ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၇)
ကဗျာဆရာမကြီး အက်ခ်မာ တော်ဗါ
အပြင်ဘက်တွင် မှောင်နှင့်မည်းမည်း ဖြစ်နေသဖြင့် ပြတင်းပေါက် မှန်ကာလေးကို ဆွဲပိတ်ကာ တီဗွီ ဖန်သားပြင်ကြီးဆီကိုပဲ လှမ်းကြည့်ရပြန်သည်။ ဖန်သားပြင်ပေါ်တွင် လေယာဉ် လမ်းကြောင်းပြ မြေပုံကို ပြနေ၏။
ကျနော် စီးလာနေသည့် လေယာဉ်ကြီးမှာ ဟိမဝန္တာ တောင်တန်းကြီးပေါ် ဖြတ်ကျော် လာခဲ့ပြီးပြီပဲ။ ပေ ၂၀၀၀၀ ကျော် အမြင့် မိုးသားတိမ်တိုက်တွေရဲ့ အထက်က ပျံသန်းလာနေသည့် လေယာဉ်ကြီးပေါ်တွင် ခရီးသည် ၂၀၀ နီးပါး လိုက်ပါလာနေသည်ဟု ယူဆမိသည်။ ဟိမဝန္တာ တောင်တန်းကြီးပေါ် ကျော်လာနေခဲ့စဉ်တုန်းက ပြတင်းပေါက်မှ တဆင့် အောက်ကို ငုံ့ကြည့်မိသေးသည်။ ဘေးတွင်လည်း မှောင်နှင့်မည်းမည်း။ လေယာဉ်ကြီးရဲ့အောက်ဘက်တွင်လည်း မှောင်နှင့်မည်းမည်း။ တစုံတရာ ရင်ခုန်စိတ်ဖြင့် အမှောင်ထုကြီးထဲတွင် ဟိမဝန္တာတောင်တန်းကြီးရဲ့ တောင်ထွတ်တောင်စေါင်းများကို မြင်တွေ့လို မြင်တွေ့ရငြား လိုက်ကြည့်နေမိသေးသည်။
သည်လောက် ပိန်းပိတ်အောင် မှောင်နေသည့် အနေအထားမျိုးတွင် သည်လေယာဉ်ကြီးကို ရဲရဲဝန့်ဝန့် တည်တည်ငြိမ်ငြိမ်ဖြင့် ဦးစီးမောင်းနှင်လာကြသည့် လေယာဉ်မှူးများကို စိတ်ထဲမှာ တအံ့တသြနှင့် ကျနော် တွေးလို့မရ။ တောင်ထွတ်တခုခုနှင့် ပွတ်တိုက်မိမှဖြင့်..။ ကျနော် ကြောချမ်းလိုက်မိသည်။
ရင်တုန်ပမ်းတုန်စိတ်ဖြင့် မျက်စိစုံမှိတ် စဉ်းစားနေရင်းက မျက်လုံးများကို ဖွင့်တော့ တီဗွီဖန်သားပြင်ကြီးပေါ်တွင် လေယာဉ်ကြီးက မြို့ကလေးတမြို့ အပေါ်တည့်တည့်က ဖြတ်ပျံနေသည်ကို တွေ့လိုက်ရ၏။ ကျနော့်စိတ်များ ရုတ်တရက် လန်းဆန်းနိုးကြားသွားရ၏။ ကြောက်စိတ်များသည်ပင် ဘယ်ရောက်ကုန်သည်မသိ။
တီဗွီဖန်သားပြင်ကြီးပေါ်က မြို့ကလေး။ ` ကိဖ် ´ ဆိုတဲ့ မြို့ကလေး။ ယူကရိန်းနိုင်ငံရဲ့ အထင်ကရ မြို့တော်။ တချိန်က ဆိုဗီယက်ရုရှအင်ပါယာဝင် အဖွဲ့ဝင် နိုင်ငံရဲ့ အင်မတန် ထင်ရှားတဲ့ မြို့ကလေး။ အထူးသဖြင့် ကျနော် ချစ်တဲ့ ကျနော် စိတ်ဝင်တစား ဖတ်ရှုနေခဲ့ရတဲ့ ကဗျာဆရာမ ` အင်နာ အက်ခ်မာတော်ဗါ ´ ` မာရီနာ စဗက်ထရေဗါ ´ ကဗျာဆရာ ` အိုစစ် မင်ဒယ်လ်စတန်း ´ ` အီလျာ အာရင်ဘတ် ´ ပြီးတော့ ဒေါက်တာ ဇီးဗါးဂိုး ဝတ္ထုကြီး ရေခဲ့တဲ့ ` ပက်စတာညက် ´ တို့ ခြေချခဲ့ရာ မြို့ကလေး။
