မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့် ဥရောပ ကျေးလက် (၂ )
အပမ်းပြေ လမ်းလျှောက်လို့ ရတဲ့ ကာရိုဟန် လမ်းမ
အဖြူရောင်ညထဲက ရွှေရောင်တွေ
လေတချွန်ချွန် ကုတ်အကျီင်္ တမမနဲ့
ကျွန်ုပ်ဆီကို လာသေလား
ဟဲလို
နေကောင်းပါစ
ဥရောပ ကျေးလက် သမီးပျိုတို့
ကျူရိုးဖေါင်ဖွဲ့ ကမ္ဘာသစ်ရဲ့ နိဒါန်း
နှစ်တထောင်ကို ခြေတလှမ်းနဲ့ လှမ်းခဲ့သူတို့…
( ဥရောပ မဲဇာ ကဗျာရှည်မှ )
လေဆိပ်ထဲက အထွက် တက္ကစီကားဘေးတွင် ရပ်နေစဉ် ထူးခြားသည့် စိတ်ဆန္ဒတချို့ကို ကျနော့်မှာ မနည်း မြိုသိပ် ထားခဲ့ရပါသေးသည်။
လေဆိပ် အဆောက်အဦရှေ့ ဆင်ဝင်အောက်တွင် ရပ်နေရင်းက ရင်ထဲ မြင့်တက်လာနေသည့် စိတ်ဆန္ဒတခုကို အတင်းအဓမ္မ ချိုးနှိမ်ထားခဲ့ရ၏။ နော်ဝေး နိုင်ငံမြေပေါ် ခြေချခွင့် ရလိုက်သည်နှင့်တပြိုင်နက် ထိုနိုင်ငံ၏ မြေကြီးခဲတခုကို ကောက်ယူကာ နမ်းရှုံ့ချင်သည့် စိတ်ဆန္ဒက ကျနော့်ကို အပြင်းအထန် ဆွဲဆောင်ခေါ်ငင် ထားခဲ့၏။ အမှန်တကယ် နမ်းရှုံ့ခြင်းမျိုးတော့ မဟုတ်။ စတိသဘော နမ်းကြည့်ဖို့ ဖြစ်၏။ အချိန်အတန်ကြာ ကားဘေးတွင် ငူတူတူကြီး ရပ်နေသော ကျနော့်ကို ကားပေါ်တက်ရန် မသီတာက သတိပေးခဲ့ရ၏။
ထိုအချိန် ထို အခိုက်အတန့်ကလေးတွင် တိုင်းပြည်မှ နှစ်ပေါင်း ၂၀ တိတိ နှင်ထုတ် ခံထားခဲ့ရသည့် ရုရှစာရေးဆရာကြီး ` ဆိုဆင်နစ်ဇင် ´ ကို ကျနော့် မျက်စိထဲ မြင်နေခဲ့၏။ ရုရှစာရေးဆရာကြီး ဆိုဆင်နစ်ဇင် သည် ` စတာလင်လက်ထက် ´ အလုပ်ကြမ်းနှင့်ချွေးတပ်စခန်း နောက်ခံဖြင့် ဝတ္ထုကြီးတပုဒ် ရေးသဖြင့် သူ့ကို စတာလင်က တိုင်းပြည်မှ နှင်ထုတ်ပစ်ခဲ့၏။ အနှစ် ၂၀ ပြည်နှင်ဒဏ် ပေးခြင်း ခံခဲ့ရလေသည်။ သူသည် ခိုလှုံနေထိုင်ခွင့် ရရှိသည့် အမေရိကန်နိုင်ငံသို့ရောက်ရှိသည့်အခါ လေယာဉ်ပေါ်မှ အဆင်း မြေမှုံတချို့ကို ကောက်ယူကာ နမ်းရှုံ့ပြခဲ့သူ ဖြစ်သည်။ အမေရိက၏ လွတ်လပ်ငြိမ်းချမ်းမှုနှင့် ဘဝချင်းမတူသော တိုင်းပြည်တခု၏ ရေမြေရနံ့ကို ရှူရှိုက်ကြည့်သည့်သဘော ပြသခဲ့၏။
ယခုလည်း ကျနော့်အနေနှင့် နော်ဝေးနိုင်ငံမြေပေါ် ပထမဆုံး ခြေချခွင့် ရသည့်အခါ နော်ဝေးတို့၏ ရေမြေရနံ့ကို ဆုပ်ကိုင် နမ်းရှုံ့ကြည့်ရလျင် ကောင်းမလားဟု တွေးမိလိုက်၏။ လွတ်လပ် ငြိမ်းချမ်း လှပလွန်းသည့် ဗိုက်ကင်း တို့၏မြေကို ကျနော်၏ လက်ဖဝါး နဖူးတို့ဖြင့် ထိတွေ့ ကြည့်လိုက်ချင်သည်။ တချိန်တည်းမှာပင် ကျနော် ချစ်ခင်လေးနက်နေမိသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသည့် စကားတခွန်းကိုလည်း