ဆန်စက် အလုပ်သမလေး ခင်ဝေ၊ ရေသူမ ကြေးရုပ်နှင့် မှော်ဝင်ဆည်းဆာ(၁)
နံနက် ၄ နာရီ ထိုးပြီ။
အိပ်ချင်စိတ် တစိုးတစေ့မျှ မရှိ။ စိတ်ပင်ပန်း လူပင်ပန်း ခရီးပင်ပန်းသည့်အပြင် တညလုံးလည်း မအိပ်ခဲ့သည့်တိုင် ကျနော့်မှာ အိပ်ချင်စိတ် မရှိခဲ့ပါ။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှာကတည်းက တောသားမြို့ရောက် မြင်မိမြင်ရာအားလုံး အသစ်အဆန်းတွေချည်း ဖြစ်နေသဖြင့် ကျနော့်စိတ်များမှာ လှုပ်ရှား လန်းဆန်း နေခဲ့ရ၏။ မှတ်သားလို့မဆုံး တွေးလို့မဆုံး ရှိနေခဲ့ရသည်။
ပြတင်းပေါက် မှန်ကာလေးကို ဖွင့်လိုက်ပြန်သည်။ ဖွင့်လျင်ဖွင့်ချင်း စိတ်ထဲ၌ အလင်းရောင် တစကို အမှတ်မထင် မြင် လိုက်ရသလို ရှိသည်ဟု ထင်လိုက်သည်။ စိတ်ကို ရုတ်တရက်စုစည်းယူလိုက်ကာ အာရုံကို မြှင့်ထားလိုက်သည်။ ပင်ပန်း နွမ်းနယ်နေသည်မှာ မှန်သော်လည်း သည်အချိန်တွင် တချက်ကလေးမှ မှေးလိုက်လို့မဖြစ်။ ဥရောပ၏ နံနက်ဆည်းဆာ ကို ကျနော် လက်လွတ်ခံလိုက်လို့မဖြစ်။ အထူးသဖြင့် ကမ္ဘာမြေပြင် အထက် ပေ ၂၀ ၀၀၀ ကျော်တွင် ရောက်ရှိနေစဉ် ဥရောပ၏ နေထွက်ခြင်း မြင်ကွင်းကို ကျနော် စောင့်ကြည့်ရပေမည်။
ကျနော်က နံနက်ဆည်းဆာများကို စောင့်ကြည့်ကာ ရင်ခုန်တတ်သူ။ ညနေဆည်းဆာများကို ငေးကြည့်ကာ ဝမ်းနည်း တတ်သူ။ အမည်မသိ စာဆိုတဦးရဲ့ ကဗျာလေးထဲက “နေဝင်စ ချိုးမရယ်ကူ” စာသားလေးကို ရွတ်ကာ အဘယ့်ကြောင့် များ ညနေဆည်းဆာသည် လူတို့၏ နှလုံးအိမ်ကို ညှိုးနွမ်းစေပါလိမ့်ဟု မကြာခဏ တွေးတတ်သူ။
ယခုအခါမူ ဥရောပ၏ နံနက်ဆည်းဆာမြင်ကွင်းကို ဘဝ၏ ပထမဦးဆုံး အတွေ့အကြုံအဖြစ် ကျနော် တွေ့မြင်ရတော့ မည်။
အမှန်တကယ်အားဖြင့်မူ ကျနော်သည် နေထွက်ခြင်း မြင်ကွင်းများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ကြည့်ခဲ့ ဖူးပါသည်။ သို့သော် မြေပြန့်တွင်မွေး မြေပြန့်တွင်သာ ကြီးပြင်းခဲ့သူ မိမိအဖို့ မြေပြန့်က တဆင့်သာ နေထွက်ခြင်းကို စောင့်ကြည့်ခွင့် ရခဲ့သည်။
၁၉၉၃ ခု၊ သြဂုတ်လ၊ တပ်မဟာ ၇ နယ်မြေဟု ခေါ်သည့် ဘားအံမြို့နယ်အတွင်း ကွင်းဆင်းသတင်းထောက်အဖြစ် ခရီး သွားစဉ်ကမူ နေထွက်ခြင်း မြင်ကွင်းကို မြေပြန့်ပေါ်က မဟုတ်ဘဲ တောင်ထိပ်ပေါ်မှတဆင့် ကြည့်ရှုခွင့် ရခဲ့ဖူးသည်။
