ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၂)
တက္ကစီကားပေါ် တက်ကတည်းက ကောင်းကင်တခုလုံး အုန့်မှိုင်းကာ သဲသဲမဲမဲ မိုးရွာချလိုက်သည်။ ကျနော်တို့နှစ်ယောက် မိုးရွာထဲတွင်ပင် မော်ချစ်ကားဂိတ်ကြီးသို့ ရောက်လာခဲ့ကြ၏။
ကားပေါ်က ဆင်းတော့ မိုးရေမစိုစေရန် ကိုစိုးမင်းက ကျနော့်ကိုပဲ ထီးကို ဆောင်းစေသည်။ လက်ဆွဲအိပ်ကြီးနှင့် ကို့ယိုကားယားဖြင့်ပင် ကားဂိတ် အမိုးအောက် ရောက်လာခဲ့ရ၏။ ကိုစိုးမင်းမှာ တကိုယ်လုံး မိုးရေ စိုရွှဲနေသည့်ကြားမှပင် လက်ဆွဲအိပ်ကြီးကို ဝိုင်းကူပြီး ဆွဲပေးရသေး၏။
ကားဂိတ်ကို ရောက်တော့ ည ၉ နာရီ ရှိနေပြီ။ ကားထွက်မှာက ၁၁ နာရီ။ ထို့ကြောင့် ကိုစိုးမင်းကို အိမ်ပြန်ဖို့ရန် ပြောရသည်။ အစပထမတော့ ကိုစိုးမင်းက ကျနော့်တစ်ယောက်ထဲ ကားဆိပ်မှာ ထားခဲ့ရမှာ အားနာနေသေးသည်။ ကျနော်က မရမက တိုက်တွန်းမှ အိမ်ပြန်သည်။ တကိုယ်လုံး မိုးရေစိုရွှဲနေသည့်ကြားမှ ကျနော့်ကို ကြောပေးထွက်ခွါသွားသည့် ကိုစိုးမင်းကိုကြည့်ကာ ကျနော် စိတ်မကောင်း ဖြစ်မိသည်။
ကိုစိုးမင်းနှင့် ကျနော် တော်လှန်ရေးဌါနချုပ် မာနယ်ပလောတွင် အတူတူ နေခဲ့ကြဖူးသည်။ ဒီမိုကရက်တစ် မြန်မာ့အသံ( DVB ) ၊ ရွှေဗဟိုစည် စတူဒီယိုတွင် အလုပ်အတူတူ လုပ်ခဲ့ကြသည်။ သူသည် ထိုစဉ်က စတူဒီယိုတာဝန်ခံ ကိုစိုးဟန်နှင့် ခင်မင်ရင်းနီးသူ ဖြစ်သည်။ ကျနော်နှင့်အတူ တပ်မဟာ(၁)နယ်မြေ ဖါးအံမြို့နယ်အတွင်း ခရီးထွက်ခဲ့ကြဖူးသည်။ NLD-LA အဖွဲ့ဝင် ရဲဘော်တစ်ဦး ဖြစ်သည်။
သူသည် မာနယ်ပလော ကျဆုံးပြီးနောက် ဘန်ကောက်ကို ရောက်လာခဲ့သည်။ ဘန်ကောက်တွင် သုံးလေးလ နေခဲ့ပြီးသူဖြစ်သဖြင့်၊ မသွားတတ် မလာတတ်သေးသူ ကျနော့်ကို လိုက်ပါပို့ဆောင် ကူညီခဲ့ခြင်းဖြစ်သည်။ ကျနော်ကလည်း ဥရောပခရီးစဉ်ကို လုံခြုံရေးအရ သူတစ်ယောက်တည်းကိုသာ နေ့ရက် အတိအကျ ပြောပြပြီး လာအိုကားဂိတ်အဆင်း လိုက်ပါပို့ဆောင် ကူညီပါရန် အကူအညီတောင်းခဲ့သည်။ သူကလည်း လိုလိုလားလားပင် လိုက်ပါကူညီပေးခဲ့၏။
မိုးရေထဲ ကျနော့်ကို ကြောပေးကာ ခတ်သုပ်သုပ် လျှောက်သွားနေသော ကိုစိုးမင်းကိုကြည့်ကာ ကျနော် စိတ်မကောင်း ဖြစ်ရသည်။သူသည် စက်ရုံတရုံမှ အလုပ်ပြုတ်လာခဲ့သူ မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ပြုလိုက်သည်မှာ တပါတ်ပင် မပြည့်သေး။ သူ့မှာ စားဝတ်နေရေး အခက်အခဲနှင့် ကြုံနေရပြီကို ကျနော် ရိပ်စားမိခဲ့သည်။ (ယခုအခါ ကိုစိုးမင်းသည် အမေရိကတွင် ခိုလှုံနေထိုင်ခဲ့ပြီ ဖြစ်သည်။)