ကျနော့်နားထဲ ကြားလာနေရပြန်သည်။ အကယ်၍ သူ့အနေနှင့် နိုင်ငံပြင်ပသို့ ထွက်ခွါခွင့် ရပြီဆိုလျင် ပထမဆုံး သူရွေးချယ်မည့် နိုင်ငံသည် နော်ဝေးနိုင်ငံပင် ဖြစ်သည်ဟူသည့် စကားကို ကျနော့်နားထဲတွင် ကြားလာနေခဲ့ရ၏။ သည်သို့သော တိုင်းပြည်တခုကို ကျနော် ရောက်လာခဲ့ရပြီ။ ဆိုဆင်နစ်ဇင် ၏ ရင်ခုန်မှုမျိုး ဒေါ်အောင်ဆန်းစုကြည်၏ တောင့်တမှုမျိုးကို ကျနော်က လက်တွေ့ ရလိုက်ပြီ။ ထို့ကြောင့် ကျနော့်မှာ စိတ်တွေ ပေါ့ပါးလွတ်လပ် တက်ကြွနေခဲ့၏။ သည်မြေကြီးက ကျနော်တို့တိုင်းပြည်က မြေကြီးလိုမဟုတ်။ သည်မြေပေါ်က လူတွေ၏ ဘဝသည်လည်း ကျနော်တို့တိုင်းပြည်က လူတွေ၏ ဘဝနှင့် မတူ။ ယုတ်စွအဆုံး သည်နေရာ သည်ဒေသ နေရောင် လရောင်နှင့် ပန်းရနံ့များသည်ပင် ကျနော်တို့နှင့် တူနိုင်ကြမည် မဟုတ်။
တက္ကစီကားပေါ်တက်ပြီး လိုက်ပါလာခဲ့ရသည့်တိုင် ကျနော့်စိတ်များက အတွေးထဲတွင် ဆက်လက် နစ်မျောနေခဲ့သေးသည်။ ကျနော့်ကို လာကြိုကြသည့် ပုဂိုလ် ၃ ဦးသည်လည်း ကျနော့်အတွေး ကျနော့်ခံစားချက်များကို ကူးစက်သဘောပေါက်ကာ အချိန်အတန်ကြာ တမင် ငြိမ်နေခဲ့ကြသည်လား မသိ။ မည်သူမျှ စကား များများ မပြောကြတော့။
ကျနော်က အော်စလိုမြို့ထဲသို့ အဝင် လမ်းကျဉ်းတခုထဲအရောက် အုတ်ခဲများ ဒေါင်လိုက်စီပြီး ခင်းထားသည့် လမ်းတခုကို ကြည့်ကာ ကျနော် ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ကားတချို့ကို သတိရမိအောင် ရလိုက်သေးသည်။ သူတို့ ဥရောပတိုက် မြို့ပြလမ်းကြားများမှာ ယခုလိုပင် အုတ်ခဲများကို ဒေါင်လိုက်စီပြီး လမ်းခင်းတတ်သည်ကို ရုပ်ရှင်တွေထဲ၌ မြင်ခဲ့ရဖူးသည်။ ဘာ့ကြောင့်ရယ်တော့ အတိအကျ မသိသော်လည်း နှင်းကျသည့်အခါ လမ်းမချော်အောင် ခင်းထားသည့်သဘောဟုတော့ ယူဆမိသည်။
အော်စလိုမြို့သို့ ဦးတည်ရာ လမ်းတစ်လျှောက်တွင် မြင့်မြင့်မားမား ဆောက်လုပ်ထားသည့် တိုက်တာ အဆောက်အဦးများ မတွေ့ခဲ့ရပါ။ တခုနှင့်တခု ထိကပ်နီးစပ်စွာ ဆောက်လုပ်ထားသည့် လူနေအိမ်များကိုလည်း မတွေ့ခဲ့ရပါ။ ချမ်းသာကြွယ်ဝသည့် တိုင်းပြည်ဖြစ်သည့်တိုင် အိမ်ယာအဆောက်အဦးများကို တမင်ပင် မြင့်မြင့်မားမား ဆောက်လုပ်ခြင်း မရှိပဲ ထားခြင်းဖြစ်မည်ဟုတော့ စိတ်ထဲက ခန့်မှန်းမိသည်။ လူနေ အိမ်ခြေနည်းပါးသည့် မြေကွက်များကိုပင် တွေ့လာခဲ့ရသေးသည်။