ထိုစဉ်က ကျနော်က တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာပြီး ဒီမိုကရက်တစ် မြန်မာ့အသံ၏ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ ထို ရှေ့တန်း ခရီးစဉ်တွင် ဘားအံမြို့နယ် ကရင်အမျိုးသားအစည်းအရုံး အတွင်း ရေးမှူး “ပဒိုလာဘ” သည်လည်း ကျနော်နှင့်အတူ ရှိနေခဲ့သည်။ ပဒိုလာဘက ဘားအံမြို့နယ် ကရင်အမျိုးသား အစည်း အရုံး ဥက္ကဋ္ဌ “ပဒို သာထူးကျော်” (နောင်အခါ ဒီကေဘီအေ ဥက္ကဋ္ဌ)နှင့် တွေ့ဆုံပေးမည်ဟုဆိုကာ ခရီးထွက်လာကြရင်း မိဆိုင်းကျောက်တောင်ကြီး၏ အောက်ခြေက တောစပ်တွင် ခဏနားနေကြသည့် အချိန် ဖြစ်သည်။
ပဒိုလာဘနှင့်အတူ သူ၏ဇနီးနှင့် သူ့ရဲဘော် နှစ်ဦးလည်း ပါလာသည်။ ကျနော်တို့လူစု တောင်ခြေတောစပ်တွင် ကျနော်တို့ အား လာရောက်ခေါ်ငင်မည့် ဆက်သားကို စောင့်နေခဲ့ကြ၏။ ဥက္ကဌ ပဒိုသာထူးကျော်က ဆက်သားတယောက် စေလွှတ် ကာ ကျနော်တို့ကို ကျောက်တောင်ကြီးပေါ် ခေါ်တွေ့မည်ဟု စက်ဖြင့် အကြောင်းကြားထားသဖြင့် ကျောက်တောင်ခြေ ရင်းတွင် လာစောင့်နေကြခြင်း ဖြစ်သည်။
ထိုစဉ်မှာပင် ပဒိုလာဘ၏ လမ်းလျှောက်စကားပြော စက်ထဲ သတင်းတခု ဝင်လာခဲ့၏။ ကျနော်တို့နှင့် နာရီဝက် မရှိတရှိ သွားလျင် ရောက်သည့်နေရာ ကရင်ရွာကလေးတရွာတွင် နအဖစစ်တပ် တပ်ခွဲတခွဲရောက်နေပြီး ကျနော်တို့ ပုန်းအောင်း နေရာဘက်သို့ ထွက်လာနေသည်ဟူသော စက်သတင်းပင် ဖြစ်သည်။
ပဒိုလာဘ က လမ်းလျှောက်စကားပြောစက်ကလေးဖြင့် တနေရာကို ကမန်းကတန်း ဆက်သွယ်ပြောဆိုကာ ကျနော်တို့ အား တောင်ပေါ်သို့ အမြန်ဆုံးတက်ရောက် ပုန်းအောင်းရန် ပြောလိုက်သည်။ ခြေရာလက်ရာများ အလျင်အမြန် ဖျက်ဆီး ကာ ကျနော်တို့ လူအုပ် ကျောက်တောင်ကြီးပေါ် တက်ကြရတော့သည်။
မိဆိုင်း ကျောက်တောင်ကြီးမှာ ကျောက်သားသက်သက်တောင် ဖြစ်သည်။ အထူးသဖြင့် ကျနော်တို့ တက်လာနေသည့် ဘက်မှာ မြေသားလုံးဝမရှိဘဲ ကျောက်ချွန် ကျောက်ခက်များသာရှိသည့်ဘက် အခြမ်းဖြစ်သဖြင့် ကျနော့်မှာ ကျောက်ချွန် ကျောက်ခက်များကို ဖက်တွယ်ကုတ်တက်ရင်း ဘေးဘီကိုပင် လှည့်မကြည့်အားပါ။ ဆယ်မိနစ်ခန့် ပင်ပန်းကြီးစွာ ကုတ် တက်နေရင်းက သတိရလို့ ဘေးဘီကို ကြည့်တော့ ပဒိုလာဘတို့ လူအုပ်မှာ ကျနော့်အထက် ကိုက် ၂၀ ခန့်တွင် ရောက် နေသည်ကို တွေ့လိုက်ရ၏။ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို တော်တော်လေး မကျေမနပ် ဖြစ်သွားရ၏။ တောင်ခြေတွင် ရှိနေ ခဲ့စဉ်က ပဒိုလာဘ၏ ဇနီးကိုကြည့်ကာ သူ့ခမျာ ကျောက်တောင်ပေါ်တက်လျင် အခက်အခဲ ရှိနိုင်သည်ဟု ကျနော် တွေး ခဲ့သည်။ သူက ခတ်နွဲ့နွဲ့ ခပ်ပါးပါး ခန္ဓာကိုယ်အချိုးအစားနှင့်။ သူ့ကို သိတ်ပြီး နေမကောင်းဟန် ရှိသည်ဟုပင် ထင်ခဲ့သည်။ အခုတော့ သူ့ကို ကျနော့်အထက် ကိုက် ၂၀ ခန့် ပဒိုလာဘနှင့် ရင်ဘောင်တန်းနေရာတွင် ရောက်နေသည်ကို ကျနော် တွေ့လိုက်ရ၏။ ကျနော့်စိတ်ထဲ ရှက်စိတ်အနည်းငယ် ဖြစ်မိလိုက်သည်။
