ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၃)
` ဟိုင်း ´
` ဟိုင်း´
` ဘယ်နိုင်ငံက ပါလဲ ရှင် ´
` ဗမာပြည်က ပါ ´
` အော် ဗမာပြည်ကလား၊ ကျမ ဗမာပြည်ကို စိတ်ဝင်စားပါတယ်၊ ဟို ဟို ရွှေတွေ သုပ်ထားတဲ့ ဘုရား ရန်ကုန်မှာ ရှိတဲ့ ဘုရား၊ ကျမ ထိုင်းမှာ တစ်လကျော် နေခဲ့တာပါ၊ ဗမာပြည်ကို သွားချင်ပေမယ့် မရောက်ခဲ့ပါဘူး၊ တွေ့ရတာ ဝမ်းသာပါတယ် ရှင် ´
ကျနော်က အလိုက်သင့် ခေါင်းငြိမ့်ပြီး ကျေးဇူးတင်ကြောင်း အသိအမှတ် ပြုရပြန်သည်။
` ဒိန်းမတ် ကိုပဲလား ´
ကျနော် ဘာပြန်ပြောရမှန်းပင် မသိ။ အမှန်အတိုင်း ပြောဖို့ လိုအပ်ရဲ့လား။ အမှန်အတိုင်း ပြောရင်ကော..။
` မဟုတ်ပါဘူး အော်စလို အထိ သွားမှာပါ ´
` အိုး အော်စလိုအထိ သွားမှာလား၊ အော်စလိုကို ကျမ တစ်ခေါက်ပဲ ရောက်ဖူးတယ်၊ တိုင်းပြည်ချင်းကပ်နေပေမယ့် တစ်ခေါက်ပဲ ရောက်ဖူးတာပါ၊ ဒါပေမယ့် တစ်လလောက် နေခဲ့ရပါတယ်၊ သိတ်ချစ်ဖို့ကောင်းတဲ့ မြို့ပါ ´
ကျနော်က ဘယ်လို တုန့်ပြန်စကားပြောရမည်ကို စဉ်းစားလို့ မရ။ သူ့ကို ပြုံးပြ နှစ်သိမ့်ဖို့ ကြိုးစားကြည့်သည်။ သူနဲ့ စကားစမြည် ဆက်ပြောဖို့ စကားလုံး ရွေးနေမိသည်။
ဂိတ်နံပါတ် ၃၂ ၊ လေယာဉ်ပေါ် တက်ကာနီး ထိုင်စေါင့်ရသည့်အခန်း( Departure Lounge )ထဲတွင် ခရီးသည် ၁၀ ဦးခန့်ပင် မရှိသေးပါ။ ကျနော်က လေယာဉ်ပေါ်တက်ကာနီး သူများလုပ်သလို လိုက်လုပ်ဖို့ ချိန်ဆပြီး နောက်ပိုင်း မကျတကျ ထိုင်ခုံတွင် သွားထိုင်နေလိုက်သည်။
လေဆိပ်ဝန်ထမ်းတွေ ခရီးသည်တွေအားလုံး စကားတိုးတိုးသာ ပြောသည်ကို တွေ့ရသည်။ အခန်းထဲ ဝင်လာကာစက ကျနော့်အဖို့ စိတ်အေးလက်အေး ကိုယ့်အတွေးနှင့်ကိုယ် ထိုင်ခွင့်ရပြီဟု ထင်ခဲ့သည်။ သို့သော် ခုံလွတ်တွေ ရှိနေပါလျက် အသက် ၄၀ ကျော်ခန့်ရှိသည့် ဥရောပ အမျိုးသမီးကြီးတစ်ဦးက ကျနော်နှင့် ထိုင်ခုံတစ်လုံးကျော်တွင် လာထိုင်လိုက်သည်။ ပြီးတော့ စကားတွေ လွှတ်တော့သည်။ ကျနော့်မှာ တော်တော်လေး မသက်မသာ ဖြစ်သွားရ၏။ ကျနော်က ကျနော့် ဒုက္ခနှင့်ကျနော်၊ ကျနော့် အတွေးနှင့် ကျနော်။