အထူးသဖြင့် အော်စလိုလေဆိပ်သည်ပင် နိုင်ငံတကာ လေဆိပ်ကြီးများလို ကြီးမားကျယ်ပြန့်စွာ ဆောက်လုပ်ထားခြင်း မရှိသေးပါ။ သူ့တိုင်းပြည် လူဦးရေ နယ်မြေအနေအထား အခြေအနေနှင့်ကိုက်ညီအောင် တမင်ပင် လေဆိပ်ကြီးကြီးမားမား ဆောက်လုပ်ခြင်း မပြုပဲ ထားသည်ဟုလည်း သိခဲ့ရ၏။ ထို့ကြောင့်ပင် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ ကျနော်စီးလာသော ဂျက်လေယာဉ်ကြီးမှာ အော်စလိုလေဆိပ်သို့ တိုက်ရိုက်မဆင်းပဲ နော်ဝေးနိုင်ငံနှင့် ကပ်လျက် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် လေဆိပ်ကိုသာ အရင် ဆင်းခဲ့ရပြီး ကိုပင်ဟေဂင် လေဆိပ်မှတဆင့်သာ အော်စလိုကို တခြားလေယာဉ်ငယ် တစ်စီးဖြင့် ခရီးဆက်ခဲ့ရခြင်း ဖြစ်သည်။
ကားထဲတွင် အပူဓါတ် အနည်းငယ် ပေးထားသည်မို့ အပြင်ဘက်တွင် အအေးဓါတ် အခြေအနေကို ကျနော် မခန့်မှန်းတတ်ခဲ့ပါ။ သေချာသည့်အချက်ကတော့ လွန်ခဲ့သော ဆယ်ရက်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း တက္ကစီကား စီးစဉ်က ကားထဲတွင် အအေးဓါတ် ပေးသည့်စက် တပ်ထားသည့်ကားကို ကျနော် စီးခဲ့ရပြီး ယခုအခါမူ ကားအတွင်း အပူဓါတ်ပေးထားသည့် တက္ကစီကား စီးနေရသည်ကို စဉ်းစားကာ ရာသီဥတု ပြောင်းပြန် ပြောင်းသွားခဲ့ပြီကိုမူ သတိထားမိလိုက်၏။
ကျနော် ရောက်လာသည့်အချိန်က ကံကောင်းသည်ဟု ကိုမွန်းအောင် ပြောပါသည်။ ပြင်းထန်လှသည့် ဆောင်းရာသီ၏ အမြီးပိုင်းကိုသာ နင်းမိသည့်အချိန် ဖြစ်သည်ဟု သိလိုက်ရ၏။ ဆောင်းကုန်ကာစ နွေဦးရာသီ။ ထို့ကြောင့် ထင်သလောက် မအေးတော့သည့်အကြောင်း ပြောပြခဲ့၏။ အအေးဓါတ် လျော့နည်းသွားသည့်အတွက် ကံကောင်းသည်ဟု သိရသော်လည်း ကျနော်က ဆောင်းဝင်စအချိန် မေပယ်လ်ရွက်များ ဝါချင်တိုင်း ဝါနေတတ်သည်ဆိုသည့်အတွက် မမြင်လိုက် မမီလိုက်ရသည့် အဝါရောင် မေပယ်လ်ရွက်များကို လွမ်းနေမိပြန်သည်။
အော်စလိုမြို့ထဲ ဝင်လာသောအခါ နေရောင်တချို့ သစ်ပင်နှင့် တိုက်တာများပေါ် တစေါင်းထိုးကျနေသည်ကို တွေ့လာရသည်။ နံနက် ၁၀ နာရီဝန်းကျင်။ နေရောင်က အနီရောင် ရောထားသည့် ဝါကျင့်ကျင့် အရောင်မျိုး။ ကျနော်တို့ဆီက ဝင်းဝင်းလက်လက် လွတ်လွတ်လပ်လပ် တောက်တောက်ပပ နေရောင်မျိုးတော့ မဟုတ်။ မဝံ့မရဲနှင့် ခေါင်းငုံ့ပြီး တိုးဝင်လာနေသည့် နီကျင်ကျင် ဝါမွဲမွဲ အရောင်မျိုး။ ကျနော့်မှာ နေရောင်များကို မော့ကြည့်ကာ ဥရောပ ရေမြေ ရာသီဥတု အခြေအနေ အတွေ့အကြုံ အသစ်နှင့် ထိတွေ့ရတော့မည် ဖြစ်သဖြင့် ရင်ခုန်နေခဲ့ရ၏။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်...။
`
No comments:
Post a Comment