ ပြည်တွင်းက မြန်မာဘလော့ဂါတဦး ဖြစ်ပါတယ်။ ကံကောင်းချင်တော့ ကျနော်စိတ်ဝင်စားတဲ့ အဲဒီပုဂိုလ်နှစ်ဦးကလည်း မနက်ပိုင်း ထမင်းမစားခင်အချိန် ပြောကြမှာမို့ အဆင်ပြေပါတယ်။ ညနေပိုင်းဆိုရင် အကယ်၍ ကျနော် စာအုပ်ဆိုင်တွေဘက် လိုက်ပို့ မယ့်သူရှိလို့ သွားဖြစ်တယ်ဆိုရင် သူတို့ ကလည်း ညနေပိုင်းကြမှဆိုရင် ကျနော် နားထောင်ချင်မှ ထောင်ရမှာပါ။

ညီလာခံစလို့ နာရီဝက်လောက်ရှိတော့ စာရေးဆရာမလေး တူးတူးသာရောက်လာပါတယ်။ သူက ဆရာ နေမျိုးအေးကို ဧရာဝတီက ကိုအောင်ဇော်နဲ့ တွေ့ ပေးဖို့ ကိုနေမျိုးအေးကို လာခေါ်တာပါ။ ညတုန်းက သူနဲ့ ကိုနေမျိုးအေးတို့ ဖုံးနဲ့ စကားပြောကြတဲ့အခါ ကျနော်နဲ့ ပြည်တွင်းကလာတဲ့ အယ်ဒီတာ စာရေးဆရာကို တပါတည်း လိုက်လို့ မရနိုင်ဘူးလားလို့ မေးတော့ လိုက်လို့ ရပါတယ်ဆိုတာနဲ့ ကျနော်တို့ ကလည်း မျှော်နေကြတာပါ။ ပြီးတော့ ဧရာဝတီရောက်ရင် ကျနော်က ကိုစိုးကိုတွေ့ ပြီး စာအုပ်ဆိုင်တွေ လိုက်ပို့ ဖို့ အကူအညီတောင်းမယ်ပေါ့။

ကော်ဖီသောက်ချိန်နားတဲ့အခါ တူးတူးသာခေါင်းဆောင်တဲ့ ကျနော်တို့ လူသိုက် ဧရာဝတီက ကားနဲ့ ပဲ ဧရာဝတီဂျာနယ်တိုက်ကို ပြေးကြပါတယ်။ ကားမေါင်းပြီးခေါ်ပေးတဲ့သူက “ကိုကျော်သူရ” ဖြစ်ပါတယ်။ သူက ကျောင်းသားတပ်မတော်က ရဲဘော်ဟောင်းတဦးဖြစ်ပါတယ်။တလမ်းလုံး သူ့ အမနဲ့သူ့ တူလေးနှစ်ယောက်အကြောင်းပြောပြလာခဲ့ပါတယ်။ သူက ရယ်ရယ်မောမောပြောပြပေမယ့် သူ့ ဘဝတစိတ်တပိုင်းက ခဏတဖြုတ်ကြားလိုက်ရသည့်တိုင် စိတ်မောဖို့ ကောင်းပါတယ်။

ဧရာဝတီတိုက်ကိုရောက်တော့ ကျနော်က ကိုစိုးကို အကျိုးအကြောင်းပြောပြပါတယ်။ နောက်ဆုံးတော့ ကိုနေမျိုးအေးက စာအုပ်ဆိုင်တွေဆီ သူလည်းလိုက်မယ် သူနဲ့ ကိုအောင်ဇော်နဲ့ တွေ့ ပြီးရင် အတူတူသွားကြတာပေါ့ဆိုတာနဲ့  သူ့ အလုပ်ကိစ္စပြီးတဲ့အထိစေါင့်ပါတယ်။
စာအုပ်ဆိုင်တွေဆီကျနော်တို့ သွားတော့ ဧရာဝတီက သူတို့ တိုက်က ကားနဲ့ ပဲ စာအုပ်ဆိုင်တွေအထိလိုက်ပို့ ပါတယ်။ကားမောင်းပြီးလိုက်ပို့ တဲ့သူက ကိုကျော်သူရပဲဖြစ်ပါတယ်။ ကိုစိုးလည်း လိုက်လာပါတယ်။ စာအုပ်ဆိုင်တွေဆီရောက်တော့ ကိုစိုးနဲ့ ကိုကျော်သူရက ကျနော်တို့ ကို တက်က်စ်စီကားဘယ်လိုငှါးရမယ် ဘယ်နားက ဘယ်ဘက်ကိုဦးတည်ပြီးစီးရမယ်ဆိုတာ သေသေချာချာမှာထား ပြောထားပြီးမှ သူတို့ အလုပ်ရှိရာ ပြန်သွားကြပါတယ်။

