ဆန်စက် အလုပ်သမလေး ခင်ဝေ၊ ရေသူမ ကြေးရုပ်နှင့် မှော်ဝင် ဆည်းဆာ (၃)
လေယာဉ်ပေါ် မတက်ခင် ခေတ္တထိုင်စေါင့်ရသည့်အခန်း( Departure Lounge ) ထဲတွင် ခရီးသည် ၄ ဦးသာ ရှိနေသေးသည်။ ဥရောပတိုက်ကို ရောက်လာခဲ့သည်မို့ အအေးဓါတ် ပိုလာပြီလားဟု စိတ်ထဲက ထင်မိသည်။ သို့သော် အနွေးဓါတ် ပေးထားသည့်အခန်း ဖြစ်သဖြင့် နေလို့ထိုင်လို့ ကောင်းပါသည်။
ကိုပင်ဟေဂင် လေဆိပ်၊ ဂိတ်နံပါတ်(၁၁) အခန်းထဲက မှန်ကာကြီးနှင့် အနီးဆုံး ထိုင်ခုံတွင် ကျနော် သွား ထိုင်နေလိုက်သည်။ အပြင်ဘက် လေဆိပ်ကွင်းထဲ လှမ်းမြင်နေရ၏။ လေယာဉ်တချို့နှင့် ကုန်တင်ကားငယ်တချို့ ရှေ့တိုးနောက်ငင် လုပ်နေကြသည်။ ကျနော်က နော်ဝေးနိုင်ငံ အော်စလို ကို ထွက်ခွါမည့် လေယာဉ်ကို တနာရီနီးပါး ထိုင်စေါင့်ရဦးမည် ဖြစ်သည်။ ထိုင်စေါင့်နေစဉ် ကိုယ်နှင့်မကွာ ပါလာသည့် နိုင်ဝင်းဆွေ ရဲ့ ` နွေတည´ စာအုပ်ကို ဖတ်ရန် စိတ်ကူးသည်။
လက်ဆွဲသေတ္တာကလေးထဲက နိုင်ဝင်းဆွေရဲ့ ` နွေတည ´ ဝတ္ထု စာအုပ်ကို ထုတ်လိုက်သည်။ ထုံးစံအတိုင်း ပန်းချီဆရာ ဝသုန် ရေးဆွဲထားသော မျက်နှာဖုံးပုံကို အရင်ကြည့်သည်။ စာအုပ်ကလေးကို ရုတ်တရက် လှပ်မကြည့်သေးပဲ စိတ်ကို ဖြေလျှော့ ချနေမိသည်။ လှုပ်ရှားနေသော စိတ်နှင့် ညောင်းညာနေသာ ခနကိုယ်ကို တခဏမျှ စုစည်း ဖြေလျော့ ထားရန် ပြင်ဆင်ရပြန်သည်။
ကျနော်က ` နွေတည ´ ဝတ္ထုကို စိတ်ရောကိုယ်ပါ စုစည်းပြင်ဆင်ပြီးမှသာ ဖတ်လေ့ရှိသည်။ ထို့ပြင် သာမာန်အချိန်များတွင်လည်း ဖတ်လေ့ဖတ်ထ မရှိ။ ဘာကြောင့်ရယ်မသိ စိတ်ခံစားမှု တစုံတရာ ပြင်းထန် လှုပ်ရှားနေသည့်အချိန်မျိုး ဒါမှမဟုတ် တစုံတရာ အထီးကျန် ဆန်လှသည့် အခြေအနေမျိုးတွင် ` နွေတည ´ ဝတ္ထုကို တခုတ်တရ ဖတ်လေ့ရှိသည်။ အခုလည်း ` နွေတည ´ ဝတ္ထုကို ကျနော် ဖတ်ရပေဦးတော့မည်။
စာအုပ်ကလေးကို ကိုင်ထားနေစဉ် ဂန္ထဝင် တေးသံရှင် ` မာမာအေး ´ ရဲ့ ` နှစ်ယောက်ထဲ နေချင်တယ် ´ သီချင်းက နားထဲတွင် အလိုလို မျှောဝင်လာနေသည်ဟု ခံစားလာနေရ ပြန်သည်။ ` နေမမြင် ရေအစဉ်ခဲ မြောက်ဝန်ရိုးစွန်းကိုပဲ ခေါ်ခေါ် ပျော်ပါမယ်၊ သဲသဲမဲမဲနဲ့ နှစ်ယောက်ထဲ နေချင်တယ် ´ ဆိုသည့် သီချင်းသံကို စိတ်ထဲက အလိုလို ရွတ်ဆိုနေမိပြန်သည်။
