ဗီယက်ကျန်းမြို့က အောင်မြင်ခြင်း မုဒ်ဦး
မနက် အိပ်ယာထ ရေချိုးပြီးတော့ တည်းခိုခန်းမှ ထွက်ခဲ့သည်။ အရင်တစ်ခေါက် လာအိုကို ရောက်စဉ်တုန်းကတည်းက တည်းခိုခန်းက ကျွေးသော ထမင်းကို ကျနော် မစားခဲ့ပါ။ တည်းခိုခန်းနှင့် ငါးမိနစ်ခန့် လမ်းလျှောက်သွားလျင် ရောက်သည့် လမ်းဘေး ထမင်းဆိုင်လေး တဆိုင်တွင်သာ ထမင်း သွားစားခဲ့၏။ ပထမတစ်ခေါက် ရောက်စဉ်က ပန်းချီဆရာ ကိုမောင်ဟန်နှင့် သူ့မိတ်တွေတို့က ဦးဆောင် လမ်းပြမှုဖြင့် လမ်းဘေးထမင်းဆိုင်လေးကို ကျနော် ရောက်ဖူး စားဖူးခဲ့ခြင်း ဖြစ်သည်။ ယခုလည်း ထို ထမင်းဆိုင်လေးတွင်သာ ထမင်းစားရန် ဆုံးဖြတ်ထားခဲ့သည်။
ထမင်းဆိုင်လေးထဲ ဝင်လာတော့ ဆိုင်အကူ ကုလားမလေးက ကျနော့်ကို ဝမ်းသာအားရ ဆီးကြိုနှုတ်ဆက်သည်။ ဆိုင်ရှင်များနှင့်သာမက ဆိုင်အကူ ကုလားမလေးနှင့်လည်း အရင်တခေါက် ကတည်းက သိကျွမ်းခဲ့ပြီးဖြစ်သဖြင့် ဆိုင်ကလေးထဲ ဝင်လိုက်သည် ဆိုလျင်ပဲ ကျနော့် စိတ်တွေ ပေါ့ပါးသွားရ၏။ သို့သော် ဆိုင်ရှင် လာအိုမိသားစုနှင့် ဆိုင်အကူ ကုလားမလေးတို့က လာအိုနှင့် ထိုင်းစကား တတ်ကြပေမယ့် ကျနော်ကမူ ထိုင်းစကားမတတ်။ အင်္ဂလိပ်လို တစုံတရာ ပြောဆိုဆက်ဆံဖို့ ကျပြန်တော့လည်း ဆိုင်ရှင် လာအိုအမျိုးသားကြီးမှာ ပြင်သစ်စကားကလွဲပြီး အင်္ဂလိပ်လို မပြောတတ်။ တော်တော်တော့ ဂွကျလှ၏။ (လာအိုတို့မှာ ပြင်သစ်ကိုလိုနီဘဝ နေခဲ့ရသည့် တိုင်းပြည် ဖြစ်ပါသည်။) သို့သော် သူတို့အားလုံးက ဖေါ်ရွေကြလွန်းသဖြင့် ကျနော့်အဖို့ စကား မပေါက်သည်ကလွဲပြီး စိတ်ပြေလက်ပျောက် လွတ်လပ်စွာ တနေကုန် ထိုင်ပြီး အချိန်ဖြုန်းဖို့ရာ အသင့်တော်ဆုံး နေရာလေး တခုဖြစ်ခဲ့၏။ ထို့ကြောင့် သူတို့ကို ကျေးဇူးတင်မိသည်။
မနက်ပိုင်း ၁၀ နာရီခန့်တွင် ကျနော် ထမင်းစားပြီး သွားခဲ့သည်။ ထို့ကြောင့် ဗီယက်ကျန်းမြို့ထဲ အနည်းငယ် လျှောက်လည်ကြည့်ရန် စဉ်းစားသည်။ သို့သော် ဘယ်ကားတွေ ဘယ်လိုပြော စီးရမည်ကို ကျနော် မသိ။ ခြေလျင် လျှောက်သွားကြည့်ဖို့ရန်ကလည်း မဖြစ်နိုင်။ အကြံအိုက်နေစဉ် ဆိုင်အကူ ကုလားမလေးက ဘယ်ကပြန်လာသည်မသိ ဆိုင်ရှေ့တွင် စက်ဘီးပေါ်က ဆင်းနေသည်ကို ကျနော် တွေ့တော့ အကြံရသွားသည်။ စက်ဘီးငှါးစီးရန် စဉ်းစားမိသွားသည်။