ချင်းမိုင်မှာရှိတဲ့ အင်္ဂလိပ်စာအုပ်ဆိုင်တွေကို ဒါပါနဲ့ ဆိုရင် သုံးကြိမ်မြောက် ကျနော်ရောက်ဖူးတာပါ။ ၁၉၉၆ ဘီအမ်စီညီလာခံတုန်းကတခါ ၊ ၁၉၉၉ ခုနှစ်ထဲ စီမီနာတခုလာတက်တုန်းက တခါ ရောက်ခဲ့ဖူးပါတယ်။ ကျနော် အမှတ်မိဆုံးစာအုပ်ဆိုင်နာမည်ကတော့ BACK STREET စာအုပ်ဆိုင်ပဲဖြစ်ပါတယ်။ ကျနော်တို့ သုံးယောက် အနီးဆုံးစာအုပ်ဆိုင်ထဲ ဝင်ကြည့်ကြပါတယ်။ ပြည်တွင်းကလာတဲ့စာရေးဆရာက ဝတ္ထုတိုစာအုပ်တွေလိုက်ရှာပြီး ကျနော်ကတော့ ကဗျာစာအုပ်တွေ ကဗျာသဘောတရားစာအုပ်တွေ လိုက်ရှာပါတယ်။ ဆရာနေမျိုးအေးကတော့ ကျန်းမာရေးသိတ်မကောင်းလို့ မျက်စိမျက်နှာပျက်ပြီး စာအုပ်ဆိုင်ရှေ့ မှာ ထိုင်နေရပါတယ်။ သူ့ ခဗျာ စိတ်ကိုတင်းပြီး ထိုင်နေလိုက် လမ်းထလျောက်လိုက် လုပ်နေရပါတယ်။
ပထမ ဝင်ကြည့်တဲ့စာအုပ်ဆိုင်မှာတော့ တခြားစာအုပ်တွေလို ကဗျာစာအုပ်ရယ်လို့  သီးသန့် ထားပေးတာ မတွေ့ ရပါဘူး။ စာအုပ်စင်တွေ ကုန်တဲ့အထိ ခတ်သွက်သွက်ကလေးလိုက်ကြည့်ပေမယ့် ကျနော်လိုချင်တဲ့စာအုပ် တအုပ်မှ မတွေ့ ပါဘူး။ ဒါနဲ့ ပဲ ကောင်တာမှာထိုင်နေတဲ့အမျိုးသမီးကို ဒီဆိုင်မှာ ကဗျာစာအုပ်မရှိဘူးလားလို့ မေးတော့ သူက မျက်နှာချင်းဆိုင်က စာအုပ်ဆိုင်ကိုလက်ညှိုးထိုးပြပြီး အဲဒီဆိုင်မှာတော့ရှိတယ် ဒီမှာတော့မရှိဘူးလို့ ဖြေပါတယ်။ ကျနော်လည်း အားရှိသွားပြီး မျက်နှာချင်းဆိုင် ဆိုင်ထဲပြေးရပြန်ပါတယ်။ ဒါပေမယ်လည်း ကဗျာစာအုပ်စင်မှာ ကျနော်လိုချင်တဲ့ကဗျာစာအုပ်တွေ မရှိသလောက်ပါပဲ။ ရှိတာက ကိစ်တို့ ယိစ်တို့ ဘိုင်ရွန်တို့  ရှယ်လီတို့ ဆိုတဲ့ ရော်မန်တိက ကဗျာဆရာတွေရဲ့စာအုပ်တွေကိုပဲတွေ့ ပါတယ်။ အားလုံး ကဗျာစာအုပ် ၂၀ ကျော်လောက်ပဲရှိပါတယ်။စာအုပ်ဆိုင်တွေအကြောင်း မနက်တုန်းက ဆရာမောင်သာမညနဲ့ စကားစပ်မိတော့ ချင်းမိုင်က စာအုပ်ဆိုင်တွေမှာ ကဗျာစာအုပ် သိတ်မတွေ့ ရဘူးဗျလို့ ပြောလိုက်တဲ့စကားကို သတိရနေမိပါတယ်။စိတ်ပျက်ပြီး လှည့်ပြန်မယ်လုပ်ကာမှ အမေရိကန်လူမဲကဗျာဆရာမ “မာယာအင်ဂျလို” ရဲ့ ကဗျာစာအုပ်ကို တွေ့ လို့ ဆွဲထုတ်ထားလိုက်ပါတယ်။ ကျနော့်မှာ မာယာအင်ဂျလို ရဲ့ တခြားကဗျာစာအုပ်တအုပ်ရှိပါတယ်။ အခု VOA မှာ အလုပ်လုပ်တဲ့ ကိုသိန်းထိုက်ဦး(ထိုက်သူနိုင်)က လက်ဆောင်ပေးထားတာပါ။ မာယာအင်ဂျလိုက သမ္မတကလင်တန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့  ကမ္ဘာ့ကုလသမဂ္ဂ ဖွဲ့ စည်းထူထောင်ခြင်း နှစ်ငါးဆယ်မြောက်အခမ်းအနားမှာ ကဗျာတွေတက်ရွတ်သွားတဲ့ ကဗျာဆရာမပါ။ ပြီးတော့  ထိုင်းစာပေသမိုင်းစာအုပ်နဲ့ လက်တင်အမေရိက ကဗျာဆရာ “ဖါနန်ဒိုပက်ဆိုရာ↔ ရဲ့ ကဗျာစာအုပ် ပေါင်း သုံးအုပ်တော့ရလိုက်ပါတယ်။ ထိုင်းဘတ်ငွေ ၅၀၀ ကျော်ချောသွားပါတယ်။

