ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၅)
ဗီယက်ကျန်းမြို့ ကမ်းနားလမ်း မြင်ကွင်း
ဒီကနေ့လည်း ဗီယက်ကျန်းမြို့ထဲ အလည် ထွက်ခဲ့ပါသေးသည်။ အလည် ထွက်တယ်ဆိုပေမယ့် စေ့စေ့စပ်စပ် လိုက်လံ လေ့လာနိုင်တဲ့ သဘောတော့ မဟုတ်ပါ။ ကိုယ်သိထားတဲ့ အချက်အလက်တချို့အပေါ် မူတည်ပြီး ဗီယက်ကျန်းမြို့ထဲ လိုက်လံကြည့်ရှုရင်း လာအိုလူမျိုးတွေအပေါ် ခံစား လေ့လာကြည့်တဲ့ သဘောမျှသာ ဖြစ်ပါသည်။
မနက်ပိုင်းတုန်းကတော့ ထမင်းဆိုင်လေးတွင် ကိုမျိုးမြင့်နှင့် တွေ့ဆုံရပါသည်။ ကိုမျိုးမြင့်ကို ယခင်တစ်ခေါက် လာအိုကို လာစဉ်က ပန်းချီဆရာလေး ကိုဟန် မိတ်ဆက်ပေးသဖြင့် သိကျွမ်းခဲ့ရ၏။ သူသည် လာအိုတွင် လာရောက် အလုပ်လုပ်ကိုင်နေသည်မှာ ၂ နှစ် ရှိပြီဟု သိရ၏။ လာအို လေကြောင်းဌါနကို သူနှင့် အတူသွားပြီး လေယာဉ်လက်မှတ်ကိစ္စ စိတ်ချရအောင် အတည်ပြုချက် သွားယူခဲ့ရ၏။ ကိုမျိုးမြင့်က အလုပ်မအားသည့်ကြားက တမင်သက်သက် လိုက်လံကူညီပေးခဲ့ခြင်း ဖြစ်သည်။
ထမင်းစားပြီးသောအခါ မြို့ထဲကို စက်ဘီးတစ်စီးနှင့် ထွက်ခဲ့သည်။ လမ်းတွင်မော်တော်ယာဉ်တချို့ကို ရပ်တန့်မေးမြန်းနေသော ယာဉ်ထိမ်း ရဲတချို့ကို တွေ့ရသည်။ သူတို့ဘေးက ဖြတ်လျှောက်လာစဉ် လာအို ရဲများအကြောင်း ကျနော် သွားတွေးမိသည်။ လာအိုရဲများမှာ ကျနော်တို့နိုင်ငံက ရဲများလိုပင် အဝတ်အစား တောက်တောက်ပြောင်ပြောင် သိတ်ပြီး မရှိလှပါ။ ပြီးတော့ မျက်နှာထားတွေကလည်း တော်တော့်ကို အေးဆေး ညင်သာကြသည်ဟု ကျနော် ထင်နေမိသည်။ တခါတရံ လမ်းဘေးတွင် ရပ်ကာ စကားပြောနေသော ရဲများဘေးမှ ကျနော် ဖြတ်လျှောက်လာခဲ့စဉ် သူတို့အချင်းချင်း အေးအေးလူလူ စကားပြောနေကြသည်မှာ တကယ့်ကို အေးဆေးသည့် ပုံသဏ္ဍာန်ပေါက်နေသည်ကို ကျနော် သတိပြုမိခဲ့သည်။
လာအိုလူမျိုးများမှာ အသားအရေအားဖြင့် ကျနော်တို့တိုင်းပြည် မြေလတ်နှင့် အညာဒေသက မြန်မာလူမျိုးများနှင့် ဆင်တူသည်ဟု ကျနော် ထင်သည်။ အသားအရေ ခတ်ညိုညို၊ ရိုးသားအေးဆေးသည့် ကိုယ်ဟန်အပြောအဆိုများမှာ တကယ့်ကို သိသာပေါ်လွင်လှပါသည်။