စက်ဘီး ခဏ ငှါးစီးချင်ကြောင်း နိုင်ငံတကာ ဘာသာစကားနှင့် ကြိုးစားပြီး ပြောကြည့်တော့ ကုလားမလေးက အလွယ်တကူပင် သဘောတူသည်။ သို့သော် အလကားတော့ မရ။ တနာရီလျင် ဘတ် ၂၀ ပေးရမည်ဟု ဆိုသည်။ နှစ်ဦးနှစ်ဘက် သဘောတူညီချက် ရသောအခါ စက်ဘီးကလေးစီးကာ ဗီယက်ကျန်း မြို့ထဲ ထွက်ခဲ့သည်။
လမ်းမကြီးအတိုင်း စီးလာနေစဉ် ကျနော့်စိတ်ထဲ မြင်ဖူးသလို ရှိသည့် မုဒ်ဦး အဆောက်အဦးကြီးတခုကို တွေ့ရသည်။ ထို မုဒ်ဦးကြီး၏ မလှမ်းမကမ်း လမ်းမကြီး ဘေးတွင်ပင် စက်ဘီးပေါ်က ဆင်းကာ အသေအချာကြည့်သည်။ ကျနော့်စိတ်ထဲ မုဒ်ဦးကြီးကို ကြည့်နေစဉ်မှာပင် ဘာ့ကြောင့် မြင်ဖူးသလို ရှိခဲ့သည်ကို သဘောပေါက်သွားရသည်။
လာအိုတို့သည် ကျနော်တို့နိုင်ငံလိုပင် နယ်ချဲ့သမား၏ လက်အောက်တွင် နှစ်ပေါင်းများစွာ ကိုလိုနီ ဘဝဖြင့် နေခဲ့ရ၏။ အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံများ ဖြစ်သည့် ကျန် ကမ္ဘာဒီးယားနှင့် ဗီယက်နမ်တို့သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သို့သော် ကျနော်တို့နိုင်ငံလို အင်္ဂလိပ်နယ်ချဲ့လက်အောက် ရောက်ခဲ့ရသည် မဟုတ်။ ပြင်သစ်တို့၏ လက်အောက် ရောက်ခဲ့ကြရသည့် နိုင်ငံများ ဖြစ်သည်။ ထို့ကြောင့် လမ်းကို ခွပြီး ဆောက်ထားသည့် မုဒ်ဦးကြီးမှာ ပြင်သစ်ပြည် ပါရီမြို့က အောင်မြင်ခြင်း မုဒ်ဦးကြီးနှင့် ဆင်တူနေခြင်း ဖြစ်သည်။ သတင်းစာထဲတွင် ကြိမ်ဖန်များစွာမြင်ဖူးထားသည့် ယင်း အောင်မြင်ခြင်း မုဒ်ဦးကြီးနှင့် ခတ်ဆင်ဆင်တူနေသဖြင့်သာ ကျနော့်စိတ်ထဲ မြင်ဖူးသည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ ထို မုဒ်ဦးကြီးရဲ့နံမည်ကလည်း အောင်မြင်ခြင်း မုဒ်ဦး ဟုပင် ပေးထားသည်။
မုဒ်ဦးကြီး၏ အောက်တွင် ကားလမ်းက ဖြတ်ဖေါက်ထား၏။( ယခုအခါ မုဒ်ဦးကြီးအောက်မှ ဖေါက်ထားသည့် လမ်းကို ကားများ သွားခွင့်မပြုတော့ပဲ ပန်းခြံထဲက လူသွားလမ်းအဖြစ်သာ ခွင့်ပြုထားသည်ဟု သိရ၏။) ခွထားသည့် တိုင် နှစ်ဘက်အောက်တွင် ဆေးဆိုင်လေး သုံးလေးဆိုင် ရှိနေသည်။ ကျနော်တို့ဆီက ကွမ်းယာဆိုင်သာသာ ဆိုင်ကလေးများ ဖြစ်ကြပြီး လာအိုနိုင်ငံ အမှတ်တရ ပိုစ့်ကဒ်များနှင့် အခြား တိုလီမိုလီ ပစ္စည်းကလေးများ ရောင်းနေသည်ကို တွေ့ရသည်။ ပါရီမြို့က အောင်မြင်ခြင်း မုဒ်ဦးကြီးနှင့်ခတ်ဆင်ဆင်တူသည်ဟု ကျနော် ပြောခဲ့သော်လည်း အမှန်မတော့ လာအိုတို့က သူတို့ အမျိုးသားယဉ်ကျေးမှု ပိသုကာပညာနှင့် ပေါင်းစပ်ပြီးမှ သည် မုဒ်ဦးကြီးကို တည်ဆောက်ထားသည်မှာ အထင်အရှားတွေ့ရသည်။ မုဒ်ဦးကြီးပေါ်က အချွန်အတက် အကော့အလန်များမှာ လာအိုအမျိုးသားတို့၏ ပိသုကာ ဟန် ဖြစ်သည်။