ထို့ပြင် ကျောက်ချွန် ကျောက်ခက် ကျောက်စောင်းများကို တွယ်တက်လာနေစဉ် တောင်အောက်ကို ရဲရဲပင် ငုံ့မကြည့်ရဲ ခဲ့ပါ။ တောင်ပေါ် စပြီးတက်စဉ်က ဖိနပ်ကို အထူးဂရုစိုက်ပြီးစီးဖို့ သတိပေးခဲ့သော ပဒိုလာဘ၏စကားကိုလည်း သဘော ပေါက်လာခဲ့ရသည်။ အကယ်၍များ စီးထားသည့် ဖိနပ်က တောင်အောက်သို့ မတော်တဆ ကျွတ်ကျသွားပါက ပြန်ဆင်း ကောက်ဖို့ရာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ ဖိနပ်မပါဘဲနှင့်လည်း ကျောက်တောင်ကြီးပေါ် ဘယ်နည်းနှင့်မျှ တက်လို့ မဖြစ် နိုင်။ ကျောက်ချွန်ကျောက်ခက်များက ကျနော့်ကို ရင်တုန်ဖွယ် မော့ကြည့်နေကြ၏။ လေတချက်အတိုက်တွင် သစ်ရွက် တရွက်လို လွင့်စင်ပြီး ကျမသွားအောင်ပင် သတိကြီးစွာ ထားနေခဲ့ရ၏။
ကျနော့်အထင် တောင်ထိပ်သို့ ရောက်လုရောက်ခင် တနေရာအရောက်တွင် နေဝင်သွားခဲ့သည်။ ရောက်သည့်နေရာတွင် ပင် ဆက်မတက်ကြတော့ဘဲ ရပ်ထားလိုက်ကြသည်။ တောင်ထိပ်အထိလည်း ဆက်ပြီး တက်လို့မရ တောင်အောက်သို့ လည်း ပြန်ဆင်းလို့ မရနိုင်တော့။ ရောက်သည့်နေရာတွင်ပင် အိပ်စရာနေရာရွေးကာ တောင်ခါးလည်တွင်ပင် တညအိပ်ဖို့ ပဒိုလာဘက လှမ်းပြောနေသည်။
တောင်ပေါ်တက်လာစဉ်က နအဖ စစ်သားများရဲ့ရန်ကို ကြောက်ပြီး အလျင်အမြန် ကုတ်ကပ်ဖက်တွယ်ပြီး တက်လာခဲ့ပြီး မှ တောင်အောက်ကို ပြန်ဆင်းဖို့ စဉ်းစားသောအခါ ဘယ်လိုမှ ပြန်ဆင်းလို့ မရဲအောင် တုန်လှုပ်နေမိသည်။
ကျနော်တို့မှာ တနေရာတည်းတွင် လူစုပြီး အိပ်လို့မရနိုင်ပါ။ လုံလောက်သည့် နေရာ ကျယ်ကျယ်ပြန့်ပြန့်လည်း မရှိပါ။ ဒီကြားထဲ နေဝင်သွားပြီဖြစ်သဖြင့်လည်း အချိန်ယူပြီး အိပ်စရာနေရာ လိုက်ရှာနေလို့လည်း မဖြစ်နိုင်ပါ။ ထို့ကြောင့် လူတ ကိုယ်စာ အိပ်ယာနေရာကိုသာ ကိုယ်စီကိုယ်ငှ ရှာကြရတော့သည်။ ကံအားလျော်စွာ ကျနော့်အတွက် လူတကိုယ်စာ လှဲ အိပ်လို့ ရနိုင်သည့် ကျောက်ကွယ် ကျောက်ကြား တနေရာကို တွေ့သည်။ ကျနော့်အထက် ၁၀ ကိုက်မျှ အကွာတွင် ပဒိုလာဘ၏ ကရင်ရဲဘော်ကြီးတဦးက နေရာရသွား၏။ ကျနော်တို့အချင်းချင်း အသံခတ်တိုးတိုး မေးမြန်းဆက်သွယ်ကာ နေရာထိုင်ခင်း ပြင်ကြရ၏။