လာအိုအမျိုးသမီးများမှာ ထမိန်ဝတ်ကြသည်။ အမျိုးသားများကမူ ဘောင်းဘီရှည်ဝတ်ကြသည်။ လာအို လုံမငယ်တချို့က ခေါက်ထမိန်ကို ဒူးဆစ်အောက်အထိသာ ဝတ်ကာ၊ ခါးတွင် ငွေခါးပတ် သို့မဟုတ် တခြား ခါးပတ် တမျိုးမျိုး ပတ်ကာ အလှဆင်ကြသည်ကို တွေ့ရသည်။ ကျနော် ထမင်းစားသည့် ဆိုင်ကလေးထဲက ဆိုင်အကူ ကုလားမလေးသည်ပင် ခေါက်ထမိန်ကို ခါးပတ်ပတ်ပြီး ဝတ်ဆင်သွားလာနေသည်ကို ကျနော် သတိပြုမိသည်။
တနေရာ အရောက်တွင် ကမ်းနားလမ်းဘက် တစ်ခေါက် ဝင်လာခဲ့မိပြန်သည်။ မဲခေါင်မြစ်ထဲ ဒိုးယိုပေါက် မြင်နေရသည့် ကမ်းနားလမ်း ဖြစ်သည်။ မြစ်ဘက်ကို မျက်နှာမူထားသည့် အဆောက်အဦးများမှာ လာအို လူချမ်းသာများ နေထိုင်ဟန် ရှိသည့် တိုက်တာ အိုးအိမ်များ ဖြစ်မည်ဟု ယူဆမိသည်။ ခြံနှင့် ဝင်းနှင့် လှပ သေသပ်သည်။
ဆိုင်းပုဒ် ခတ်ကြီးကြီး တခု ထောင်ထားသည့် ခြံတခုရှေ့ အရောက်တွင် ကျနော်က စက်ဘီးကို ခတ်ဖြေးဖြေးပဲ စီးသည်။ ဆိုင်းပုဒ်နှင့် ခြံဝင်းထဲကို မသိမသာ အချိန်ယူပြီး ခိုးကြည့်ခဲ့သည်။ ပြီးတော့ ကိုယ့်အတွေးနှင့်ကိုယ် တစ်ယောက်တည်း ပြုံးမိသည်။
ခြံရှေ့က ဆိုင်းပုဒ်မှာ အောက်ခံအရောင် အစိမ်းပေါ်တွင် ဆေးအဖြူဖြင့် စာလုံးများ ရေးထား၏။ အပေါ်က စာလုံးတန်းက လာအိုလို ရေးထားသဖြင့် ဘာရေးထားသည်ကို ကျနော် မသိသော်လည်း အောက်က စာတန်းကမူ ကံအားလျော်စွာ အင်္ဂလိပ်လို ရေးထား၏။ ` လာအို လမ်းစဉ်လူငယ် ဗဟိုဌါနချုပ် ´ ဟု အဓိပ္ပါယ်ရသော အင်္ဂလိပ်စာတန်းကို ကျနော် ဖတ်ရသည်။
လာအိုမှာ ကွန်မြူနစ်များ အာဏာရယူထားသည့် တိုင်းပြည်ဖြစ်သည်။ ထို ဆိုင်းပုဒ်ကို တွေ့ရဖတ်ရတော့ ကျနော်တို့နိုင်ငံက သွားလေသူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အရံ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ` လမ်းစဉ်လူငယ် ´ ဆိုသည်ကို သွားပြီး သတိရမိသည်။ တပါတီ အာဏာရှင်စံနစ်ချင်း တူရုံသာမက လမ်းစဉ်လူငယ် ဆိုင်းပုဒ် အရောင်ကအစ လာတူနေသည်ကို တွေးမိပြီး တယောက်တည်း ပြုံးလိုက်မိခြင်း ဖြစ်သည်။
လမ်းကို ခွဆောက်ထားသော အောင်မြင်ခြင်း မုဒ်ဦးဆီ ရောက်လာရပြန်သည်။ ဗီယက်ကျန်းမြို့တော်မှာ လူဦးရေ ၁ သိန်းခွဲခန့်သာ ရှိသည်။ တနိုင်ငံလုံး လူဦးရေကလည်း ၁၉၉၅ စစ်တမ်းအရ ၄ သန်းခွဲကျော်သာ ရှိသည်။ ထို့ကြောင့် မြို့ထဲတွင် တခြားသွားစရာ လာစရာ နေရာ သိတ်ပြီး မရှိလှဟု ထင်မိသည်။ ကျနော်က အချိန်ရလျင် ဗဟိုစာကြည့်တိုက်၊ ဗဟို သမိုင်းပြတိုက် စသည် နေရာများကို သွားချင်သေးသည်။ သို့သော် အချိန်က သိတ်မရပါ။ ထို့ကြောင့် မြို့လည်ဘက်ကိုပဲ ပြန်လှည့်လာခဲ့သည်။