`နွေတည ´ ဝတ္ထုစာအုပ်ကလေးကို ကိုင်ထားရင်းက ကျနော့်စိတ်တွေ လေးကန် ထိုင်းမှိုင်းရပြန်သည်။ အော်… အခုဆိုရင် ` နွေတည ´ ဝတ္ထုစာအုပ်ကို ရေးသည့် စာရေးဆရာ ` နိုင်ဝင်းဆွေ ´ တစ်ယောက် ဘယ်ဆီကို ရောက်လို့ ဘာတွေများ ဖြစ်နေမှာပါလိမ့် ဟု တွေးကာ ပင့်သက်ချမိသည်။
နိုင်ဝင်းဆွေရဲ့ ` နွေတည´ ကို ကျနော် ဖတ်ခဲ့ပြီးသည်မှာ ကြာပါပြီ။ နွေတည ရယ် မဟုတ်။ သူ ရေးခဲ့သည့် လုံးချင်းစာအုပ် အားလုံးကို ကျနော် ဖတ်ခဲ့ပြီး ဖြစ်သည်။ တချို့စာအုပ်များကို တကြိမ်မက အကြိမ်ကြိမ်အခါခါ ဖတ်သည်။ တချို့စာအုပ်များကိုမူ ကျနော် သိတ်ပြီး မကြိုက်ပါ။ ကျနော့်အတွက် စိတ္တဇဆန်ဆန် အစွဲလန်းကြီး စွဲလန်းခဲ့ရသည့် စာအုပ်လည်း ရှိသည်။ ထို စာအုပ်မှာ ` နွေတည ´ ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကိုယ်နှင့်မကွာ ထားလေ့ရှိသည့် စာအုပ်လည်း ဖြစ်သည်။ စိတ်ဓါတ် လွင့်ပါး ခံစားမှုများ လှုပ်ခတ်နေသော အချိန်မျိုးများတွင် နွေတည ဝတ္ထုကို ကျနော် အမြဲ ဖတ်သည်။ နွေတည သည်ကား ကျနော့်အတွက် စိတ်ဓါတ် အသက်ကယ်ဆေးတပါး ဖြစ်လာခဲ့သည်လား။ သည်လိုတော့လည်း ကျနော် တခါမှ မစဉ်းစားခဲ့မိ။ သို့သော် နွေတည ကို ကျနော် ဘယ်သွားသွား ဘယ်လာလာ ကိုယ်နှင့်မကွာ သယ်ဆောင်သွားလေ့ ရှိသည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။
အမှန်စင်စစ် မိမိအဖို့ နယ်စပ်ဒေသသို့ ထွက်ခွါဖို့ ဆုံးဖြတ်ချက် ယတိပြတ် ချနိုင်ခဲ့သည်မှာပင် မာနယ်ပလောတွင် စာရေးဆရာ နိုင်ဝင်းဆွေ ရောက်နေသည် ဟူသည့် သတင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု ယူဆရပါမည်။
နယ်စပ်ဒေသသို့ ထွက်ခွါရန် ချီတုံချတုံ ဖြစ်နေစဉ် ကျနော့်ထံ တောင်ငူမှ စာတစ်စေါင် ရောက်လာခဲ့သည်။ စာပေဝါသနာရှင် လူငယ်တစ်ဦးက ကျနော့်ထံ ပို့လိုက်သည့်စာ ဖြစ်သည်။ စာရေးဆရာ ` နိုင်ဝင်းဆွေ ´ တစ်ယောက် မာနယ်ပလောတွင် ရောက်ရှိနေကြောင်း သတင်းစာထဲ ပါရှိလာသည်ကို သတင်းပါးလိုက်သော စာ ဖြစ်သည်။
စာရရချင်း ကျနော် တောင်ငူကို တက်လာခဲ့သည်။ တောင်ငူတွင် နိုင်ဝင်းဆွေ အမှတ်တရ စကားဝိုင်းလေး တခု လုပ်သည်။ ကဗျာဆရာ ကေတုဘုန်းမော်(ကွယ်လွန်)နှင့် ကျနော်က အဓိက ဆော်သြပြီး လုပ်ကြသည်။ အထက်တန်းပြ ဆရာမ(၂)ဦး၊ ရှေ့နေ(၁)ဦး၊ မီးရထားဝန်ထမ်း(၁)ဦး၊ တက္ကသိုလ်ကျောင်းသား(၄)ဦး၊ ကဗျာဆရာ(၃)ဦး။ ကျနော်တို့စကားဝိုင်းတွင် နိုင်ဝင်းဆွေရဲ့ နွေတညကို အများဆုံး ပြောကြ ဆွေးနွေးဖြစ်ကြသည်။