ကျနော်က ပါလာသည့် စောင်ပိုင်းလေးကို ကြောပိုးအိပ်ထဲမှ ထုတ်ကာ ကျောက်တုံးပေါ် ခင်းလိုက်သည်။ ကျောပိုးအိပ်ကို ခေါင်းအုံး လုပ်သည်။ ကံအားလျော်စွာ ကျနော် လဲလျောင်းအိပ်စက်မည့် နေရာဘေးတွင် ဒူးဆစ်သာသာ အမြင့်ရှိသည့် ကျောက်တုံးတတုံးက ကန့်လန့်ဖြတ် ကာဆီးထားသလို ဖြစ်နေသည်။ ထို့ကြောင့်လည်း အိပ်ပျော်နေစဉ် တောင်အောက် သို့ ဘယ်နည်းနှင့်မျှ လိမ့်ကျမသွားနိုင်သည်ကို တွေးကာ စိတ်သက်သာရာ ရသွား၏။ အကာအကွယ်ရှိနေသဖြင့် လှဲအိပ် လိုက်လျင် လေကွယ်သလို ဖြစ်သွားသည့်အတွက်လည်း ကျေနပ်သွားရသည်။ သို့သော် ကျောက်တုံး၏ အပေါ်သို့ကျော် ကာ တောင်အောက်ကို ခေါင်းပြူ၍ပင် မကြည့်ရဲခဲ့ပါ။ လေတချက်အတိုက်နှင့် ကြုံပါက ကျနော့်ခန္ဓာကိုယ်မှာ သစ်ရွက်က လေးတရွက်လို တောင်အောက်သို့ လွင့်ပါလိမ့်ကျသွားနိုင်သည်ဟု ထင်နေရသောကြောင့် ဖြစ်သည်။
တောင်ခြေ တောစပ် အမှောင်ထုကြီးထဲက ကျွဲခလောက်သံ နွားခလောက်သံ သဲ့သဲ့မျှ ကြားရသလို ရှိနေသည်။ တောင် ခြေနှင့် မနီးမဝေး ကရင်ရွာကလေးဆီကမူ မီးရောင်လည်း မမြင်ရ ဘာသံမျှလည်း မကြားရ။ ကျောအောက်က ကျောက် ဖြာမှာ ပူနွေးနေဆဲ ဖြစ်သဖြင့် လှဲအိပ်လိုက်သည်နှင့်တပြိုင်နက် ကျနော့် မျက်လုံး မျက်ခွံများမှာ လေးလံလာရ၏။ ထိုစဉ် မှာပင် ဘယ်နေရာကမှန်းမသိ တောစံပါယ်ပန်းနံ့ကို ကျနော် ရှူရှိုက်လိုက်ရသည်။ ထို့နောက် ပင်ပန်းစွာ အိပ်ပျော်သွား ခဲ့ရ၏။
သန်းခေါင်ကျော် အချိန်တွင် ချမ်းလွန်းသဖြင့် အိပ်ပျော်ရာက နိုးလာခဲ့သည်။ ပြန်အိပ်လို့လည်း မရတော့။ အိပ်လည်း မအိပ်ချင်တော့။ ကျနော့်အထက် တနေရာ အမှောင်ထဲက ချောင်းသံတချက် ကြားလိုက်ရသည်။ တောစံပါယ်ပန်း ရနံ့ ကိုလည်း ရလာနေပြန်သည်။
ကျနော်တို့ ပုန်းအောင်းအိပ်စက်ရာ နေရာမှာ ကျောက်တောင်ကြီး၏ အရှေ့ဘက်အခြမ်းတွင် ဖြစ်သည်။ ထို့ကြောင့် ကျနော် အကျေနပ်ကြီး ကျေနပ်သွားရ၏။ တောင်ထိပ်ပေါ်မှတဆင့် နေထွက်လာခြင်း မြင်ကွင်းကို ကျနော် ကြည့်ခွင့်ရ တော့မည် ဖြစ်သည်။ ပြန်အိပ်လိုက်လျင် နေထွက်လာသည့် မြင်ကွင်းကို လက်လွှတ်လိုက်ရဖွယ် ရှိသဖြင့် ပြန်မအိပ် တော့ဘဲ သည်အတိုင်း အမှောင်ထဲတွင် ထိုင်စောင့်ရန် ဆုံးဖြတ်လိုက်၏။
