ဆန်စက် အလုပ်သမလေး ခင်ဝေ၊ ရေသူမ ကြေးရုပ်နှင့် မှော်ဝင် ဆည်းဆာ (၂)
ကိုပင်ဟေဂင် ကမ်းခြေက ရေသူမလေး ကြေးရုပ်
တိမ်ထုအတွင်း နိမ့်ဆင်းလာနေစဉ် လေယာဉ်ကြီးမှာ အနည်းငယ် တုန်ခါသလို ရှိလိုက်သည်။ ကျနော်က ခါးတွင်ပတ်ထားသည့် ခါးပတ်ကို လက်နှင့်စမ်းကြည့်မိသေးသည်။
ယခုအခါ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် လေဆိပ်ကို လေယာဉ် ဆင်းတော့မည် ဖြစ်သည်။ မိုး စင်စင် လင်းပြီဖြစ်သဖြင့် လေယာဉ်ကြီး၏ အပြင်ဘက်ကို ကောင်းကောင်း မြင်နေရပါပြီ။ သို့သော် တိမ် ထူထပ်နေသောကြောင့် မြေပြင်ကိုမူ ရှင်းရှင်းလင်းလင်း မမြင်ရသေး။
ကျနော့် မျက်လုံးများက ကိုပင်ဟေဂင်မြို့ကို လိုက်ရှာနေမိသည်။ အကယ်၍များ ကိုပင်ဟေဂင် မြို့ပေါ် လေယာဉ် ရောက်ရှိနေစဉ် ဖြစ်ပါက ကိုပင်ဟေဂင်မြို့ ပင်လယ်ကမ်းခြေ တနေရာက ကမ္ဘာကျော် ရေသူမလေး ကြေးရုပ်ကို တွေ့ရလို တွေ့ရငြား သတိထားပြီး လိုက်ကြည့်နေမိသေးသည်။
ဒီ ရေသူမလေး ကြေးရုပ်ကို ကဗျာဆရာကြီး ဒဂုန်တာရာ ဒိန်းမတ်ကို ရောက်ရှိစဉ်က လေယာဉ်ပေါ်မှတဆင့် မြင်ရလို မြင်ရငြား လိုက်ကြည့်နေမိသေးသည်ဟု သူ၏ ဧရာဝတီ ယန်စီ ဗေါလဂါ ခရီးသွားစာအုပ်ထဲတွင် ရေးခဲ့ဖူးသည်။ ထို အကြောင်းကို တွေးမိကာ ရေသူမလေး ကြေးရုပ်ကို ကျနော် လိုက်ကြည့်နေမိခြင်း ဖြစ်သည်။
ယင်း ရေသူမလေး ကြေးရုပ်၏ နောက်ခံ အကြောင်းအရာကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ ဒိန်းမတ် ပုံပြင်ဆရာကြီး အင်ဒါဆင်းက ရေသူမလေးအကြောင်း ပုံပြင် တပုဒ်ရေးခဲ့၏။ ပုံပြင်ထဲတွင် ရေသူမလေးသည် လူသား ဘုရင့်သားတော် မင်းသားလေးကို တဘက်သတ် ချစ်ကြိုက်မိရာက မင်းသားလေးနှင့် နီးစပ်ခွင့်ရရေး စုံးမကြီးတစ်ဦးကို အကူအညီတောင်းခဲ့၏။ စုံးမကြီးက ကျိန်စာတိုက်ပြီးမှ ရေသူမလေးကို မင်းသားလေး ရှေ့တော်မှောက် ကချေသည်လေးအဖြစ် ရောက်သွားအောင် ကူညီပေးလိုက်၏။ သို့သော် ကျိန်စာအရဆိုလျင် ရေသူမလေးမှာ မင်းသားလေး ရှေ့မှောက် ရောက်ရှိပြီး ကပြခွင့် ရသည့်အခါ သူ့ခြေဖဝါးများမှာ ဓါးသွားများပေါ် နင်းရသလို သွေးစက်စက်ကျ နာကျင်စွာ ခံရစားရမည် ဖြစ်သည်။ လျှာ အဖြတ်ခံရမည် ဖြစ်သည်။ မိဘနှင့် အမတော်များကို စွန့်လွှတ်ရမည် ဖြစ်သည်။ ရေသူမလေးကတော့ သည်လို ဒုက္ခများကို ကြိတ်မှိတ်သီးခံကာ မင်းသားလေးနှင့် နီးစပ်နိုင်ရေးအတွက် စုံးမကြီး၏ ကျိန်စာကို လိုလိုလားလားပင် သဘောတူခဲ့၏။ နောက်ဆုံးတွင် ရေသူမလေးမှာ ကချေသည်တစ်ဦးအဖြစ် မင်းသားလေး ရှေ့မှောက်တွင် ကပြခွင့် ရ၏။ သေလုမတတ် နာကျင်ရသည့် ဒုက္ခကြီးကိုလည်း ခံစားရ၏။ သို့သော်လည်း နောက်ဆုံးတွင်မူ သူ ချစ်သော မင်းသားလေးနှင့်မူ မပေါင်းဖက်ရ ရှာခဲ့ပါ။
ဒိန်းမတ် ပုံပြင်ဆရာကြီး အင်ဒါဆင်းရဲ့ ရေသူမလေး ပုံပြင် စာအုပ်ကို ဆရာ အံ့မောင်က မြန်မာဘာသာပြန်ဆို ထုတ်ဝေခဲ့၏။ ထို စာအုပ်ကို ကျနော် ငယ်စဉ် အသက် ၂၀ ဝန်းကျင်က ဖတ်ခဲ့ရ၏။ အင်ဒါဆင်းရဲ့ ရေသူမ ကျမပါ မောင် ဟု ကဗျာတပုဒ်ထဲ ထည့်ရေးပြီး ပေးခဲ့သော ကျနော့် ချစ်သူ၏ စာတစ်စေါင်ကို ကျနော် မေ့လို့မရ။ နောင် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် ရေသူမလေး ပုံပြင်အပေါ် ကျနော်၏ ရင်ခုန်ခံစားမှုမှာ လျှော့ပြယ်သွားခြင်း မရှိခဲ့။
ဒိန်းမတ် ပုံပြင်ဆရာကြီး ဖန်တီးသည့် ရေသူမလေးကို ဒိန်းမတ် ပန်းပုဆရာ အက်ဗတ် အီရစ်ဆင် က ကြေးရုပ်အဖြစ် သွန်းထုကာ ကိုပင်ဟေဂင်မြို့ ပင်လယ်ဆိပ်ကမ်း တနေရာက ကျောက်တုံးပေါ် တင်ထားပေးလိုက်၏။ ထို အခါမှစကာ ရေသူမလေးအပေါ် ကရုဏာသက်ကြသည့် ကမ္ဘာ့ပြည်သူများက ဒိန်းမတ်ကို ရောက်သည့်အခါ ယင်း ရေသူမလေး ကြေးရုပ်ကို လာရောက်ကြည့်ရှုကြလေ့ ရှိ၏။ ရေသူမလေး ကြေးရုပ်သည် ဒိန်းမတ်နိုင်ငံ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းအတွက် ဝင်ငွေအကောင်းဆုံး ဖန်တီးပေးနိုင်သည့် ရုပ်ထုလေးအဖြစ် ထင်ရှားလာခဲ့၏။
ရေသူမလေးခမျာ ပုံပြင်ထဲတွင်သာမက အပြင်ဘက်တွင်လည်း ဘဝ နာခဲ့ရရှာပါသည်။ သူ့ခမျာ ကြေးရုပ်အဖြစ် ရောက်ရှိလာခဲ့ရသည့်တိုင် လူတချို့သည် မည်သို့သော ခံစားချက်များကြောင့်ရယ်မသိ ၂ ကြိမ်တိုင်တိုင် ဦးခေါင်းကို ဖြတ်ပြီး ခိုးယူသွားခြင်း ခံခဲ့ရသေး၏။
