August 02, 2008
ကမ္ဘာအပြားကြီးပေါ်က ကျနော်နဲ့ ကိုခိုင်
(က)
အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။
ဒါပေမယ့် “ကိုခိုင်” နဲ့ ကျနော် အခုလို ပြန်လည်ဆုံတွေ့ရတဲ့အတွက်
ပြားသွားတဲ့ ကမ္ဘာကြီးကိုတော့ ကျေးဇူးတင်မိတာ အမှန်။
အခုတော့ ကမ္ဘာအပြားပေါ်က ရွာထဲလမ်း တနေရာမှာ
“ကိုခိုင်” နဲ့ ကျနော် မမျှော်လင့်ပဲ ပြန်ဆုံမိကြတယ်။
(ခ)
၁၉၉၃-ခု ... ခုနှစ်တုန်းက၊ မာနယ်ပလောမှာရှိတဲ့ ကဗျာရေးတဲ့ လူငယ်တွေ (ဒီတုန်းကတည်းက ကျနော့် စာရေးဖော်စာရေးဖက်တွေက၊ လူငယ်တွေထဲ အတင်းတိုးဝင်ပြီး လူငယ်တယောက်လို ဟန်ဆောင်ဖို့ ကြိုးစားတဲ့ ကျနော့်ကို လူငယ်တယောက်အဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ကြပါဘူး ... စကားချပ် ...။ ) ကဗျာစာအုပ်လေးတအုပ် ထုတ်ကြမယ်ပေါ့။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေဆိုတော့ တယောက်ကို ဘတ်တစ်ဆယ်၊ ငါးဘတ်ပေါ့ ( ဒီတုန်းက ဘတ် (၃၀) ပြည့်အောင် လစဉ်ဝင်ငွေရှိတဲ့ ရဲဘော်ဆိုတာ မရှိခဲ့ပါဘူး) ၀ိုင်းစုပြီးထည့်တာ ဘတ်ထောင့်ငါးရာရခဲ့တယ်။ ဒီပိုက်ဆံနဲ့တော့ ပုံနှိပ်ကဗျာစာအုပ် ဘယ်နည်းနဲ့မှ မထုတ်နိုင်ဘူး။ ဒါကြောင့်မို့ မိတ္တူကူး ကဗျာစာအုပ် အုပ်ရေ (၁၀၀) ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မာနယ်ပလော မှာ မိတ္တူကူးစက် မရှိသေးဘူး။ ဖယောင်းစက္ကူပေါ် သံကညစ်နဲ့ရေးပြီး မှင်ထည့်၊ မီးချောင်းနဲ့ လှိမ့်ထုတ်ရတဲ့ ကျောက်ပုံနှိပ်လက်ရေးကဗျာစာအုပ်ပဲ ထုတ်လို့ရနိုင်မယ်။ ဒီတော့ ... ထိုင်းနိုင်ငံထဲက ဇင်းမယ်နဲ့ မဲဆောက် ... တမြို့မြို့ဆီသွားပြီး မိတ္တူကူးရတော့မယ်။ အဲဒီမြို့တွေကို သွားဖို့ဆိုရင် ရှိတဲ့ ပိုက်ဆံ “ထောင့်ငါးရာ” က၊ ခရီးစရိတ်သာသာပဲရှိတာ၊ ဘယ်လိုလုပ်ရမလဲ။
