December 24, 2011

ဥရောပ မဲဇာ


မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့် ဥရောပ ကျေးလက် (၁)

 
နားထဲ
မြွေတွန်သံတွေ ကြားနေရဆဲ
မမက်ဖူးတဲ့ အိပ်မက် တခုနဲ့
မထုဖူးတဲ့ ရုပ်ထု တခုယူကာ
(ဥရောပ ဆန်ဆန်)
ပခုံးတွန့် ဖိနပ်တချက်ရှပ်ပြီး
သတ္ထုငှက် ကြောကုန်းပေါ်က
ကျွနုပ် ဆင်းချလိုက်
အို… မေပယ်လ်ရွက်တွေ ဘယ်မှာလဲ
ဘယ်ရီးသီး အပြာ… ဘယ်မှာလဲ။
( ဥရောပ မဲဇာ… ကဗျာရှည်မှ )

အော်စလို လေဆိပ်ကို လေယာဉ်ပေါ်မှ ဆီးမိုးပြီး ကြည့်ရသည်မှာ ကြည်နူးဖို့ ကောင်းလှ၏။ သို့သော် မိုးတိမ်များကြားကဖြတ်ကာ လေယာဉ် ဆင်းသက်လာနေသဖြင့် ကြာရှည်ရှင်းလင်းစွာတော့ ကြည့်ခွင့် မြင်ခွင့် မသာခဲ့ပါ။ အပြာရင့်ရောင် ရေပြင်ထဲ တဖြောင့်တည်း ရှည်မျောမျော ထိုးထွက်နေသည့် ကျွန်းကလေးတခုကို ငုံ့ကြည့်နေစဉ် လေယာဉ်က ကျွန်း၏ တဖက်ထိပ်တွင် ခေါင်းတည်ပြီး နေရာယူလိုက်ကာမှ ကျွန်းကလေးတခု မဟုတ်ပဲ လေယာဉ်ပြေးလမ်းတခုဟူ၍ သိလိုက်ရ၏။
တခဏအတွင်းမှာပင် ပြေးလမ်းပေါ်တွင် လေယာဉ်ဘီးများ ကျသွားကြ၏။ လေယာဉ် စက်သပ်ပြီး ရပ်လိုက်သောအခါ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။ ကျနော်က လူသွားလမ်းလည်ခေါင် ခေါင်းပေါ်က စင်ပေါ်တွင် တင်ထားသည့် လက်ဆွဲသေတ္တာငယ်ကို ယူကာ လူတွေကြား ဝင်ပြီး တန်းစီလိုက်သည်။
လေဆိပ်ထဲသို့ရောက်သောအခါ တခြား ခရီးသည်များနည်းတူ လူဝင်မှု ကြီးကြပ်ရေးအပေါက်ဝတွင် တန်းစီရပြန်သည်။ ကျနော့်အလှည့်သို့ရောက်သောအခါ ကျနော့်နောက်တွင် ခရီးသည် တဦး နှစ်ဦးသာ ရှိတော့၏။ ကြည်ပြာရောင် ဝတ်စုံ ဝတ်ထားသော လူဝင်မှုကြီးကြပ်ရေး ပုဂိုလ်များရှေ့က အပေါက်ကလေးတွင် ကျနော်၏ ပတ်စ်ပို့စာအုပ်ကို တင်ပေးလိုက်သည်။ သူတို့နှစ်ဦးက ကျနော့်ကို ငုံ့ကြည့်ကာ အော်စလိုကို တခေါက်မှ မရောက်ဖူးသေးဘူးပေါ့ ဟု ပြောလိုက်၏။ ကျနော်က အပြုံးဖြင့် ခေါင်းညိတ်ပြသည်။ သူတို့က အော်စလိုက ကြိုဆိုပါတယ် ဟု ပြောကာ ကျနော့်ပတ်စ်ပို့စာအုပ်ကို ပြန်ပေးလေသည်။