မြင်ကွင်းထဲက နေထွက်လာသည့် နေရာမှာ ထိုင်း နိုင်ငံထဲက ဖြစ်နိုင်သည်။ သံလွင်မြစ်ကြီးနှင့် မာနယ်ပလော ရှိရာ နေ ရာဆီ စိတ်မှန်းနှင့် ရှာကြည့်နေမိသည်။ အခြေအနေကို စောင့်ကြည့်နေရင်းမှပင် အနီရောင်ပြပြ အဖြူရောင် ပျော့ပျော့ တိမ်တွေကို ကျနော် တွေ့လာရသည်။ ထို့နောက် အညိုရောင်၊ ငှက်ခါးရောင်၊ တခုပြီးတခု မသိမသာ ကူးပြောင်းသွားနေ သည်။ ပြီးတော့မှ ကျနော့်ရှေ့တွင် အစိမ်းရောင် ပန်းချီကားချပ်ကြီးတချပ် ဘွားကနဲ ရောက်လာပြီး ထောင်ထားလိုက်သ လို ပေါ်လာရသည်။ အလင်းရောင်များမှာ တခုပြီးမှတခု ဝင်လာတာမျိုးမဟုတ်။ သူ့ထက်ငါ အလုအယက် လက်ယှက်ထိုး ဝင်လာတာမျိုးလည်း မဟုတ်။ ဘယ်လိုက ဘယ်လို ပေါ်လာ တိုးလာ ကျယ်လာသည်ကိုပင် အတိအကျ ပြောမပြနိုင် လောက်အောင် ဆန်းကြယ်စွာ ပန်းချီကားကြီးမှာ ရုပ်လုံးပေါ်လာခဲ့ရ၏။
ယခုလည်းပဲ မြေပြန့်နှင့်မတူသည့် တောင်ထိပ်ပေါ်ကနှင့် ခြားနားသည့် လေယာဉ်တစ်စင်းပေါ်က တဆင့် နေထွက်ခြင်း မြင်ကွင်းကို ကျနော် စောင့်ကြည့်နေခဲ့ရပြန်ပြီ။
အစမှာတော့ တိမ်တွေက အပေါ်ယံ တောက်တောက်ပပ။ အောက်ခြေက ခတ်မှိုင်းမှိုင်း ပြစ်ပြစ်ခဲခဲ။ ထို့နောက် အနီရောင် အညိုရောင် တိမ်တွေ အုံကျင်းဖွဲ့ပြီး ကျနော် စီးလာနေသည့် လေယာဉ်ကြီး၏ ဘေးတွင် ပြေးကပ်လာနေကြသည်။ လေ ယာဉ်ကြီးနှင့် ရင်ဘောင်တန်းပြီး ပြေးလိုက်လာနေကြသည်။ နောက်တွင် ကျန်နေရစ်ခဲ့ကြသည်။ ကျနော့်မှာ ဆန်းကြယ် သစ်လွင်လွန်းသည့် မြင်ကွင်းကိုကြည့်ကာ မင်သက်မိနေခဲ့ရ၏။
သစ်လွင် အားကောင်း လှသည့် နေရောင်ခြည်များဖြင့် ယက်ဖေါက်ချယ်သထားသည့် နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခတို့ ရွေ့ မျော လိုက်ပါလာကြသလို တိမ်ရောင်စုံ အမျိုးမျိုး၏ လှပလွန်းသည့် မြင်ကွင်းကို ငေးကြည့်ရင်းက အင်္ဂလိပ်စာရေး ဆရာ ကြီး “ဆမ်းမားဆက်မွန်” ပြောသော စကားတခွန်းကို သွားတွေးလိုက်မိပြန်သည်။သူသည်ကား နံနက်ဆည်းဆာများကို နှစ် ၅၀ မျှ ဝီရိယထားပြီး စောင့်ကြည့်ခဲ့သူဖြစ်သည် ဟူသည့် သူ့စကားကို တွေးမိကာ ကျနော့်ကိုယ်ကျနော်လည်း ကျေ နပ်ပီတိ ဖြစ်ခဲ့ရ၏။
မကြာခင် လေယာဉ်ကြီးမှာ တိမ်တွေထဲ နိမ့်ဆင်းလာနေလျက် အောက်ဖက်တွင် ကွေးကွေးကောက်ကောက် ငွေရည်စီး ကြောင်း မြစ်တွေ ချောင်းတွေကို မြင်လာရသည်။
မမေ့နိုင်ပါ။ ဘယ်တော့မှ မေ့လို့ ရနိုင်တော့မည် မဟုတ်ပါ။ ဤကဲ့သို့သော “ဥရောပ၏ မှော်ဝင်ဆည်းဆာ” မြင်ကွင်းကို ကျနော့်အဖို့ တသက်လုံး ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်တော့ပါ။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်….။
No comments:
Post a Comment