နိုင်ဝင်းဆွေသည် စကားပြေ ဘုရား။ နိုင်ဝင်းဆွေသည် မတ်က်စ်ဝါဒီ။ နိုင်ဝင်းဆွေ၏ ဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းကို သူရေးခဲ့သော စာအုပ်များနှင့် နှိုင်းယှဉ်တွဲစပ်ကာ လေ့လာကြသည်။ နိုင်းဝင်းဆွေသည် ဘဝသရုပ်ဖေါ် စာရေးဆရာတစ်ဦး။ အထူးသဖြင့် သူ၏ ` မသိန်းရှင်ဆီ ပို့ပေးပါ ´ ဝတ္ထုမှာ သူ့ကို ဘဝသရုပ်ဖေါ် စာရေးဆရာအဖြစ် အပီပြင်ဆုံး တွန်းတင်ပေးလိုက်သော ဝတ္ထုဖြစ်သည်။ နောက်ဆုံးတော့ ကျနော်တို့က နိုင်ဝင်းဆွေကို နိုင်ငံရေးနှင့် စာပေ ကန့်ပြီး လေးနက်ကြရန် ဆွေးနွေးခဲ့ကြသည်။
မာနယ်ပလောသို့ သွားသင့်မသွားသင့် ချီတုံချတုံ ဖြစ်နေသော ကျနော့်စိတ်မှာ ထိုစကားဝိုင်းပြီးသောအခါ မဖြစ်မနေသွားသင့်သည်ဟူသော ဆုံးဖြတ်ချက်ကို အခိုင်အမာ ချလိုက်နိုင်တော့သည်။
မာနယ်ပလောသို့ ရောက်သောအခါ နိုင်ဝင်းဆွေနှင့်ကျနော် အချိန် ကြာကြာ တွေ့ခွင့် စကားပြောခွင့် သိတ်ပြီး မရခဲ့ပါ။ တွေ့ပြန်တော့လည်း သူနှင့်ကျနော် ၁၉၇၈ ခုနှစ်မတိုင်ခင် သူ တော်လှန်ရေးဘက်သို့ မကူးပြောင်းခင် အချိန်များကိုသာ ပြန်လည် ပြောဖြစ်နေခဲ့ကြ၏။ ပြီးတော့ သူကလည်း ၁၉၇၈ ခု သူ တောခိုသွားပြီးနောက်ပိုင်း စာပေလောက အခြေအနေများကိုသာ သိချင်နေသည်။ ကျနော်နှင့် တွေ့ပြီး ၆ လခန့်အကြာတွင် နိုင်ဝင်းဆွေတစ်ယောက် ကျန်းမာရေး ချို့တဲ့လာခဲ့၏။ ထိုစဉ်မှစကာ သူသည် စိတ်ဝေဒနာအားဖြင့် နဂိုလူကောင်းဘဝသို့ ပြန်ရောက်မလာနိုင်တော့ပါ။
မာနယ်ပလောကို ရန်သူ နဝတနှင့် ဒီကေဘီအေ ကရင်ခွဲထွက်တပ်များ သိမ်းပိုက်ရန် လေးရက်ခန့်အလိုတွင် နိုင်ဝင်းဆွေကို ထိုင်းနိုင်ငံဘက်ကမ်း ပဟေလူဟု ခေါ်သည့် ကရင်ရွာကလေးတွင် ကျနော် နောက်ဆုံးတွေ့ခဲ့ရ၏။ ပဟေလူရွာတွင် သူရောက်နေကြောင်း ကြားလျင်ကြားချင်း သူ့ကို ကျနော် သွားတွေ့သည်။ သူသည် ကျနော့်ကိုပင် ကောင်းမွန်စွာ လက်ခံစကားပြောနိုင်စွမ်း မရှိတော့။ သူ တည်းခိုနေသော အိမ်၏ ဘုရားစင်အောက်တွင် တရားထိုင်နေလေသည်။ သူသည် ထမင်းလည်းမစား ရေကိုပင် တခါတရံမှ သောက်တော့သည်ဟု သိခဲ့ရ၏။ သူ့ကိုကျနော်က ဓါတ်ပုံရိုက်ဖို့လုပ်တော့ သူက ဒေါသတကြီးဖြင့် ကျနော့်ကို ခုန်အုပ်တော့မလို လုပ်ကာ တားမြစ်သည်။ ထို့ကြောင့် ဓါတ်ပုံပင် မရိုက်ခဲ့ရ။