ကျနော့်ဆီက ဟက်ဟက်ပက်ပက် တုန့်ပြန်ချင်ပုံ မရသည့် မျက်နှာမှာ သိသာသွား၍ပဲလား၊ ဒါမှမဟုတ် ရုတ်တရက်ချက်ချင်း စိတ်ပြောင်းသွား၍ပဲလား ကျနော်မသိ။ ကျနော့် ဘေးက အမျိုးသမီးကြီးက အသံတိတ်သွား၏။ စာအုပ်တစ်အုပ်ကို ထုတ်ပြီး ဖတ်နေတော့၏။ အမှန်အားဖြင့် ဖေါ်ရွှေခြင်း မရှိသည့် ကျနော့် မျက်နှာထားကြောင့်လည်း ဖြစ်နိုင်ပါသည်။
အခန်းထဲ ဝင်ထိုင်လိုက်ကတည်းက အမျှင်မပြတ်အောင် တွေးနေခဲ့သည့် အတွေးမှာလည်း ဘေးတွင် ဝင်ထိုင်လိုက်သည့် အမျိုးသမီးကြီးကြောင့် ပြတ်တောက်သွားရ၏။ အခုတော့လည်း ကျနော့်ဘေးက အမျိုးသမီးကြီးက သူ မဟုတ်သလို တိတ်ဆိတ်စွာ စာထိုင်ဖတ်နေပြန်တော့သည်။ သည်တော့လည်း သူ့ကို ကျနော်က စိတ်ထဲက ကြိတ်ပြီး ကျေးဇူးတင်လိုက်ရ၏။ သည်လိုနှင့် ပြတ်တောက်သွားသော အတွေးကို ဆက်လိုက်မိပြန်သည်။
လာအိုနိုင်ငံကို ပထမတစ်ခေါက် ဗီဇာရက် တိုးဖို့ရောက်စဉ်က ထိုင်းတို့တည်ဆောက် ပေးထားသည့် ထိုင်း လာအို ချစ်ကြည်ရေးတံတားကြီးပေါ်တွင် အခု ကျနော့်ဘေးတွင် လာထိုင်သည့် ဥရောပတိုက်သူ အမျိုးသမီးကြီးနှင့် တူသည့် မြန်မာအမျိုးသမီးကြီးတစ်ဦးကို ကျနော် ဆုံခဲ့ဖူးသည်။ ထိုစဉ်က ထိုင်း လူဝင်မှုကြီးကြပ်ရေးဂိတ် ရှေ့မှ ကျနော်တို့ ခရီးသည်တင်ကား ဖြတ်မောင်းလာကတည်းက တချိန်လုံး အသံတိတ်နေခဲ့သည့် ခရီးသည်များမှာ စကားတွေ ကျယ်ကျယ်လောင်လောင် ပြောလာကြတော့သည်။ ခရီးသည်အားလုံးမှာလည်း မြန်မာနိုင်ငံသားချည်းပဲ ထင်ရ၏။ တံတားကြီးပေါ် ရောက်လာတော့ စကားသံတွေ ပိုပြီး ကျယ်လောင်လာခဲ့သည်။
ကျနော်က တံတားကြီးထိပ်ပေါ် ခရီးသည်တင်ကား ရောက်လာကတည်းက မဲခေါင်မြစ်ကို ငုံ့ကြည့်ကာ ရင်ခုန်နေခဲ့သည်။ မဲခေါင်မြစ်….။ ထီလာစစ်သူ ရဲ့ ` မဲခေါင်မြစ်မှ အိုရွက်ဝါ ´ ကဗျာစာအုပ်ကိုလည်း သတိရလာနေခဲ့သည်။ ထီလာစစ်သူက တရုပ်ဖြူ ကျူးကျော်မှုကို တိုက်ထုတ်တွန်းလှန်ပစ်ခဲ့သည့် အတွေ့အကြုံကို အခြေခံကာ ယင်း ကဗျာစာအုပ်ကို ရေးဖွဲ့ခဲ့သည်။
မဲခေါင်မြစ်ကို အားပါးတရ ငေးကြည့်ကာ အတွေးနယ်ချဲ့မည်ဟု မှန်းထားခဲ့သည့် စိတ်ကူးမှာ မအောင်မြင်ခဲ့ပါ။ ကျနော့် ဘေးနား ကပ်ထိုင်လာသည့် အမျိုးသမီးကြီးတစ်ဦးက မိတ်ဆက်စကားပြောခြင်း ဒေသန္တရ ဗဟုသုတများကို ပြောနေခြင်းဖြင့် ကျနော့်မှာ လွတ်လွတ်လပ်လပ် တွေးခွင့် ကြည့်ခွင့် မရခဲ့။ တံတား တဖက်ထိပ်ကို ရောက်သည်အထိ ကျနော့် ဘေးနားက အမျိုးသမီးကြီးက စကားအမျှင်မပြတ်ခဲ့။