ကျနော်က ယူနီဖေါင်းဝတ်ထားသည့် ပုဂိုလ်များရှေ့တွင် အလိုလို မလုံမလဲ ဖြစ်တတ်သည့် စိတ်ကြောင့် စိုးရိမ်ကြောင့်ကျနေစဉ် သူတို့က အခုလို ဖေါ်ရွေစွာ ပြောဆိုဆက်ဆံလိုက်သောအခါ ကျနော့်မှာ စိတ်လက်ပေါ့ပါး လွတ်လပ်သွားရ၏။
ပစ္စည်းများ တင်ပြီး တပါတ်ပြီးတပါတ် လည်နေသည့် ဝန်းပတ်စက်ကြီး ဘေးတွင် သွားရပ်ပြီး ကျနော့်ရဲ့ လက်ဆွဲ အိပ်ကြီး ထွက်အလာကို စေါင့်နေရပြန်သည်။ တစ်ကြိမ်…နှစ်ကြိမ်…သုံးကြိမ်…။ ဝန်းပတ်စက်ကြီးပေါ်တွင် ကျနော့် လက်ဆွဲအိပ်ကြီး ပါမလာသေး။ နောက်ဆုံးတွင် ဝန်းပတ်စက်ကြီးသာ ဆက်လက်လည်ပတ်နေသော်လည်း မည်သည့် လက်ဆွဲအိပ်မျှ ပါလာသည်ကို မတွေ့ရတော့။ နဂိုလ်ကမှ စိတ်တထင့်ထင့် ဖြစ်နေခဲ့ရသည့် ကျနော့်မှာ ပြာယာခတ်သွားကာ ရုတ်တရက် ဘာဆက်လုပ်ရမည်ကိုပင် မသိနိုင်အောင် ထူထူပူပူ ဖြစ်သွားရ၏။ ပြီးတော့မှ လူသွားလမ်းကြားက စုံစမ်းရေးဌါန အပေါက်ဝသို့သွားရပ်ကာ အကြိုးအကြောင်း ပြောပြရတော့သည်။ လေဆိပ်ဝန်ထမ်းဖြစ်မည် ထင်ရသူ အမျိုးသမီးတဦးက ကျနော့်ကို ပြုံးရွှင်စွာငုံ့ကြည့်သည်။ အရေးတယူ နားထောင်သည်။ ပြီးတော့  ပတ်စ်ပို့နှင့် စာရွက်စာတမ်းတချို့ ထုတ်ပြရသည်။ သူက လာအိုမှာကတည်းက ( Through Check-in ) လုပ်လာခဲ့သည့် လက်ဆွဲအိပ် နံပါတ်ပြားများကို စစ်ဆေးနေသည်။ ပြီးတော့ နောက်ထပ် ဝန်ထမ်းတဦး ရောက်လာကာ စကားပြောကြသည်။ ကျနော့်ကိုလည်း ဘာမှ မစိုးရိမ်ဘို့ အမြန်ဆုံး ပြန်ရအောင် လုပ်ပေးမယ့်အကြောင်း ရှင်းပြနေကြသည်။
သူတို့နှင့်  စကားပြောနေစဉ် ကျနော့်မျက်လုံးများက အပြင်ဘက်ထွက်သည့် လူသွားလမ်းထိပ်ကို လှမ်းကြည့်လိုက်မိသည်။ အာရှတိုက်သား လူသုံးယောက် လူသွားလမ်းထိပ်တွင် ရပ်စေါင့်ပြီး ကြည့်နေကြသည်ကို ကျနော် တွေ့လိုက်သည်။ အမျိုးသား တဦးနှင့် အမျိုးသမီး နှစ်ဦး။ ကျနော့်ကို အဝေးမှ ရပ်ကြည့်ပြီး ပြုံးပြနေကြ၏။