မာနယ်ပလော ကျအပြီး အကြောင်းအမျိုးမျိုးကြောင့် ဘန်ကောက်တွင် လာရောက် သောင်တင်နေကြသည့် တော်လှန်ရေးရဲဘော်များထဲတွင် ကိုစိုးမင်းလည်း ပါဝင်လာခဲ့သည်။ ထိုစဉ်က မုန်တိုင်းကြောင့် လွင့်စင်လာကြသည့် သစ်ရွက်များလို တော်လှန်ရေးရဲဘော်တချို့ ဘန်ကောက်မြို့ထဲ ဝဲလှည့် နေခဲ့ကြရ၏။ တချို့ လေထဲမှာ…။ တချို့ ဘယ်ဆီရောက်လို့ ဘာတွေဖြစ်ကုန်ပြီ မသိ။ ကံမကုန်ကြသေးဘူးဆိုရင်တော့ ကျနော်တို့တတွေ ပြန်ဆုံကြသေးတာပေါ့ ဟု ကိုစိုးမင်းကို စိတ်ထဲမှ ပြောနေမိသည်။
သည်တခါ လာအိုခရီးမှာ အရင်တခေါက်တုန်းကလို မဟုတ်တော့ပါ။ ပိုက်ဆံပိုပေးပြီး စီးရသည့်ကား ဖြစ်သဖြင့် ထိုင်ရပြုရသည်မှာ ချောင်ချိသည်။ ကျွေးသော အစားအသောက်ကလည်း ကောင်းသည်။ ကားတစ်စင်းလုံး သန့်ပြန့် မွှေးကြိုင်လျက်။
တနေရာအရောက်တွင် လက်မှတ်ဖြတ်ပိုင်းကလေးများကို ဘတ်စ်ကား ဧည့်ကြိုမိန်းကလေးက ခရီးသည် တစ်ဦးချင်းစီ လိုက်ဝေသည်။ တချို့က မယူ။ အများစုကမူ ယူထားလိုက်ကြ၏။ ကျနော်ကမူ ထိုင်းလိုရေးထားသည်မို့ ဘာမျှမသိသည့်တိုင် ယူတော့ ထားလိုက်သည်။
ဧည့်ကြိုမိန်းကလေးက အရပ်အမောင်း မမြင့်တမြင့်။ အသားဖြူဖြူ။ ဒူးဆစ်အောက် စကဒ်ကို ချပ်ချပ်ယပ်ယပ်ဝတ်ပြီး ကိုယ်ကိုနွဲ့ကာ လမ်းလျှောက်သည်။ သူက ရုပ်ကလည်းချော မျက်နှာထားကလည်း ချိုသဖြင့် ကျနော် နှစ်သက်ခဲ့ဖူးသော `ဂျပန်ပြည်မှာ ခုနှစ်ညတာ´ ဂျပန်ရုပ်ရှင်ကားထဲက ဘတ်စ်ကား ဧည့်ကြို မိန်းကလေးကို မြင်ယောင်လာမိသည်။ ထို ဇာတ်ကားမှာ အလွမ်းဖြင့် ဇာတ်သိမ်းထားသော ဇာတ်ကားဖြစ်သည်။
နံနက် ဝေလီဝေလင်း အချိန်တွင်မူ ကျနော် ချစ်သော မြို့ကလေးထဲ ဘတ်စ်ကားကြီး ဝင်လာခဲ့သည်။ သည်မြို့ကလေးကို အရင်တခေါက် ဗီဇာရက် တိုးဖို့လာခဲ့စဉ်က ယခုလိုပဲ ဖြတ်သန်းခဲ့ဖူးသည်။ တညလုံး မိုးရွာထားခဲ့ဟန်တူပါသည် လမ်းတွေမှာ မီးရောင်အောက်တွင် သန့်ပြန့်ပြောင်လက်လျက် ရှိနေသည်။ မြို့ကလေးထဲ ဘတ်စ်ကားကြီး ချိုးကွေ့ပြီး ဝင်လာပုံ ကိုယ်၌က ကဗျာဆန်လွန်းသည်ဟု ခံစားနေမိသည်။ ကျနော့်အခြေအနေက