ယခု ဥရောပ ခရီးစဉ်အဖြစ် ဒုတိယ အခေါက် ရောက်လာသည့် အကြိမ်တွင်မူ လာအိုဘက်အကူး ချစ်ကြည်ရေးတံတားကြီးပေါ်ဖြတ်တော့ ကျနော့် ဆုတောင်း ပြည့်ခဲ့သည်။ အနှောက်အယှက်မရှိ မဲခေါင်မြစ်ကို ကြည့်ရှု ခံစားခွင့် ရခဲ့၏။
ဥရောပ တိုက်သားများအနက် မဟာခရီးသည်ကြီး မာကိုပိုလိုသည် မဲခေါင်မြစ်ကို ပထဆုံး ဖြတ်ကူးသူ ဖြစ်ခဲ့၏။ ရာစုနှစ် ၃ ခု ခြားပြီးနောက် ပေါ်တူဂီ သာသနာပြုတွေ မဲခေါင်မြစ်ကို လှေနှင့် ဖြတ်ကူးခဲ့ကြဖူးလေသည်။
မဲခေါင်မြစ်သည် ကမ္ဘာပေါ်က ကျနော် စိတ်ဝင်စားသည့် မြစ်များစွာအနက် တစ်စင်း အပါအဝင် ဖြစ်သည်။ အထူးသဖြင့် ၂၀ ရာစုအလယ် ပူပူနွေးနွေး မျက်မှောက်ခေတ် ပဋိပက္ခများ အပြင်းထန်ဆုံး ဖြစ်ပွါးခဲ့သည့် အင်ဒိုချိုင်းနားကျွန်းဆွယ် ၃ နိုင်ငံသမိုင်းနှင့် မဲခေါင်မြစ်ကို ခွဲထုတ်လို့ မရ။
မဲခေါင်မြစ်သည် အာရှတိုက်တွင် တတိယ အရှည်လျားဆုံး မြစ် ဖြစ်သည်။ တကမ္ဘာလုံးရှိ မြစ်များအနက် ဒဿမမြောက် အရှည်လျားဆုံး မြစ် လည်းဖြစ်သည်။ တံတားပေါ်မှ ဖြတ်ကျော်လာနေစဉ် မြစ်ပြင်ကြီးကို ငုံ့ကြည့်ကာ မြစ်ပြင်ပေါ်တွင် မြင်နေရသော မိုးတိမ်များနည်းတူ ကျနော့် စိတ်သည်လည်း တခြားတနေရာသို့ လွင့်မျော လိုက်ပါ သွားနေခဲ့၏။
၁၉၆၀ ဝန်းကျင်တုန်းက ကျူးကျော်သူ မဟာ အင်အားကြီးနိုင်ငံ အမေရိကန်နှင့် သူ၏ အချွေအရံနိုင်ငံ ၁၂ နိုင်ငံ စစ်တပ်တို့ကို မဲခေါင်မြစ်ဝှမ်းသားများ ဖြစ်ကြသည့် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် တို့က အတူတကွ လက်တွဲပြီး ပြန်လှန် တိုက်ခိုက်ခဲ့ကြ၏။ လာအိုမှ ` ပသက်ပျောက်ကျားတပ်ဖွဲ့များ ´၊ ကမ္ဘာဒီးယားမှ ` ခမာနီများ ´၊ ဗီယက်နမ်မှ ` အမျိုးသားတပ်ဦး ပြောက်ကျားတပ်များ ´ က ကျူးကျော်သူတို့ကို အပြင်းအထန် ခုခံတိုက်ပွဲ ဝင်ခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများက တကမ္ဘာလုံးကို ရိုက်ခတ်တုန်လှုပ် နေစေခဲ့သည်ကို