အဲဒီ ကိဖ် မြို့ကလေးကို ကဗျာဆရာကြီး ဒဂုန်တာရာ ရောက်ဖူးခဲ့သည်ကိုလည်း သွားပြီး တွေးမိပြန်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် တက်ရောက်ရန် မြန်မာ့ငြိမ်းချမ်းရေးအဖွဲ့ကိုယ်စားလှယ်အနေနှင့် ရောက်ဖူးခဲ့ခြင်းဖြစ်သည်။ သည် မြို့ကလေးတွင်ပင် နှစ်သစ်ကူးပွဲတော်နှင့်ကြုံသည်။ ကိဖ်မြို့ကလေးရဲ့ ယဉ်ကျေးမှုနန်းတော်က စာကြည့်တိုက်ကြီးမှာ စာအုပ်ပေါင်း ၄၈၀၀၀ ကျော်ရှိသည်ဟု ဆရာဒဂုန်တာရာ က သူ့ရဲ့ ` ဧရာဝတီ ယန်စီ ဗေါလဂါ ´ စာအုပ်တွင် ရေးခဲ့သည်။ ထို မြို့ကလေး၏ ည သန်းခေါင်အချိန်တွင် ဗေါလ်ကာ အရက်ခွက်ကို ကိုယ်စီကိုင်ကာ မြန်မာလူထု ယူကရိန်းလူထုနှင့် ကမ္ဘာ့လူထုကြီးအတွက် ငြိမ်းချမ်းရေးဆုမွန်ကောင်း တောင်းခဲ့ကြသည်ကို ကျနော် တွေးမိလာသည်။
ကိဖ်မြို့ကလေးမှာ တချိန်က ကွန်မြူနစ် အင်ပါယာကြီး ထူထောင်စဉ် ၁၉၁၇ ခုနှစ်ဝန်းကျင်က ကွန်မြူနစ်တို့အတွက် သိမ်းသွင်းရ အခက်ခဲဆုံး ကော့ဆက်များ အင်အားကောင်းခဲ့ရာ မြို့ကလေး ဖြစ်ခဲ့သည်။ ထိုကာလအတွင်း ကော့ဆက် ၁ သန်းခန့်ကို ကွန်မြူနစ်တွေက သတ်ဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။
ကျနော်ကတော့ ဆိုက်ဗေးရီးယား မဲဇာတောတွင် မင်းပြစ် မင်းဒဏ်ဖြင့် သေဆုံးခဲ့ရသည့် ကဗျာဆရာ ` အိုစစ် မင်ဒယ်လ်စတန်း ´ အကြောင်း ဆောင်းပါးများ ရေးခဲ့၊ သူ့ကဗျာတချို့ ဘာသာ ပြန်ခဲ့ပြီး ဖြစ်သဖြင့် အခုလို ကိဖ်မြို့ကလေးပေါ် လေယာဉ်ကြီး ဖြတ်ပျံစဉ် ကျနော့် နှလုံးသားများမှာ ထူးခြားစွာ လှုပ်ရှားနေခဲ့ရ၏။ ပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တဲ့ ကဗျာဆရာမ ` မာရီနာ စဗက်ထရေဗါ ´ ၊ သူကတော့ တကယ့်ကို ဝဋ်ဒုက္ခ ကြီးခဲ့သူ ဖြစ်သည်။ ခင်ပွန်းဖြစ်သူက နိုင်ငံတော် ပုန်ကန်သူများဟု စွပ်စွဲခံရသည့် အလုပ်သမား ၆၁ ယောက် တန်းစီပြီး ပစ်သတ်ခံရသည့် လူအုပ်ထဲ ပါသွားခဲ့ရပြီး သမီးအကြီးမကမူ မိဘမဲ့ ဂေဟာတစ်ခုတွင် အစာရေစာ ငတ်ပြီး ဆုံးပါးခဲ့ရ။ တခါ ကဗျာဆရာမကြီး ` အက်ခ်မာတော်ဗါ ´ ကြပြန်တော့လည်း နှစ်ပေါင်းများစွာ သူ့ကဗျာတွေ ပုံနှိပ်ထုတ်ဝေခွင့်မရ၊ ဆိုဗီယက် စာရေးဆရာများ သမဂကြီးက ထုတ်ပစ်တာခံရ၊ နောက်ဆုံးတော့လည်း အဲဒီ ဆိုဗီယက် စာရေးဆရာသမဂကြီးမှာပဲ ဥက္ကဌ ပြန်ဖြစ်လာ။ အတက်အကျ များလွန်းလှတဲ့ ဘဝထဲက ကဗျာဆရာမ။ ပြီးတော့ ` ပက်စတာညက် ´ ၊ သူလည်း စာပေနိုဗယ်ဆု ရအပြီး ၂ နှစ်လောက် ကွန်မြူနစ် လျှို့ဝှက် ပုလိပ်တွေ တချိန်လုံး လိုက်လံနှောက်ယှက်တာခံရ စိတ်ဒုံးဒုံးကျပြီး သေဆုံးခဲ့ရသူ။