မုဒ်ဦးကြီးနှင့် မလှမ်းမကမ်းတွင် အပမ်းဖြေနားနေနိုင်သည့် ပန်းခြံတစ်ခု ရှိနေသည်။ သို့သော် နေပူနေသဖြင့် ခုံတန်းများပေါ် သွားထိုင်လို့တော့ မဖြစ်သေး။ ကားလမ်းကို ခွဆောက်ထားသည့် မုဒ်ဦးကြီးအောက်တွင် ခေတ္တခဏမျှသာ ကျနော် ရပ်ကြည့်နေခဲ့သည်။(ယခုအခါ မုဒ်ဦးကြီးအောက်က ဖြတ်ဖေါက်ထားသော ကားလမ်းကို ကားများသွားလာခွင့် မပြုတော့ပဲ ပန်းခြံအသွင် ပြောင်းခဲ့ပြီဟု သိရပါသည်။)
မုဒ်ဦးကြီးကို ကျော်တော့ ကမ်းနားဘက် ချိုးကွေ့ပြီး ဆင်းသည့် လမ်းအတိုင်း ကျနော် ဆင်းချလာခဲ့သည်။ တနေရာ အရောက်တွင် မဲခေါင်မြစ်ကြီးကို အနီးကပ် တွေ့လာရ၏။ မြစ်ဘေးတွင် လူသွားလမ်း အုတ်လမ်းကလေးကို လက်ရမ်းသံတိုင်ဖြင့် ကာထား၏။ ကျနော်က စက်ဘီးကို လမ်းဘေးတွင် ရပ်ထောင်ကာ လူသွားလမ်းပေါ် တက်လိုက်သည်။
မဲခေါင်မြစ်ကမ်းပေါ်တွင် ကျနော် ရပ်ကြည့်သည်။ ထိုင်းဘက်ကမ်းဟု ထင်ရသည့် တဖက်ကမ်းကို လှမ်းမြင်နေရသည်။ မဲခေါင်မြစ် ရေပြင်မှာ အစိမ်းရောင် သစ်ပင်တန်းများ အနားကွပ်လျက် တည်ငြိမ်စွာ စီးဆင်းနေသည်။
သံပန်း လက်ရမ်းလေးကို ကိုင်ပြီး ရပ်နေရင်းက မဲခေါင်မြစ်ဝှမ်းသားများ၏ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲသံများကို စိတ်နားထဲတွင် ကြားလာရသည်။ ကျနော် ရောက်မလာခင် အချိန် လပိုင်းအတွင်းတွင် လာအိုနိုင်ငံ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ သုဝဏဖေါင် ကွယ်လွန်ခဲ့၏။ သူသည်ကား လာအို ဘုရင့် သားတော်တစ်ပါးဖြစ်သော်လည်း မျိုးချစ် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ထိုစဉ်က လာအိုဘုရင့်အနွယ်တော် မင်းသား ညီအစ်ကိုအရင်း ၃ ဦး ရှိသည့်အနက် ထို ၃ ဦးမှာ ရပ်တည်ချက် ၃ မျိုး ကွဲသွားခဲ့ကြ၏။ တစ်ဦးက ပြင်သစ်တို့နှင့် ပူးပေါင်းသွားခဲ့၏။ နောက်တစ်ဦးမှာ ပြင်သစ်တို့ကို မထောက်ခံသော်ငြားလည်း ကွန်မြူနစ် ဆန့်ကျင်ရေးသမားအဖြစ် ထင်ရှားခဲ့။ နောက်ဆုံး တစ်ဦးမှာ ကွန်မြူနစ် ဖြစ်လာခဲ့၏။ မင်းသားကြီး သုဝဏဖေါင် မှာ ကွန်မြူနစ်ခေါင်းဆောင် တော်လှန်ရေး ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့၏။