ကျနော် တွေးမိလာသည်။ လာအိုမှ ပဒေသရာဇ် အနွယ်ဝင် ညီနောင် ၂ ဦး( အမှန်မှာ ညီနောင် ၃ ဦးဖြစ်ပါသည်။ တစ်ဦးမှာ နယ်ချဲ့နှင့် ပေါင်းသွားခဲ့၏။)၊ ကမ္ဘာဒီးယားမှ မင်းသားကြီး သီဟာနု၊ ဗီယက်နမ်မှ ဦးလေးဟို တို့၏ အမျိုးသားလွတ်မြောက်ရေး ကျိုးပမ်းမှုများကို ကျနော် လေးစားမိသည်။
ဗီယက်နမ်မှ ` ငိုဒင်ဇင် မိသားစု ´ သည်လည်းကောင်း၊ လာအိုမှ ` ကာတေး ´ သည် လည်းကောင်း၊ ကမ္ဘောဒီးယားမှ ` ဘိုဒိုင်း ´ စသူတို့ သည် အင်ဒိုချိုင်းနား နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတွင် ဗီလိန်များအဖြစ် ကျနော် နားလည်ထားခဲ့သည်။ နယ်ချဲ့တို့သည် ထို အမျိုးသား သစ္စာဖေါက် ဗီလိန်များကို လေ့ကျင့်မွေးမြူကာ နယ်ချဲ့စံနစ် သက်ဆိုးရှည်ရေး ကျိုးပမ်းသွားခဲ့ကြ၏။
အမေရိကန် နယ်ချဲ့လေယာဉ်များက လာအို မြေပေါ် ကျဲချခဲ့သည့် ဗုံးများက တုန်လှုပ်စရာ…။ ၁၉၆၄ မှ ၁၉၇၃ ခုနှစ် ဆယ်နှစ်အတွင်း လာအိုနိုင်ငံသား တစ်ဦးစီအတွက် ပျမ်းမျှ ဗုံးတန်ချိန် ၂ တန်အထိကျဲချခဲ့ကြသည်ဟု ဆိုပါသည်။
လာအိုတို့၏ သမိုင်းတွင် တိုင်းတပါးလက်အောက် ပထမဆုံး ကျရောက်ခဲ့သည်မှာ ၁၉ ရာစု အတွင်းတွင် ဖြစ်သည်။ တချိန်က မြန်မာတို့၏ ကျူးကျော် တိုက်ခိုက်မှုကို တေးတေးမှတ်မှတ် လုပ်နေသည့် ထိုင်းတို့ကို လာအိုတို့က လာအိုမြေပေါ် ပထမဆုံး ခြေချလာသည့် တိုင်းတပါးကျူးကျော်သူများအဖြစ် ယူဆထားကြ၏။ မြန်မာတို့က ထိုင်းတို့၏ အယုဒ္ဓယမြို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ထိုင်းတို့ကလည်း လာအိုတို့၏ မြို့တော် ဗီယက်ကျန်းကို မီးရှို့ဖျက်ဆီးခဲ့ကြ၏။
အမှန်စင်စစ် ၁၄ ရာစု အလယ်ခန့်တွင် ` ဖငွန် ´ မင်းသားက တလုံးတစည်းတည်းသော လာအိုနိုင်ငံကို ထူထောင်ခဲ့ပါသည်။ မင်းသား ` ဖငွန် ´က လာအိုနိုင်ငံကို ` ဆင်ပေါင်း တသန်း စံပျော်ရာ မြေ ´ ဟု တင်စားခေါ်ဝေါ်ခဲ့လေသည်။
တံတား၏ အလယ်ခန့်သို့ ရောက်သောအခါ မဲခေါင်မြစ်၏ လာအိုဖက်ကမ်းနှင့် ထိုင်း ဖက်ကမ်းတို့ကို တလှည့်စီ ကြည့်မိပြန်သည်။ လာအိုဘက်ကမ်းတွင် ခေတ်မီ တိုက်တာ အိုးအိမ်ဟူ၍ မယ်မယ်ရရ မတွေ့ရ။ ထိုင်းတို့ကမူ ခေတ်မီ ဟော်တယ်ကြီးတစ်ခုနှင့် တိုက်တာအဆောက်အဦးများ ဆောက်ထားကြပြီး ဖြစ်သည်။