ပဟေလူရွာမှာ ရန်သူ နဝတတပ်များ၏ လက်နက်ကြီး တကမ်းစာတွင်သာ ရှိသည်။ ကျနော်က မာနယ်ပလော၏ နောက်ဆုံးအခြေအနေများကို ဒီမိုကရက်တစ် မြန်မာ့အသံသို့ သတင်းပို့ရန် အလုပ်တွေ ပိနေခဲ့သည်။ ထို့ပြင် ကျနော်တာဝန်ယူထားသည့် စတူဒီယို ပစ္စည်းများနှင့် အဖွဲ့ဝင်ရဲဘော်များ ဘေးကင်းလုံခြုံရာ ဆက်လက် သယ်ဆောင် ထွက်ခွါရန် စီစဉ် စိုင်းပြင်းနေရသဖြင့်လည်း နိုင်ဝင်းဆွေကို နောက်တကြိမ် သွားတွေ့ရန် အချိန်မရနိုင်အောင် ဖြစ်နေသည်။ သူကလည်း စိတ်ကျန်းမာရေး မကောင်းတော့သူဖြစ်သဖြင့် သူ့ကို ကူညီဖို့ဆိုလျင် ကျနော် တယောက်ထဲနဲ့လည်း ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ သည်ကြားထဲ သူ့ကို ထိထိရောက်ရောက် ကူညီနိုင်သည့် ဘဝ အနေအထားရှိသည့် လူတယောက်အနေနှင့်လည်း ကျနော့်မှာ မဟုတ်ပြန်။ ကျနော်သည် သာမာန် တော်လှန်ရေးရဲဘော်ဘဝနှင့် ခရီးဆက်နေရသူလည်း ဖြစ်နေခဲ့၏။ ထို့ကြောင့် ပဟေလူရွာမှ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ရန် ဖြစ်လာသည့်အခါ နိုင်ဝင်းဆွေကို ကျနော် ခွဲခွါခဲ့ရသည်။ ထိုအချိန်ကစပြီး နိုင်ဝင်းဆွေနှင့်ကျနော် အဆက်အသွယ် ပြတ်ခဲ့ရသည်။ ယခုတော့ ကျနော်က ဥရောပသို့ ခရီးထွက်လာရပြန်သည်။ သည်ကြားထဲ နိုင်ဝင်းဆွေ၏ သတင်းကို တွေ့သည့်လူတိုင်း ကျနော် မေးနေခဲ့ရသည်။ သို့သော် သူ့သတင်းကို အစအနမျှပင် ကျနော် မရခဲ့သေး။
` နွေတည ´ ဝတ္ထုကို ဖတ်ရှုနေစဉ် ခန်းမထဲ ခရီးသည် ၃၀ ခန့်ရောက်လာကြပြီ ဖြစ်သည်။ သို့သော် နောက်ထပ် မိနစ် ၂၀ ခန့် အချိန် ရှိနေသေးသည်။ ထို့ကြောင့် နွေတညကို ဆက်ဖတ်သည်။
ဝတ္ထုထဲက အဓိက ဇာတ်ကောင် ဆန်စက် အလုပ်သမလေး ` ခင်ဝေ ´ သည် အငယ်တန်းတောအုပ်ကလေး ` မောင်ကိုကို ´ ၏ နောက်သို့ ခိုးရာ လိုက်ခဲ့၏။ ဓါတ်မီးတိုင် မီးရောင် မှိန်ဖြော့ဖြော့အောက် ဘော်လုံးကွင်း ရေစပ်စပ်တွင် ခင်ဝေသည် ဂျပန်ဖိနပ် အဟောင်းလေးကို စီးလျက် မောင်ကိုကို၏ လက်ကို ဆုပ်ကိုင်ထားနေလေသည်။
သူတို့နှစ်ဦး ဘော်လုံးကွင်းပြင်ကြီးပေါ် တင်နေသည့် ရွှံ့ဗွက်ရေအိုင်များကို နင်းလျှောက် လာနေကြလေသည်။
ငြိမ်းဝေ
ဆက်လက်ဖေါ်ပြပါမည်….။
No comments:
Post a Comment