လာအို ကွန်မြူနစ်တို့သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် လာအိုပြည်သူတို့ကို ခေါင်းဆောင်မှု ပေးနိုင်ခဲ့ကြ၏။ လွတ်မြောက်လာသောအခါ လာအို ပြည်သူ့ တော်လှန်ရေးပါတီ (LPRP) အမည်ဖြင့် အာဏာရ ပါတီဖြစ်လာခဲ့၏။ ပစ္စည်းမဲ့ တော်လှန်ရေးဝါဒကို ပါတီ၏ လမ်းညွှန်အယူအဆ အဖြစ် ကြေညာခဲ့လေသည်။ နောက်ပိုင်းတွင် မျိုးချစ်ခေါင်းဆောင် ` ခေဆန် ဗွန်ဘီဟိန်း ´ သည် ပါတီခေါင်းဆောင် အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့လေသည်။
လာအို ကွန်မြူနစ်တို့သည် တိုင်းပြည်ကို တပါတီ အာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်နေကြသည့်တိုင် တချိန်က မျိုးချစ်ခေါင်းဆောင်များ ဖြစ်ခဲ့သဖြင့် လာအိုပြည်သူတို့က ယခုထက်ထိ တစုံတရာ ထောက်ခံမှု ရနေသည့် သဘောလား ဆိုသည့် မေးခွန်းကို ကျနော် စဉ်းစားနေမိသည်။ သို့သော် နှစ်ပေါင်းများစွာ ပါတီတခုတည်းက တိုင်းပြည်အာဏာ ရယူထားခြင်းသည် အာဏာရှင်စံနစ်ဆီ ရောက်ရှိသွားနိုင်သည်ဆိုသည်ကိုမူ လာအိုပြည်သူများ မသိ မဟုတ်။ သိတော့ သိနေကြပါလိမ့်မည်။ ထို့ကြောင့်လည်း ဒီမိုကရေစီရေးနှင့်ပတ်သက်သော ပြဿနာများ ကြိုးကြားကြိုးကြား သတင်းများတွင် ကြားနေရခြင်း ဖြစ်သည်။
လူသွားလမ်းလေးပေါ်က ပြန်ဆင်းမည် လုပ်တော့ မဲခေါင်မြစ်ကြီးကို သေသေချာချာ လှမ်းမျှော်ကြည့်နေမိသေးသည်။ ငှက်တအုပ်က မြစ်ကြောင်းအတိုင်း ပျံသန်းသွားနေကြသည်။ သစ်ပင် စိမ်းစိမ်းအုပ်အုပ်များဖြင့် အနားသပ်ထားသည့် မဲခေါင်မြစ်ကြီးမှာ လာအိုပြည်သူတို့၏ သမိုင်းကို ကြောပိုးကာ တငြိမ့်ငြိမ့် စီးဆင်းလျက်။ မြစ်ပြင်ထက်တွင် တိမ်တောင် တိမ်တိုက်များကို မြင်နေရပြန်သည်။ တိမ်များမှာ မြစ်ရေနှင့် လွင့်မျော ပါသွားနေကြသည်ဟု ထင်နေရ၏။
တနာရီခွဲခန့် စက်ဘီးစီးနေပြီးမှ ထမင်းဆိုင်လေးဘက် ပြန်လှည့်သည်။ ထမင်းဆိုင်လေးအနား ရောက်ကာနီးကာမှ ယခင်တစ်ခေါက် လာအိုကို ရောက်စဉ်က ပန်းချီဆရာ ကိုမောင်ဟန်တို့နှင့် အတူ ဝင်ထိုင်ခဲ့သည့် အရက်ဆိုင်ကလေးကို သတိရလာသဖြင့် ထို ဆိုင်ကလေးဘက် လှည့်လိုက်သည်။