မိသားစုနှင့် ဝေးသထက် ဝေးရာ ကျနော် ချစ်မက်သော ရဲဘော်များနှင့် ဝေးသထက် ဝေးသည့်နေရာ ဥရောပသို့ တစ်ယောက်တည်း ခရီးထွက်လာခဲ့သူ ဖြစ်သဖြင့် စိတ်ထဲတွင် အလွမ်းဓါတ်က အိုင်ထွန်းလျက် ရှိနေခဲ့သည်။ သည်ကြားထဲ လွမ်းမောဘွယ် ထိုင်းသီချင်း တပုဒ်ကလည်း ဖွင့်ပေးထားသဖြင့် ကျနော့်မှာ ပိုပြီး ခံစား လွမ်းမောနေမိသည်။ အဝါရောင် လမ်းဘေးမီးတိုင် မီးရောင်များ အောက်တွင် ဘတ်စ်ကားကြီးသည် အိပ်မက်တစ်ခုထဲကလို ညင်သာစွာ ချိုးကွေ့ပြီး ဝင်လာနေခဲ့၏။ရေများ ပြောင်လက်ရွှန်းစိုနေသည့် လမ်းမကြီး၊ အိပ်မောကျ တိတ်ဆိတ်လျက်ရှိသော အိမ်များ။ မြို့ကလေးရဲ့ နံမည်က ဥဒွန်းဌါနီ ဖြစ်၏။ လာအိုနှင့် ကပ်လျက် ထိုင်း နယ်စပ် မြို့ကလေး ဖြစ်လေသည်။
မြို့စွန်သို့ အရောက်တွင် ထိုင်း လာအို ချစ်ကြည်ရေးတံတားကြီးနှင့် တံတားနှင့် မလှမ်းမကမ်းတွင် ဟော်တယ်ကြီး တစ်ခု တွေ့ရသည်။ ဘတ်စ်ကားက တံတားကြီးနှင့် ခတ်လှမ်းလှမ်း တနေရာတွင် သွားပြီး ရပ်လိုက်သည်။ ခရီးသည်များ ကားပေါ်ကဆင်းပြီး လမ်းဘေး အဆောက်အဦးတခုတွင် ကားလက်မှတ်များ ဖြတ်ကြရသည်။ ကျနော်က ဘန်ကောက်မှာကတည်းက ခရီးသွားအေဂျင်စီနှင့် ဆက်သွယ်ထားပြီး ဖြစ်သဖြင့် ပိုက်ဆံ ထပ်ပေးဖို့မလိုပဲ လက်မှတ်ဖြတ်လိုက်သည်။ ခရီးသည်များကို သက်ဆိုင်ရာအေဂျင်စီ ကိုယ်စားလှယ်များက စီစဉ်ပေးသည့် ဘတ်စ်ကားများဆီ ကားပြောင်းစီးဖို့ ဆော်သြနေကြသည်။ ခရီးသည်များ ကားပြောင်းစီးကာ တံတားထိပ်ကို ရောက်လာခဲ့ကြသည်။
ခရီးသည်များအားလုံး တံတားထိပ်က လူဝင်မှု ကြီးကြပ်ရေးဂိတ်တွင် ကားပေါ်ကဆင်းပြီး တန်းစီကြရပြန်သည်။ ကျနော်တို့ ဝင်ပြီး တန်းစီနေသော ဂိတ်ဝ တန်းစီနေသူ အများစုမှာ အိန္ဒိယနွယ်ဖွားများက အများစု ဖြစ်နေသည်ကို သတိထားမိသည်။ သို့သော် ထိုအများစုသည်ပင် မြန်မာပတ်စ်ပို့စာအုပ်များ ကိုင်ဆောင်ထားကြသည်ဟု ကျနော် ထင်သည်။ ကျနော်တို့နှင့် ရင်ဘောင်တန်း တနေရာတွင် နောက်ထပ် ဂိတ်တခု ရှိနေသေးသည်။ ထို ဂိတ်တွင် ဥရောပ တိုက်သားတချို့ တန်းစီနေသည်ကို တွေ့ရသည်။ ကျနော်တို့အထဲက လူတချို့က သူတို့ဘက်သွားပြီး တန်းဝင်စီဖို့လုပ်တော့ လူဝင်မှု ကြီးကြပ်ရေး လူတစ်ယောက်က လက်ဟန်ခြေဟန်နှင့် တားပြီး နဂို ကျနော်တို့ဘက်တွင်ပင် ပြန်တန်းစီဖို့ ပြောနေလေသည်။