အောင်မြင်ခြင်း မုဒ်ဦးအောက်ကိုရောက်တော့ ခုံတန်းကလေးပေါ်တွင် ထိုင်ပြီး နားနေမိသည်။ မုဒ်ဦးကြီးရဲ့အောက်က ဈေးဆိုင်ကလေးတွင် ကျနော် အထူးတလည် စိတ်ဝင်စားနေသည့် ကမ္ဘာကျော် ` ကျောက်အိုးလွင်ပြင် ´ ပို့စ်ကဒ် ဒါမှမဟုတ် ဓါတ်ပုံလေးများ ရှိလို ရှိငြား ရှာကြည့်သည်။ မတွေ့ခဲ့ရပါ။
အံ့သြဖွယ် ကျောက်အိုးလွင်ပြင်
` ကျောက်အိုးလွင်ပြင် ´ ဆိုသည်မှာ လာအိုနိုင်ငံ အရှေ့တောင်ဘက် ဖွန်စဘန်ဒေသတွင် ရှိသည့် အံ့ဖွယ် ကျေက်အိုးကြီးများ ရှိရာ ဒေသကို ခေါ်ခြင်းဖြစ်သည်။ ကျောက်အိုးကြီးများမှာ( Stone Jars ) အရွယ်အစား အမျိုးမျိုးရှိသည့် ကျောက်တုံးများကို ထွင်းထုထားသည့် ကျောက်ငြုပ်ဆုံကြီးများသဖွယ် ဖြစ်သည့် ကျောက်အိုးကြီးများပင် ဖြစ်သည်။ အလေးချိန်အားဖြင့် အနည်းဆုံး ၆၀၀ ကီလိုအလေးချိန်ရှိရာမှ အကြီးဆုံး ၆ တန်အထိ ကြီးမားသည့် ကျောက်အိုးကြီးများ အလုံး ၁၀၀၀ ကျော် ရှိနေသည့် လွင်ပြင်ကြီး ဖြစ်သည်။ ဂရင်းနိုက် ကျောက်အမျိုးအစားကို ထွင်းထုထားခြင်းဖြစ်ပြီး အံ့သြဖို့ ကောင်းသည့်အချက်မှာ ယင်းကျောက်အိုးကြီးများနှင့် ကျောက်အမျိုးအစား တူသည့် တောင်တန်းရှိရာအရပ်မှာ ကျောက်အိုးကြီးများနှင့် အတော်အတန် ဝေးကွာသည့် အရပ်တွင် ရှိနေသည့် အချက်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က ထွင်းထုထားခဲ့ကြခြင်းဖြစ်သည်ဟု ယူဆရပြီး ရှေးခေတ် လာအိုများက စပါးနှင့် ချက်သည့်အရက်များ ထည့်သွင်း သိုလှောင်ဖို့အတွက် အခုလို ထွင်းထုထားခဲ့ကြခြင်း ဖြစ်သည်ဟု ယူဆကြလေသည်။
ကျနော့်စိတ်ထဲ ` ကျောက်အိုးလွင်ပြင် ´ ရှိရာဒေသကို သွားကြည့်ချင် နေသေးသည်။ သို့သော် ခရီးက ဝေးလွန်းသည့်အပြင် အချိန်ကလည်း မလုံလောက်နိုင်ပါ။ အကယ်၍ သွားချိန်ရမည် ဆိုတော့လည်း ကျနော့်မှာ ကျောက်အိုးလွင်ပြင်ဆီ သွာဖို့အတွက် ခရီးစရိတ် လုံလုံလောက်လောက် မရှိပါ။ ထို့ကြောင့် ကိုယ် ဖတ်ထား သိထားသည့် ကျောက်အိုးလွင်ပြင်အကြောင်း တို့တို့တိတိကို တွေးကာ စိတ်ကို ဖြေလိုက်ရ၏။