ဒီလိုမြင်ကွင်းမျိုးကို မြင်ရတော့ ကျနော့်စိတ်ထဲ ဘဝင်မကျ ဖြစ်မိပြန်သည်။
အရှေ့တောင် အာရှ ခေတ်သစ်သမိုင်း၌ အင်ဒိုချိုင်းနား သုံးနိုင်ငံသည်လည်းကောင်း မြန်မာနိုင်ငံသည် လည်းကောင်း ကျွန်းဆွယ်နိုင်ငံများသည် လည်းကောင်း နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ် ပြင်းထန် ခိုင်မာခဲ့ကြ၏။ အမျိုးသား ဂုဏ်သိက္ခာကို သွေးနှင့်ချွေးနှင့် ရင်းကာ မြင်မြင့်မားမား ထူထောင် ထားရှိခဲ့ကြ၏။
ထိုင်းတို့၏ သမိုင်းကမူ ထို နိုင်ငံများနှင့် မတူခဲ့ပါ။ ထိုင်းတို့က သူတို့၏ အမျိုးသားလုံခြုံရေးကို သူတို့နည်း သူတို့ဟန်နှင့် တည်ဆောက်ခဲ့ကြပုံ ရပါသည်။ နယ်ချဲ့သမားများ အရှေ့တောင်အာရှကို စွန့်ခွါသွားကြရပြီးနောက် အမျိုးသားစိတ်ဓါတ် ပြင်းထန်လှသည့် အင်ဒိုချိုင်းနား သုံးနိုင်ငံတို့မှာ ပြာပုံထဲမှ ကုန်းထဖို့ ကြိုးစားနေကြစဉ် ထိုင်းတို့က အာရှတိုက်၏ ကျားတကောင် ဖြစ်လာခဲ့၏။
ထို အဖြစ်အပျက်များကို မူတည်ကာ ` အမျိုးသား ဂုဏ်သိက္ခာနှင့် အမျိုးသား လုံခြုံရေး´ ကိစ္စ တခုနှင့်တခု ဆက်စပ်ပုံ ဆက်စပ်နည်းနှင့် အဓိပ္ပါယ် ဖွင့်ဆိုပုံ ဖွင့်ဆိုနည်းများ မတူကွဲပြားမှုအပေါ် ကျနော့်မှာ လိုက်မမီအောင် ဖြစ်နေမိသည်။ အမျိုးသားလုံခြုံရေးကိစ္စနှင့် အမျိုးသားဂုဏ်သိက္ခာကိစ္စ ထိုင်းတို့နှင့် ကျန် အာရှနိုင်ငံတချို့ အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း မတူကြ။
အခု တခေါက် လာအိုတွင် ၃ ရက်ခန့် နေရဦးမည် ဖြစ်သည်။ ထို ၃ ရက်အတွင်း မယ်မယ်ရရ ဆောင်ရွက်စရာ ကိစ္စ ဘာမျှတော့ မရှိပါ။ လာအို လေကြောင်းဌါနရုံးတွင် လေယာဉ်လက်မှတ် သေချာအောင် သွားရောက် စစ်ဆေးမေးမြန်းကြည့်ရန်သာ ရှိသည်။ တည်းခိုခန်းတွင် ၃ ည အိပ်ပြီးနောက် ဗီယက်ကျန်းလေဆိပ်ကို ကျနော် ဆင်းရမည် ဖြစ်သည်။
ထို ၃ ရက်အတွင်း ဗီယက်ကျန်းမြို့ထဲ အနည်းငယ် လျှောက်လည်ဦးမည်ဟုတော့ စဉ်းစားထားခဲ့၏။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်….။
No comments:
Post a Comment