ဂိတ်ဝတွင် တံဆိပ်တုံး ထုပြီးနောက် ဝန်းခြံကြီးထဲ ဝင်လာပြီးကာမှ အဆောက်အဦးတခုထဲ ဝင်ကြရပြန်သည်။ ကျနော်က သူများနည်းတူ လူဝင်မှုကြီးကြပ်ရေးပုဂိုလ်တစ်ယောက်ရှေ့က စားပွဲပေါ် ဘတ်ငွေ ၂၀၀ တင်ပေးလိုက်သည်။ ဘာ့ကြောင့် အခုလို ပေးရသည်ကို ကျနော် မသိ။ မေးမြန်းကြည့်ဖို့ရာကလည်း ကိုယ်နှင့် အတူ ဝင်လာကြသူ အားလုံးက စားပွဲပေါ် ဘတ်ငွေ ၂၀၀ တင်ပေးလိုက်ကြသည်ကိုကြည့်ပြီး မမေးပဲ နေလိုက်ရသည်။ နောင်မှ သိရသည်မှာ အခုလို ဘတ်ငွေ ၂၀၀ ပေးရသည်မှာ အာရှတိုက်သားများ တန်းစီနေသည့် ဂိတ်တွင်သာ ဖြစ်ပြီး ဥရောပတိုက်သားများကမူ တပြားတချပ်မှ မပေးကြရဟု သိလာရ၏။ ထို့ကြောင့် စိတ်ထဲတွင် ကသိကအောက်နှင့်ပင် ဘတ်စ်ကားဆီ ပြန်လာခဲ့ရသည်။
ဘတ်စ်ကားပေါ် ရောက်တော့ ဆာလောင်လျက် ရှိနေပြီ။ ဥဒွန်းဌါနီ မြို့ကလေး မရောက်ခင် လမ်းပေါ်တွင် ဘေးချင်းယှဉ် ကပ်ထိုင်နေသည့် ခရီးသည် တစ်ဦးက ခင်ဗျား ဘာပြုလို့ ကားခဏနားတဲ့နေရာမှာ ဆန်ပြုပ် ဝင်မသောက်ခဲ့တာလဲ အရမ်းကောင်းတဲ့ ဆန်ပြုပ်ဗျ ကြက်သားကလည်း အများကြီး ထည့်ပေးတာ ဟု ပြောတော့ ကျနော်က ပိုက်ဆံကုန်ပါတယ်ဗျာ ကားပေါ်မှာလည်း ကျွေးတာပဲဟာ ဟု ပြန်ပြောခဲ့မိ၏။ သူက ကျနော့်ကို နားမလည်နိုင်သလို တချက်ကြည့်ကာ ဆန်ပြုပ်က ပိုက်ဆံမပေးရဘူးလေဗျာ ကားပေါ်မှာ ခင်ဗျား လက်မှတ်ကလေး ယူထားလိုက်တာ တွေ့တော့ ခင်ဗျားလည်း ဆန်ပြုပ်သောက်မယ်ထင်လို့ ကျနော်တောင် ဆိုင်ထဲမှာ လိုက်ကြည့်နေသေးတယ် ဟု ပြောလာ၏။ ထိုအခါကျမှ ဘုမသိ ဘမသိနှင့် ယူထားလိုက်မိသည့် လက်မှတ်ကလေးမှာ ဆန်ပြုပ် စားလို့ရသည့် တုံကင်လက်မှတ်ကလေးဖြစ်သည်ကို တွေးမိကာ ကျနော့်မှာ ပိုပြီး ဆာလောင်လာရတော့၏။
ယခု လာအိုဘက်ကမ်း ကူးတော့မည် ရှိသောအခါ ကျနော့်မှာ ဗိုက်ထဲတွင် တဂျုပ်ဂျုပ်မြည်လောက်အောင် ဆာလောင် လာခဲ့သည်။ သို့သော် မည်သို့မျှ မတတ်နိုင်တော့ပါ။ ကားပေါ်တွင် လူပြည့်ပြီဖြစ်သဖြင့် ကားမှာ တံတားပေါ် တက်လာခဲ့ပြီ ဖြစ်သည်။ တံတားပေါ်တွင် ကားဖြတ်မောင်းလာနေစဉ် ကျနော်သည် မဲခေါင်မြစ်ကြီးကို တွေ့လိုက်ရသဖြင့် ဆာလောင်နေသည့် စိတ်သည်ပင် မေ့သွားရတော့၏။
ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်….။
No comments:
Post a Comment