ကောင်တာမှာငွေရှင်းပြီးတယ်ဆိုရင်ပဲ ဆိုင်ရှေ့ ကို ကမန်းကတန်းထွက်ပြီး ပြန်ကြဖို့ လုပ်ကြရပါတယ်။ ရှေ့ နားနည်းနည်းတိုးပြီး တက်စ်စီငှါးစီးကြပါတယ်။ အလာတုန်းက ဆရာမလေးတူးတူးသာ သင်ပေးလိုက်တဲ့စကားလုံးကို အလွတ်ရနေတဲ့ ဆရာနေမျိုးအေးအားကိုးနဲ့ ဧရာဝတီတိုက်ကို ပြန်ကြပါတယ်။ ကျနော်က လူတတ်ကြီးလုပ်ပြီး ကားဆရာကို လမ်းညွှန်ပြီးသွားကြပါတယ်။ ကားဂိတ်ကလေးတခု အလွန်မှာ ကျနော်တို့ ကားပေါ်ကဆင်း ကားခ ကျနော်ကရှင်း ပြီးတော့ မှာလိုက်တဲ့အတိုင်း အမိုးစိမ်းစိမ်းအဆောက်အဦးနားအထိ နည်းနည်းလမ်းလျောက်။ ကျနော်ကတော့ ကားပေါ်ကဆင်းလိုက်ကတည်းက စိတ်ပူနေပါပြီ။ ကျနော်တို့ သုံးယောက် လမ်းပျောက်နေပြီဆိုတာ ကောင်းကောင်းခံစားလို့ ရနေပါပြီ။ စိတ်ပူတတ်တဲ့ကျနော်က ရှေ့ ကပဲလျောက်ပါတယ်။ ရှေးနန်းတော်မြိုးရိုးဘေးကလမ်းအတိုင်းလျောက်ကြပါတယ်။ ပြည်တွင်းက စာရေးဆရာကတော့ တလမ်းလုံးစိတ်ပူရမှန်းမသိ ဓါတ်ပုံတွေချည်းပဲရိုက်ရင်း လိုက်လာနေပါတယ်။ ကျနော်က ဆရာနေမျိုးအေးနဲ့ ကျနော် နှစ်ယောက်စလုံး ဘာလက်မှတ်မှ မပါလို့  ပုလိပ်ဖမ်းမှာကြောက်ရတာကတမျိုး လမ်းမှားလို့ စိတ်ပူရတာတမျိုးနဲ့ ကျုံးဘေးပလက်ဖေါင်းအတိုင်းလာလိုက်တာ ဘယ်လိုမှ မမှတ်မိနိုင်အောင်ဖြစ်လာရပါတယ်။ ဒါနဲ့ ပဲ ဆရာနေမျိုးအေးက တူးတူးသာဆီ ဖုံးအကြိမ်ကြိမ်ဆက် နောက်ကိုလာလမ်းအတိုင်းပြန်လျောက်၊ ကျုံးဟိုဖက်ကမ်းကိုတံတားပေါ်ကကူး၊၊ ဒီလိုနဲ “ဆရာတို့ ဒီအတိုင်းသာဆက်လျောက်လာ ဆရာတို့ ကို သမီးမြင်နေရပြီ” ဆိုတဲ့ ဆရာမလေးတူးတူးသာရဲ့ စကားကို ဖုံးထဲကကြားမှပဲ ကျနော့်မှာ စိုးရိမ်စိတ်တွေ လျော့သွားရပါတယ်။ အဲဒီအခါကြပြန်တော့လည်း မြို့ ထဲ ကျနော်တို့ ချည်းပဲ သွားတဲ့အခါ ကင်မရာကိုင်ပြီးသွားရမှာ ဝန်လေးလို့ ကင်မရာကို ဧရာဝတီတိုက်မှာခဏထားခဲ့မိတာတွေးပြီး ကိုယ့်ကိုယ်ကို တော်တော်လေးမကျေမနပ်ဖြစ်လိုက်ရပါသေးတယ်။ တလမ်းလုံး ဓါတ်ပုံရိုက်နေတဲ့ ပြည်တွင်းက စာရေးဆရာကိုလည်း သွားပြီးမနာလို ဖြစ်လိုက်ပါသေးတယ်။