ထမင်းဆိုင်လေးဆီ ပြန်ရောက်လာခဲ့သည်။ ဆိုင်ထဲတွင် အိန္ဒိယနွယ်ဖွါး မြန်မာ ကုလားများ ထိုင်နေကြသည်ကို တွေ့ရသည်။ ဆိုင်အကူ ကုလားမလေးက ရုပ်ရေ ချောမောသည်။ ထို့ကြောင့် ကုလားများလည်း သည်ဆိုင်၏ ဖေါက်သည် ဖြစ်လာကြသည်ဟု ကျနော် တွေးမိသည်။
ကျနော်က ဆိုင်ထဲကို ဝင်ထိုင်တော့ ကုလားတသိုက်က ထိုင်ရာမှ ထပြန်ဖို့ လုပ်နေကြ၏။ ကုလာမလေးကို နှုတ်ဆက်နေကြ၏။ ကုလားမလေးက ဆိုင်ထဲဝင်လာသော ကျနော့်ကို တချက် လှမ်းကြည့်ကာ ကုလားများကို ပိုက်ဆံ တွက်ပေးနေသည်။ ကုလားတစ်ယောက်က ပိုင် အင်ဒီးယား( ကုလားပြည် လိုက်မလား ဆိုသည့်အဓိပ္ပါယ်) ဟု ကုလားမလေးကို မေးလိုက်သည်။ ကုလားမလေးက ခေါင်းကို တွင်တွင်ခါသည်။ ပြီးတော့ ကျနော့်ကို တချက်ကြည့်ကာ ပိုင် ဖါးမား( ဗမာပြည်ပဲ လိုက်မယ်) ဟု ပြန်ပြောလိုက်၏။ ထိုင်းလို ပြောနေကြခြင်း ဖြစ်သဖြင့် ကျနော်လည်း နည်းနည်း နားလည်လိုက်သည်။ ကုလားတွေက သဘောကျစွာ ရယ်မောကြရင်း ကျနော့်ကိုလည်း ပြုံးပြရင်း ဆိုင်ထဲက ထွက်သွားကြ၏။
ကျနော်က ကုလားမလေး အပါအဝင် ဆိုင်ရှင်မိသားစုနှင့် စကားစမြည် ပြောချင်သည်။ သို့သော် ကျနော်က ထိုင်းလို တလုံးမှမတတ်တော့ အခက်တွေ့ရသည်။ ဆိုင်အကူ ကုလားမလေးကမူ အလုပ်အားသည်နှင့် ကျနော့်ဘေး လာထိုင်ကာ နိုင်ငံတကာဘာသာစကားဖြစ်သည့် လက်ဟန်ခြေဟန်နှောသည့် စကားဖြင့် ဖေါ်ရွေစွာ ဆက်ဆံသည်။ သူက သည်လို ဖေါ်ရွေစွာဆက်ဆံတော့ လွန်ခဲ့သည့် အခေါက် လာအိုကို ပန်းချီဆရာ ကိုမောင်ဟန်တို့နှင့် ရောက်လာခဲ့စဉ်က အတွေ့အကြုံတခုကို ကျနော် ပြန်ပြိး သတိရလာရပြန်သည်။
ထိုစဉ်က ကိုမောင်ဟန်နှင့်အတူ သူ၏ သူငယ်ချင်းတစ်ယောက်လည်း ကျနော်တို့နှင့်အတူ ယခု ကျနော်တည်းခိုနေသည့် တည်းခိုရိပ်သာတွင်ပင် တည်းသည်။ ပထမနေ့ညကမူ ကိုမောင်ဟန်တို့ နှစ်ယောက်စလုံး ညကလပ်ကို သွားကြ၏။ ကျနော် တယောက်တည်း အခန်းတွင် ကျန်ခဲ့သည်။ ဒုတိယနေ့ညရောက်တော့ ညကလပ်ကို ထပ်သွားဖို့ ကိုမောင်ဟန်တို့ ပြင်ဆင်ကြပြန်သည်။ သို့ပေမယ့် ဒီတခါတော့ ကျနော့်ကို သူတို့နှင့်အတူ လိုက်ရန် မရမက ခေါ်သည်။ ကျနော်က မနေ့ည ကတည်းက စိတ်မပါသဖြင့်လည်းကောင်း ညကလပ်သွားသည့် အလေ့အကျင့်လည်း တသက်လုံး တခါမျှ မရှိခဲ့ဖူးသည့် အတွက် လည်းကောင်း မလိုက်ဘူးဟု ငြင်းခဲ့သည့်အတွက် ဒီညတော့ ဆက်လက် ငြင်းဆန်နေလျင် အားနာဖို့ကောင်းသည်ဟု တွေးကာ ညကလပ်ကို ကိုမောင်ဟန်တို့နှင့်အတူ လိုက်ခဲ့သည်။