လမ်းဘေး အရက်ဆိုင်ကလေးမှာ ယခင်တုန်းကလို ညှိုးညှိုးနွမ်းနွမ်းကလေးပင် ဖြစ်သည်။ ကျနော်တို့ဆီက အညာ ထန်းရေဆိုင်လေးများနှင့် တူနေသေးတော့သည်။ သို့သော် အထင်သေးလို့တော့ မရပါ။ သည် အရက်ဆိုင်ကလေးမှာ ပြင်ပကမ္ဘာက လူများအဖို့ မသိသူ ရှားလှသည့် ကျော်ကြားသော အရက်ဆိုင်လေး ဖြစ်သည်။ အထူးသဖြင့် ဥရောပတိုက်သား ယမကာ ကြိုက်သူများ အများစု လာရောက် ထိုင်လေ့ ရှိသည်။ အရင်တစ်ခေါက် ကျနော်တို့ ဝင်ထိုင်စဉ်ကလည်း မျက်နှာဖြူတွေနှင့်အတူ တွဲပြီး ထိုင်ခဲ့ကြရသည်။ ယခုလည်း အရက်ဆိုင်လေးရှေ့ မရောက်မီကတည်းက ဆိုင်ထဲတွင် မျက်နှာဖြူ တချို့ ဝိုင်းဖွဲ့ထိုင်နေကြသည်ကို လှမ်းမြင်နေရသည်။
ဆိုင်ကလေး ဘာ့ကြောင့် နံမည်ကြီးနေသည်ကို ကျနော် စဉ်းစားကြည့်တော့ သည် အရက်ဆိုင်ကလေးရဲ့ နံမည်ကျော် အမြည်းမှာ ခွေးသားကို မျက်စေ့ ရှေ့မှောက်မှာတင် လတ်လတ်ဆတ်ဆတ် မီးကင်ပေးသောကြောင့် ဖြစ်သည်ဟု ထင်ပါသည်။
အစပိုင်းတွင် ကိုမောင်ဟန်တို့က ယင်း အရက်ဆိုင်လေးဘက် သွားကြရအောင်ဟု ကျနော့်ကို ဆွယ်တရားဟောကြစဉ်က ကျနော်က အရက်နှင့် ကျန်းမာရေးအရ မတည့်သူဖြစ်သဖြင့် ငြင်းဆန်နေခဲ့သေးသည်။ သို့သော် ခွေးသားကို ကင်ပြီး အမြည်းလုပ်ပေးနေသည့် ဆိုင်ဟု သိရသောအခါ ကျနော် အနည်းငယ် စိတ်ဝင်စားသွားရသည်။ ထို့ကြောင့် နောက်ထပ် မငြင်းတော့ပဲ အလွယ်တကူပင် ထလိုက်လာခဲ့သည်။
ဆိုင်ကလေးထဲ ဝင်ထိုင်ကြတော့ ကျနော် ထိုင်နေရာနှင့် လက်တကမ်းအကွာ အဝင်ပေါက်ဘေးတွင် မျှဉ်းထားပြီးဖြစ်သည့် ခွေးသားများကို အလွန်ကြီးမားသော ဇလုံကြီးထဲ အပြည့်အမောက် ထည့်ထားသည်ကို တွေ့နေရ၏။ ငြုပ်ဆီရောင်ဆေးများ သုပ်လိမ်းထားသည့် ခွေးသားများကို ဘေးတွင်ထိုင်နေသည့် အမျိုးသမီးကြီးက သံညှပ်နှင့်ယူကာ မီးဖိုပေါ်က သံဇကာပန်းပေါ်တင်ပြီး မီးကင်ပေးနေသည်။ အဆီများက မီးဖိုထဲ တစက်စက် ကျနေလျက်။ ပြီးတော့ ကျနော်တို့ရှေ့ စားပွဲပေါ် ခွေးသားကင်များ သံပန်းကန်တချပ်တွင် ထည့်ကာ ရောက်လာခဲ့သည်။
ကျနော်က နည်းနည်းတော့ မြည်းကြည့်သည်။ စိတ်ထဲက မရှင်းလင်းသည့် အခံဖြင့် ယူစားကြည့်ခြင်း ဖြစ်သဖြင့် ဘယ်လို အရသာရှိသည်ကိုပင် အတိအကျ ခန့်မှန်းလို့ မရဖြစ်နေသည်။ မဝံ့မရဲ ကောက်ဝါးနေသော ကျနော့်ကို ကြည့်ကာ ကိုမောင်ဟန်က ပြုံးနေသည်။ သူတို့သည်လည်း အတွေ့အကြုံ ရှိရန် ရည်ရွယ်ပြီးမှ လာထိုင်ကြခြင်း ဖြစ်သည်ဟု ကျနော် ထင်ပါသည်။ ဟက်ဟက် ပက်ပက် ကောက်စားကြသည်ကို ကျနော် မတွေ့ခဲ့ရ။
ယခုတခါ ယင်း အရက်ဆိုင်ကလေး ရှေ့ဖြတ်ပြီး စက်ဘီးစီးလာတော့ ကိုမောင်ဟန်တို့ကို ကျနော် လွမ်းနေမိလေသည်။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်….။
No comments:
Post a Comment