ဒီတော့ကာ ...၊ ကဗျာရူးသွပ်နေကြတဲ့ ရဲဘော်တွေက ... “ဒီကဗျာစာအုပ်ထုတ်ဖို့ ခင်ဗျားကြီးပဲ တချိန်လုံး ရောဂါထနေတာ၊ ခင်ဗျားက မာနယ်ပလောမှာ ချမ်းသာတဲ့ ပါတီက ရဲဘော်၊ ခင်ဗျားနည်း ခင်ဗျားဟန်နဲ့ ခရီး စရိတ်ရှာပြီး စာအုပ်ဖြစ်အောင်သာလုပ်တော့ ” ဆိုပြီး မဟာတာဝန်ကို ကျနော့်ပခုံးပေါ် မစာနာရက်စက်စွာ တင်လိုက်ကြပါတယ်။
ဒီလိုနဲ့ ကျနော့်တို့ပါတီက နိုင်ငံခြားရေးတာဝန်ခံကို မျက်နှာချိုသွေးရတော့တာပေါ့။ ဒီတုန်းက ကျနော်တို့ ပါတီရဲ့ နိုင်ငံခြားရေးဌာနရုံးက “ဇင်းမယ်” မှာ ရှိတယ်လေ။ ကျနော်တို့ပါတီရဲ့ နိုင်ငံခြားရေးတာဝန်ခံက “မဲ ဆောက်” ကို လာပြီး အပြန်မှာ ကျနော်က သူနဲ့လိုက်မယ်ပေါ့။ ရုံးမှာ တည်းမယ်ပေါ့။ ပါလာတဲ့ ကဗျာတွေကို ရုံးမှာရှိတဲ့ ပုဂ္ဂိုလ်တယောက်ယောက်ရဲ့ အကူအညီနဲ့ ကွန်ပြူတာရိုက်မယ်ပေါ့။ ကဗျာစာအုပ်ထုတ်မယ်ပေါ့။ ဒီလိုနဲ့ နိုင်ငံခြားရေးတာဝန်ရဲ့နောက်က ရိုရိုကျိုးကျိုး၊ စည်းကမ်းရှိရှိနဲ့ “ဇင်းမယ်” ကို လိုက်သွားခဲ့တယ်။ “ဇင်းမယ်” ရောက်တော့ ရုံးမှာ အသိဆိုလို့ တယောက်မှ မရှိပါဘူး ...။ နိုင်ငံခြားရေးတာဝန်ခံက “ကိုအောင်ခိုင်” ဆိုတဲ့ သူနဲ့ မိတ်ဆက်ပေးပါတယ်။ ကျနော့်ထက် အသက်အများကြီး ငယ်ပါတယ်။ အသားဖြူဖြူ ... လူရည်သန့်သန့် ။ (ဟဲ ...ဟဲ ဒီလိုပဲ ရေးရတော့မှာပေါ့ ) ။
ကိုအောင်ခိုင် (ကိုခိုင်) က ကွန်ပြူတာ ဆရာလေးပေါ့။ ၁၉၈၈- ခုနှစ်နောက်ပိုင်း၊ ထိုင်းမြန်မာနယ်စပ်မှာ ကွန်ပြူတာနဲ့ပါတ်သက်ပြီး လက်ချိုးရေလို့ရတဲ့ pioneer တွေထဲမှာ ကိုအောင်ခိုင်လည်းပါတာပေါ့။ သူ့ကို ကျနော်က ဖြစ်စေချင်တာ ပြောပြရတယ်။ ဒီကဗျာ ... ဒီကဗျာတွေ။ ဘယ်ကဗျာက ထိပ်ကထား၊ ဘယ်စာမျက်နှာ မှာ ဘယ်လို သရုပ်ဖော်ပုံထားမယ်ပေါ့။ သရုပ်ဖော်ပုံတွေကို ကိုအောင်ခိုင်က ၀ိုင်းကူပြီး ရှာပေးပါတယ်။ တခါ ကဗျာခေါင်းစည်းတွေ ၊ မျက်နှာဖုံး ဒီဇိုင်းတွေ ဒါတွေကြတော့ သူနဲ့တိုင်ပင်ပြီး ရွေးကြ၊ ရေးကြပေါ့။ ကိုအောင်ခိုင်က အဲဒီကဗျာစာအုပ်ကလေးကို သူ့မှာ အလုပ်တွေ တကယ်ပိနေတဲ့ကြားက အမြန်ဆုံးပြီးအောင် လုပ်ပေးခဲ့တာပါ။