ညကလပ်တွင် ဝင်ကြေး ဘတ် ၆၀ ပေးပြီးမှ ဝင်ထိုင်ရ၏။ မီးရောင်စုံများ ထွန်းထားသည့် ခန်းမထဲတွင် လူ ငါးဆယ်ကျော်မျှ ရောက်နေပြီ ဖြစ်သည်။ မည်သူမဆို ကိုယ်နှစ်သက်ရာ ဧည့်ခံ မိန်းခလေး တစ်ဦးဦးကို ရွေးချယ် ခေါ်ငင်ကာ အတူတကွ တစားပွဲတည်း ထိုင်ပြီး စားသောက်နိုင်သည်ဟု ကိုမောင်ဟန်က ကျနော့်ကို ရှင်းပြထားခဲ့သည်။ ပြီးတော့ သူတို့ကပင် ဦးဆောင်ကာ တန်းစီ ထိုင်နေသည့် မိန်းခလေးများဆီ ရောက်သွာခဲ့သည်။ ကျနော်တို့ သုံးယောက် မိန်းခလေး တစ်ဦးစီ ရွေးလိုက်ကြသည်။
ကျနော်နှင့် ကျနော် ရွေးချယ်ခေါ်လာသည့် မိန်းခလေးက စားပွဲတွင်ထိုင်နေကြစဉ် ကိုမောင်ဟန်တို့ အတွဲ နှစ်တွဲမှာမူ စင်မြင့်ရှေ့ကွက်လပ်တွင် စုံတွဲက ကနေကြပြီ ဖြစ်သည်။ စင်ပေါ်က အဆိုတော် တစ်ဦးကလည်း ကလို့ကောင်းသည့် သီချင်းကို ဆိုနေသည်။
ကျနော်တို့နှစ်ယောက် ငါးမိနစ်ခန့်အထိ ထိုင်နေကြသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် စကား မပေါက်ကြသဖြင့် နှစ်ယောက်စလုံး တုံဏှိဘာဝေ ဆိတ်ဆိတ်နေ ဖြစ်နေကြသည်။ စည်းကမ်းအရဆိုလျင် ကိုယ်ရွေးချယ် ခေါ်ယူလာသည့် မိန်းကလေးက တစုံတခု ယူစားလျင် ကျသင့်ငွေကို ခေါ်လာသည့် ကျနော်တို့က ကျခံရမည် ဖြစ်သည်ဟု ကျနော် သိထားသည်။ ကံကောင်းချင်တော့ ကျနော့် ရှေ့က မိန်းခလေးက ကိုကာကိုလာ တပုလင်းကိုသာ ယူပြီးသောက်သည်။ အတန်ကြာတော့ လူ တစ်ယောက်ကို မြင်ပြီး ကျနော့်ကို ဦးညွှတ် ခွင့်တောင်းကာ ထိုလူနောက် လိုက်သွား၏။
သီချင်းတပုဒ်ဆုံးလို့ ကိုမောင်ဟန်တို့အတွဲ ကျနော့်စားပွဲဆီ ပြန်လာတော့ ကျနော် ရွေးချယ်ခေါ်လာသည့် ကောင်မလေးကို ဝိုင်းမေးကြ၏။ ကျနော်က အကျိုးအကြောင်း ရှင်းပြတော့ ဒါက စည်းကမ်းနဲ့မညီဘူးဟုဆိုကာ ကောင်မလေးကို လိုက်ရှာကြသည်။ ကျနော့် စားပွဲတွင် ပြန်ထိုင်ခိုင်းကြသည်။ နောက်ထပ် သီးချင်းတပုဒ် စသောအခါ ကိုမောင်ဟန်တို့က စင်မြင့်ရှေ့ကွက်လပ်ထဲ ပြန်ဝင်ကာ စုံတွဲကိုယ်စီ ကကြပြန်သည်။ ကျနော့်ဘေးက ကောင်မလေးကလည်း ကိုမောင်ဟန်တို့ လစ်သည်နှင့်တပြိုင်နက် ကျနော့်ကို ဦးညွှတ်ခွင့်တောင်းကာ တခြားဝိုင်းဆီ ရောက်သွားပြန်သည်။ သည်လိုနှင့် ကိုမောင်ဟန်တို့က မကြေမနပ်ဖြစ်ကာ မန်နေဂျာဆီ သွားကာ အရေးဆိုကြ၏။ မန်နေဂျာကို ထိုင်းလိုတဝက် အင်္ဂလိပ်လိုတဝက် ရန်တွေ့သလို ပြောကြသည်။ ကိုမောင်ဟန်တို့က ဘယ်လိုပြောလိုက်ကြသည်မသိ မန်နေဂျာ အမျိုးသမီးကြီးမှာ ကျနော့်ဘေးတွင် ရပ်ကာ ` ခွန်ထိုင်ဝမ် ´ ချင်း မိုးမွှန်အောင် ခေါ်ကာ တောင်းပန်နေလေတော့သည်။
သည်လိုနှင့် ကိုမောင်ဟန်တို့လည်း လက်လျှော့ကာ ကပွဲခန်းထဲ ပြန်ဝင်သွားကြ၏။ ကျနော်ကတော့ စားပွဲတွင် တစ်ကိုယ်တော် သီချင်းနားထောင်နေရပြန်သည်။ ထိုစဉ် နောက်ထပ် သီချင်းတပုဒ် ဆိုဖို့ရန် အဆိုတော် မိန်းခလေးတစ်ဦး စင်ပေါ်ကို တက်လာသည်။
စင်ပေါ်တက်လာနေသည့် မိန်းခလေးမှာ အသက် ၂၀ ကျော် အစိတ်ခန့်ရှိပြီး ချောမောလှပသူ ဖြစ်သည်။ သူ သီချင်းဆိုတော့ ကျနော့်မှာ လန်းလန်းဆန်းဆန်းပင် ဖြစ်သွားရသည်။ ဆိုသည့်သီချင်းက ထိုင်း သီချင်းတစ်ပုဒ်ဖြစ်သည်။ ထို သီချင်းကို ကျနော် ကောင်းကောင်း ကြားဖူးနေခဲ့ပြီး ဖြစ်သည်။ နာမည်ကြီး ထိုင်း သီချင်းတစ်ပုဒ် ဖြစ်သည်။ ကျနော်က သီချင်းနံမည်ကို မသိပါ။ ဒါပေမယ့် သီချင်း၏ အဓိပ္ပါယ်ကို သိလိုက်ရကတည်းက ထိုသီချင်းကို ပိုပြီး နှစ်သက်နေခဲ့ရ၏။ လမ်းဘေး ပန်းသည်မလေးနှင့် သူဌေးသား လူငယ်တစ်ဦးတို့၏ အချစ်ဇာတ်လမ်းကို ရေးဖွဲ့ထားသည့် သီချင်းဖြစ်သည်ဟု သိခဲ့ရ၏။
ကျနော်က သီချင်းသံဆုံးအောင်ပင် နားမထောင်တော့ပါ။ စားပွဲမှ ထကာ မန်နေဂျာစားပွဲဆီ ရောက်လာခဲ့သည်။ အဆိုတော် မိန်းခလေးကို ဆုတော်ငွေ ဘတ် ၁၀၀ ဆုချချင်ကြောင်း မန်နေဂျာကို အင်္ဂလိပ်လို ပြောပြလိုက်သည်။ မန်နေဂျာက ပထမတော့ အံ့အားသင့်သလို ကြည့်နေရာက ထိုင်ရာမှ ထကာ ပန်းကုံးတကုံး ကျနော့်လက်ထဲ ထည့်သည်။ ကျနော် ကိုယ်တိုင် စင်ပေါ်တက်ပြီး ဆုချပါရန် အတင်းတိုက်တွန်းတော့သည်။ ကျနော်သည်လည်း ဘယ်လိုက ဘယ်လို သတ္တိတွေ ရှိလာသည်မသိ။ စင်ပေါ်တက်ကာ အဆိုတော်မလေးကို ဆုတော်ငွေ ဘတ် ၁၀၀ ကမ်းပေးလိုက်သည်။ ပန်းကုံးစွပ်ပေးလိုက်သည်။ လက်ခုပ်သံများ ဆူညံသွားရသည်။