ဟော်တယ်ကိုပြန်ရောက်တော့ ညီလာခံအချိန် မမှီတော့ပါဘူး။ ကျနော်နဲ့  ဆရာနေမျိုးအေး တို့  ဟော်တယ်ခန်းမအောက် ဓါတ်လှေကားနားရောက်တော့ ညတုန်းက ကျနော့်ကို နိုင်ငံရေးသတ်ဖို့ မြို့ ထဲသွားဖို့ စည်းရုံးရေးဆင်းတဲ့ ရဲဘော်ကြီးကို ကျနော်တွေ့ ပါတယ်။ သူက ကျနော့်ကိုအပြုံးနဲ့ နှုတ်ဆက်ပါတယ်။ သူ့ အပြုံးကို ကျနော်မဝေခွဲတတ်ဘူးလေ။ “ဟေ့ လူ အခု ခင်ဗျား မြို့ ထဲက ပြန်လာတာမို့ လား” ဆိုတဲ့ အပြုံးမျိုးများလား။ ဒါမှမဟုတ် ကိုယ့်တမြို့ ထဲသားချင်းဆုံလို့ နှုတ်ဆက်လိုက်တဲ့အပြုံးများလား။
အခန်းထဲကိုဝင်တော့ အခန်းထဲမှာမှောင်နေပါတယ်။ ရုတ်တရက် ကြောင်စီစီရပ်နေတဲ့အခိုက် ဆရာနေမျိုးအေးက သော့နဲ့ တွဲထားတဲ့ ကဒ်ပြားလေးကို အပေါက်ဝဘေး နံရံမှာကပ်ထားတဲ့ ဗူးကလေးထဲ ထောင်ပြီးထည့်လိုက်တော့မှ အခန်းထဲက မီးတွေ လင်းလာပါတော့တယ်။ ကျနော်က အဲဒီတော့မှ “အော် ဒီလိုကိုး↔ဆိုတဲ့အပြုံးနဲ့ ဆရာနေမျိုးအေးကို အထင်ကြီးတဲ့အကြည့်နဲ့ တချက်ကြည့်ပြီး အခန်းထဲကို ဝင်လိုက်ပါတယ်။

ကျနော်တို့ နှစ်ယောက် အခန်းကိုပြန်ရောက်ပြီးလို့ နာရီဝက်လောက်ရှိမှပဲ အခန်းဖေါ်တွေဖြစ်ကြတဲ့ ကိုသီဟမောင်မောင်နဲ့ ကိုဈာန်တို့ ပြန်ရောက်လာကြပါတယ်။ ကိုသီဟမောင်မောင်က အခန်းထဲကို ဖုံးပြောရင်းဝင်လာပြီး ရေချိုးခန်းထဲဝင်သွားပါတယ်။ ရေချိုးခန်းထဲကတဆင့်ခတ်သဲ့သဲ့ကြားနေရတဲ့ ကိုသီဟမောင်မောင်ရဲ့ ဖုံးစကားပြောသံက တော်တော်နဲ့ ကို မပြီးတော့ပါဘူး။ ။

ပုံ (၁) ကိုသန်းလွင်ထွန်းနဲ့ ကိုမောင်မောင်မြင့်
ပုံ (၂) ကဗျာဆရာ မောင်လွမ်းဏီ
ပုံ (၃) ဆရာ ရွှေအိမ်စည်နဲ့ ဆရာနေမျိုးအေး
ပုံ (၄) ဆရာနေမျိုးအေး၊ ဆရာ စိုးနေလင်း၊ ဆရာ ကိုတင်အေး
ပုံ (၅) ဟော်တယ်ကထွက် လက်ယာဘက် ချင်းမိုင်မြို့ မြင်ကွင်း


နောက်တပိုင်း ဆက်ဖတ်ပါရန်.....

1 comment:

  1. ဆရာ့ ခရီးစဉ်လေးက စိတ်ဝင်စားဖို့ကောင်းတယ်
    ဆရာမောင်လွမ်းနီတှို နေမျိုးအေးတို့ ခုမှ မြင်ဖူးတော့တယ်

    ReplyDelete