ရုတ်တရက်တော့ ကျနော် မမှတ်မိ။ မင်သက်မိပြီး ရပ်ကြည့်နေစဉ် အမျိုးသမီးကြီးနှင့် အမျိုးသားကို ကျနော် မှတ်မိသွားရသည်။ ကို ` မွန်းအောင် ´ နှင့် ` ဒေါ်ခင်ပြုံး…´။ ပြီ်းတော့ မိန်းကလေး တဦး။
ကျနော်က သူတို့ရှိရာ လျှောက်လာနေစဉ် ကို` မွန်းအောင်(တေးသံရှင် မွန်းအောင်) ´ က ကျနော့်ကို ဆီးကြိုပြီး ပြုံးပြနေသည်။ ဒေါ်ခင်ပြုံး( ဒီမိုကရက်တစ် မြန်မာ့အသံ လက်ထောက် ညွှန်ကြားရေးမှူး) ကို ထိုင်းနိုင်ငံ မယ်စရီရန်း မြို့တွင် လွန်ခဲ့သော ၂ လခန့်ကတည်းက တွေ့ဖူးခဲ့ပြီး ဖြစ်သည်။ ကိုမွန်းအောင်က ` ခင်ဗျားက ချေးပုံးနဲ့ နက်ကတိုင်နဲ့ ရှိုးမိုးအပြည့်နဲ့ဆိုတော့ ကျုပ်တောင် ရုတ်တရက် မမှတ်မိဘူး ဖြစ်သွားတယ်ဗျာ ´ ဟု ဆိုကာ ကျနော့်ကို နှုတ်ဆက်သည်။ ကျနော်က လက်ဆွဲအိပ်ကြီးအကြောင်း ပြောပြရပြန်သည်။ အံတီပြုံးက စုံစမ်းရေးအခန်းဆီသွားကာ ကျနော့် လက်ဆွဲအိပ်ကြီးကိစ္စ သေချာအောင် ထပ်ပြီး ပြောပြနေပြန်သည်။ ထိုစဉ်မှာပင် ဘေးတွင် ရပ်နေသော ကျနော်နှင့် အရပ်ချင်း မတိမ်းမယိမ်း မိန်းခလေးတစ်ဦးကို ကျနော် လှည့်ပြီး ပြုံးပြရသည်။ သူကလည်း ကျနော့်ကို ` သီတာက ဦးငြိမ်းဝေကို အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနဲ့ဖြစ်မယ်ထင်တယ်ဆိုပြီး စေါင့်ကြည့်နေတာ ´ ဟု ဆိုကာ နှုတ်ဆက်ကာမှ သူ့ကို ` မသီတာ ´ မှန်း ကျနော် သိသွားရသည်။ သူ့အသံကို နားထောင်ကာ ရေဒီယိုမှ ကြားရသည့် သူ့အသံနှင့် တူ မတူ စဉ်းစားနေမိသေးသည်။ ယခင်က တခါမျှ လူချင်း မတွေ့ဖူးသေး။
ကိုမွန်းအောင်နှင့်မူ မာနယ်ပလောမှာ ကတည်းက သိကျွမ်းခင်မင်ခဲ့ပြီး ဖြစ်သည်။ သူက ဆံပင် ကြောဘက်ရောက်သည်အထိ ရှည်လျားလျက်၊ အသားအရေ စိုပြေလှပလျက်။ အရင်ကထက် သိသိသာသာ ပြောင်းလဲသွားသည့် အနေအထားမို့ ကျနော်က တွေ့တွေ့ချင်း မမှတ်မိခဲ့ခြင်း ဖြစ်သည်။ သူက နော်ဝေးနိုင်ငံ အော်စလိုမြို့ကို ကျနော့်ထက် ၂ နှစ်စေါပြီးမှ ရောက်နေသူ ဖြစ်သည်။ ဒီမိုကရက်တစ် မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ကိုမွန်းအောင်ကိုတွေ့တော့ ကျနော် အားရှိသွားရသည်။