ရေသူမလေး ကြေးရုပ်ကို မတွေ့မမြင်လိုက်ရပဲ ကျနော် စီးလာသည့် လေယာဉ်ကြီးက ကိုပင်ဟေဂင်မြို့ လေဆိပ်ကို ဆင်းလိုက်သည်။ လေဆိပ်တွင် နော်ဝေသို့ ထွက်မည့် လေယာဉ်ကို တနာရီနီးပါး ထိုင်စေါင့်ရဦးမည် ဖြစ်သည်။ တနာရီနီးပါး အချိန်ရသည့်တိုင် ကျနော့်မှာ ကိုပင်ဟေဂင်မြို့ထဲ ဝင်လည်ခွင့် မရှိပါ။ ပြည်ဝင်ခွင့် ဗီဇာ ကျနော့်မှာ မရှိပါ။ ထို့ကြောင့် ထိုစေါင့်နေရသည့်အချိန်ကလေးအတွင်း ရေသူမလေး ကြေးရုပ်ကို သွားကြည့်ခွင့်ရလျင် ကောင်းမည်ဟု တွေးမိသော အတွေးမှာ လက်တွေ့အားဖြင့် မည်သို့မျှ မဖြစ်နိုင်ခဲ့ပါ။
ခေါင်းဖြတ်အခိုးခံရစဉ်က ရေသူမလေးကြေးရုပ်
ကိုပင်ဟေဂင် လေဆိပ် Boarding Pass ထုတ်ယူသည့် ကောင်တာမှ ခွါကာ ဂိတ်နံပါတ် ၁၁ သို့ အသွား၊ လမ်းဘေးတွင် လှပသည့် ဈေးဆိုင်လေးများကို တွေ့ခဲ့ရသည်။ နံနက် စေါစေါ ဖြစ်သဖြင့် လူသွားလူလာ သိတ်ပြီး မတွေ့ရသေးပါ။
ကျနော် ဈေးဆိုင်တစ်ခုထဲ ဝင်လိုက်သည်။ ဟိုဟိုဒီဒီ လျှောက်ကြည့်သည်။ တနေရာ အရောက်တွင် ခြေလှမ်းများက အလိုလို ရပ်တန့်သွားရ၏။ ကျနော် တွေ့ချင်နေသည့် ပို့စ်ကဒ်များကို မတ်တပ် စင်ကလေး တစ်ခုပေါ်တွင် တွေ့လိုက်ရပါပြီ။ ရေသူမလေး ကြေးရုပ် ပို့စ်ကဒ်များ…။ အနားကို တိုးလိုက်သည်။ စင်ပေါ်က ယူကြည့်သည်။ ဝယ်ချင်သည့်စိတ် ဖြစ်ပေါ်လာနေသည်။ သို့သော် ပိုစ်ကဒ်များကို စင်ပေါ်ကိုသာ ပြန်တင်ထားလိုက်ရပါသည်။ ကျနော့်မှာ ဝယ်စရာ ပိုက်ဆံ မရှိပါ။ ကျနော့် အိပ်ခတ်ထဲတွင် ထိုင်း ဘတ်ငွေ ၁၀၀ ကျော်သာ ရှိသည် မဟုတ်ပါလား။
မထားချင် ထားချင် စိတ်နှင့်ပင် ရေသူမလေး ပို့စ်ကဒ်ကို စင်ပေါ် ပြန်တင် ထားလိုက်ရပြီး ဈေးဆိုင်ကလေးထဲက ခြေလှမ်း မသွက်တသွက်ဖြင့် ပြန်ထွက်လာခဲ့သည့် ကျနော့်ကို ဆိုင် ပိုင်ရှင်ဖြစ်ဟန် တူသူ မိန်းကလေးက လိုက်ကြည့်နေသည်ကိုတော့ ကျနော် သတိပြုမိခဲ့ပါသည်။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်…။
No comments:
Post a Comment