ကျနော် စင်ပေါ်က ဆင်းတော့ သီချင်းလည်း နိဂုံးပိုဒ်ကို ရောက်လာသည်။ ကျနော် စားပွဲဆီ ပြန်ရောက်တော့ သီချင်းသံ ရပ်သည်။ ခန်းမအတွင်း မီးတွေ အားလုံး လင်းထိန်သွားသည်။ ညကလပ် ပိတ်ချိန် ကျရောက်လာပြီ ဖြစ်သဖြင့် လူတွေအားလုံး ပြန်ကြရန် ပြင်ကြသည်။ ထိုစဉ်မှာပင် အဆိုတော် မိန်းခလေးက စင်ပေါ်က ဆင်းသည်။ လူတွေကြားထဲက ဖြတ်လျှောက်သည်။ ကျနော့်စားပွဲဆီ ဦးတည်ပြီး လျှောက်လာနေသည်။ လူ အတော်များများက လျှောက်လာနေသည့် အဆိုတော်မလေးကို ရပ်ကြည့်နေကြသည်။ ကျနော့်အနားရောက်တော့ အဆိုတော် မိန်းကလေးက ကျနော့်လက်ကို ညင်သာစွာ ဆွဲသည်။ ကျေးဇူးတင်သည့်အကြောင်း တဖွဖွပြောသည်။ ပြီးတော့ ကျနော်နှင့် လူချင်းထိလုနီးပါး တိုးကပ်ကာ နောက်တကြိမ် လာခဲ့ပါအုန်းဟု ခြေဟန်လက်ဟန်ဖြင့် နှုတ်ဆက်သည်။ သတိရလို့ ဘေးကရပ်နေသည့် သူများကို ကြည့်တော့ တအံ့တသြနှင့် ဝိုင်းကြည့်နေသည့် ကိုမောင်ဟန်တို့၏မျက်နှာများကို ကျနော် တွေ့ရတော့သည်။
ထိုအချိန်က ကျနော့်အဖြစ်ကို ကိုမောင်ဟန်တို့က ပြောမဆုံးအောင် ဖြစ်ခဲ့ကြသည်။ ကျနော့်ပုံက အစတော့ ဘုန်းကြီးလူထွက်လို ရှိခဲ့သည်။ ညကလပ်ကို မနည်း ချော့မော့ ခေါ်ခဲ့ရသူ ဖြစ်သည်။ သည်လို ခတ်တုံးတုံး အတတ လူက စင်ပေါ်တက် ကိုယ်တိုင် ဆုချကာ အချောဆုံး ကောင်မလေးကိုမှ ခင်မင်အောင် လုပ်လိုက်နိုင်သည်ဟုဆိုကာ နောက်လို့ပြောင်လို့ မဆုံးအောင် ရှိခဲ့သည်။
ယခုလည်း ထမင်းဆိုင်အကူ လှပသည့် ကုလားမလေးက ` ပိုင် ဖါးမား ´ ဟု ကြည်စယ်စကား ပြောသည်ကို လည်းကောင်း ကျနော့်အနားလာထိုင်ကာ တချိန်လုံး ဧည့်ခံနေခဲ့သည်ကို လည်းကောင်း ကိုမောင်ဟန်တို့ သိခဲ့သည် ရှိသော် ကျနော့်ကို ဘယ်လို ပြောဆိုနောက်ပြောင်ကြဦးမည် မသိ။ ကျနော်က တစ်ယောက်တည်း ထိုင်တွေးကာ အလိုလို ပြုံးလိုက်မိသည်။
အမှန်စင်စစ် ကျနော့်အဖို့ သည် အတွေ့အကြုံတချို့မှာ ရင်ထဲတွင် ကြာရှည်စွာ သိမ်းဆီးထားဖို့ လိုအပ်သည့် အတွေ့အကြုံများတော့ မဟုတ်ကြပါ။ သို့သော် ကျနော်နှင့် လုံးဝနီးပါး အဆက်အစပ် မရှိသည့် ဥရောပ ခရီးစဉ်တစ်ခု သို့မဟုတ် ကျနော်နှင့် တစိမ်းတရံ ဆန်လွန်းခဲ့သည့် ကမ္ဘာသစ် တခုဆီသို့ အထီးကျန် ဆန်ဆန် ချဉ်းကပ်လာနေသည့် သည်လို အချိန်မျိုးတွင်မူ သည် အတွေ့အကြုံတချို့မှာ ကျနော့်စိတ်ကို ယာယီအားဖြင့် လန်းဆန်း နေစေသည်ဟုတော့ ခံစား နေခဲ့မိပါသည်။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်…။
No comments:
Post a Comment