` ကိဖ် ´ ဆိုတဲ့ မြိုကလေးက အဲသလို ကဗျာဆရာတွေ ခြေချနေထိုင်ခဲ့ရာ မြို့ကလေး။ စာပေဟာ ပါတီအတွက် ပစ္စည်းမဲ့လူတန်းစားအတွက်သာ ဖြစ်ရမယ်ဆိုတဲ့ ခေတ်ကြီးတခုအောက်မှာ ဘဝကိုယ်စီ ဒရွတ်သီဆွဲပြီး နေထိုင်ရပ်တည်သွားခဲ့ကြရတဲ့ ကျနော် ချစ်သော ကဗျာဆရာများ နေထိုင်ခဲ့ရာ ` နိပါး ´ မြစ်ကမ်း ပေါ်က မြို့ကလေး။
ကျနော်က ထို အောက်တိုဘာတော်လှန်ရေး ဝန်းကျင်ကာလအပေါ် ရုရှ တော်ဝင်ကဗျာဆရာကြီး ` အလက်ဇန်ဒါ ဘလော့ ´ ပြောခဲ့သော စကားတခွန်းကို စိတ်ထဲ စွဲနေခဲ့သည်။ သူက ရုရှနိုင်ငံရဲ့ အဲဒီ ခေတ်ကာလကို ` ကြောက်မက်ဖွယ် နှစ်ကာလများ ´ လို့ ဝိဂြိုလ်ပြု ရေးခဲ့ ပြောခဲ့၏။
လေယာဉ်ကြီး၏ အောက်ဘက် အမှောင်ထုကြီးထဲ လိုက်ကြည့် နေမိပြန်သည်။ နိပါးမြစ်ကမ်းပေါ် မေးတင်ပြီး အိပ်ပျော်ကောင်း အိပ်ပျော်နေမည် ဖြစ်သည့် ကိဖ် မြို့ကလေးကို မီးရောင်လဲ့လဲ့ မြင်ရလို မြင်ရငြား လိုက်ကြည့်နေမိသေးသည်။ နိပါးမြစ်ပေါ်တွင် အမှောင်ထုကြီးဖုံးနေလျက် တိမ်တိုက်များက ကျနော့်မြင်ကွင်းကို လိုက်ပြီး ကာဆီးထားနေလျက်။ ထို့ကြောင့် ကိဖ် မြို့ကလေးကို ကျနော် မမြင်ခဲ့ရပါ။
ပြတင်းပေါက် မှန်ကာပြားကို ဆွဲပိတ်ချလိုက်ကာ နောက်မီပေါ် ခေါင်းတင်ထားပြီးသည်အထိ ကိဖ် မြို့ကလေးအကြောင်းနဲ့ ကျနော် ချစ်ခင်လေးနက်ခဲ့ရသည့် ကဗျာဆရာများအကြောင်းက ကျနော့် စိတ်ထဲက ပျောက်မသွားသေး။
သတိရလို့ နာရီကိုကြည့်တော့ မနက် ၄ နာရီပင်ထိုးတော့မည်။ ထိုအချိန်မှာပင် မျက်လုံးများကို မှိတ်ကာ ခေါင်းကို နောက်မီတွင် မှေးတင်ထားရင်းက ရုရှကဗျာဆရာမ `အက်ခ်မာတော်ဗါ ´ ရဲ့ ကဗျာတပိုဒ်ကို စိတ်ထဲက ရွတ်ဆိုနေမိသည်။
မင်းနဲ့ငါ
တောင်ကြီး တလုံးပမာ
ကျစ်လစ်ခိုင်မာစွာ ကုတ်တွယ်ထားခဲ့ကြ
ငါ့ဆီကို
သန်းခေါင်ယံရဲ့ ကြယ်တာရာတွေကို ဖြတ်ကာ
နှုတ်ခွန်းဆက်စကား ကြိုးစားပြီး ပို့လိုက်စမ်းပါ…။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်….။
No comments:
Post a Comment