သူတို့က ခရီးသည်များ ကုန်သလောက် ရှိသည်အထိ ကျနော် ထွက်မလာသေးသဖြင့် စိတ်ပူပြီး စေါင့်နေကြရကြောင်း ဝိုင်းပြောနေကြသည်။ ကျနော့်အဖို့မူ နဂိုကတည်းက လက်ဆွဲအိပ်ကြီးအပေါ် စိတ်မချနိုင် ဖြစ်နေရသည့်ကြားထဲ အခုလို ကျနော်နှင့်အတူ ရောက်မလာခဲ့သည့်အခါ ပိုပြီး စိတ်ပူနေရတော့သည်။ ကိုမွန်းအောင်က ကျနော့်ကို စိတ်မပူဖို့ ပြောသည်။ အိပ်ထဲတွင် တန်ဘိုးကြီးပစ္စည်း ပါသလားဟုလည်း မေးသည်။ ပျောက်လျင် လေကြောင်းကုမ္ပဏီက လျှော်မှာ ဖြစ်ကြောင်း ပြောပြီး အားပေးသည်။ ဘယ်နည်းနှင့်မျှ မပျောက်နိုင်ပါဘူးဟူ၍လည်း ပြောသည်။
လေဆိပ်အပြင်ဘက် တက္ကစီကားပေါ် တက်ထိုင်ပြီးသည့်နောက်တွင်မူ လက်ဆွဲအိပ်ကြီး ရောက်မလာခဲ့သည်ကိစ္စကို မဖြစ်မနေ ခေတ္တခဏတော့ မေ့ထားမှ ဖြစ်မည်ဟု ကျနော် ဆုံးဖြတ်လိုက်ရ၏။
ကားဘီး စတင်လိမ့်သည်နှင့်တပြိုင်နက်၊ ချမ်းစိမ့်စိမ့် လေနုအေးနှင့် ကျနော် ထိတွေ့လိုက်ရသည်နှင့်တပြိုင်နက် ကျနော့်စိတ်ထဲ ` ပေပယ်လ်ရွက် ´ များကို မြင်ဖူးချင်နေသည်။ ` ဘလူးဘယ်ရီ ´ ဟု ခေါ်သော ဘယ်ရီသီးအပြာကိုလည်း မြင်ဖူးချင်လာခဲ့သည်။
ကျနော်တို့စီးလာသော မာစီဒီး အမျိုးအစား တက္ကစီကားက လေဆိပ်ရှေ့က ကားလမ်းအဝိုင်းကို ပတ်မောင်းနေစဉ် အုပ်ခုံအဝိုင်း၏ အလယ်တွင် ရုပ်ထုတခုကို ကျနော် တွေ့ရသည်။ လူ တယောက် စက္ကူစွန်တခုကို ကောင်းကင်ပေါ် ပစ်လွှတ်နေသည့် ရုပ်ထုကို ကျနော် တွေ့လိုက်ရ၏။
လေဆိပ် အဆောက်အဦးရှေ့မှာ ကားထွက်လာသည့်အခါ ကျနော့် မျက်လုံးများက လမ်းဘေး ဝဲယာ များကို လိုက်ကြည့်သည်။ အမျိုးအမည်မသိ သစ်ပင်များကို မသိမသာ လိုက်ကြည့်သည်။ ကျနော့်စိတ်ထဲ ကျနော် မမြင်ဘူးသည့် မေပယ်လ်ပင်များ ဖြစ်နေလေမလားဟု ခန့်မှန်းရင်း ငေးကြည့်လာခဲ့သည်။ ကျနော်စီးလာသော တက္ကစီကားကလေးက လှပသော သစ်ပင်တန်းများ ကားလမ်းများကို နောက်ချန်ပြီး ထားရစ်ခဲ့၏။ 

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်…။
 

No comments:

Post a Comment