ဒီတုန်းက “ကိုအောင်ခိုင်” ကွန်ပြူတာရိုက်လို့ ပြီးကာနီးအထိ ကျနော်က ကဗျာစာအုပ်အမည်ကို ဘယ်လိုပေးရမှန်း မသိသေးဘူး။ စာအုပ်ကလည်း (၅) နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်ထုတ်ဖို့ ရည်ရွယ် ထားတာဆိုတော့ နောက်ဆုံးမှာ တကယ့်ကို အမှတ်တရဖြစ်စေမယ့် “အနီရောင်သွေးကွက်ပေါ်က ရွှေရောင် ဆေးစက်များ” ခေါင်းစဉ်ကို ကျနော်တွေးလို့ရလာခဲ့ပါတယ်။
အခုဆိုရင် အဲဒီ “အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ” ကဗျာစာအုပ်ကလေး ထုတ်ဝေ ခဲ့တာ နောက် (၆) ရက်ဆိုရင် (၁၅) နှစ်ပြည့်တော့မယ်။ ကိုခိုင်နဲ့ ကျနော် သိကျွမ်းခင်မင်ခဲ့တာလည်း (၁၅) နှစ် ပြည့်တော့မယ်။
(ဂ)
“သမီးရေ ... မြန်မြန်သာ ဖျက်ချလိုက်၊ ဒုက္ခပါပဲ၊ ဘယ်ပုဂ္ဂိုလ်က ၀င်ပြီး ကတောက်တာလဲမသိဘူး၊ ဖျက်သာချထားလိုက်သမီး၊ ဘဘပြန်လာမှ ဒီကိစ္စ နားလည်အောင် ပြန်ရှင်းပြတော့မယ်”
ဖုန်းခလုပ်ကို ပိတ်လိုက်ပြီးသည်အထိ ကျနော့်ရင်ထဲကမှာ မကောင်း။ မနေ့တုန်းက “အောင်သာငယ်”် ဆိုတဲ့ ဘလော့ဂါတဦးက ကျနော့်ဘလော့ရဲ့ စီဘောက်ထဲမှာ ကျနော့်ကို တရင်းတနှီး နှုတ်ဆက်တဲ့ စာဝင်ရေး ခဲ့ပါတယ်။ မကြာခင်မှာပဲ ကျနော်ရေးတာမဟုတ်တဲ့ စာတချို့ကို၊ တခြားစိတ်ထားမကောင်းသူတဦးက ပြန်စာဝင်ရေး ခဲ့ပြန်ပါတယ်။ “ခင်ဗျားကို ကျနော်မသိပါဘူး၊ ခင်ဗျားလာပြီး မနှောက်ယှက်ပါနဲ့” ပေါ့။ ဒါကို ကျနော့်ရဲ့ စာကြည့်တိုက်ရုံးကိစ္စ၊ ဘလော့ကိစ္စတွေကို ဒိုင်ခံဆောင်ရွက်ပေးနေတဲ့ အတူနေ တူမလေး “ဆိုအောနို” က “ဇင်းမယ်မြို့” မှာ ခေတ္တ ရောက်နေတဲ့ ကျနော့်ကို ဖုံးဆက်ပြီး ပြောခဲ့တာပါ။ “ဘဘ ... ဘာပြုလို့ ဒီလိုစာပြန်ရတာလဲ” ပေါ့။ ဒီတော့မှ ကွန်ပြူတာနဲ့ ယာယီအားဖြင့် ဝေးနေတဲ့ ကျနော်က ဖုန်းထဲကတဆင့် အဲဒီစာတွေအားလုံးဖျက်ချထားဖို့ “ဆိုအောနို” ကို မှာရတော့တာပေါ့။
“ဘာဖြစ်တာလဲဗျ”
“အေးဗျာ ... ခက်တာပဲ”
ကျနော်နှင့် ဟိုတယ်တွင် တခန်းတည်း အတူတည်းခိုနေသူ ကဗျာဆရာ “မောင်လွမ်းဏီ” က တယ်လီဖုန်းကိုင်ပြီး တငြီးငြီးတငြူငြူဖြစ်နေတဲ့ ကျနော့်ကို စိတ်ပူလို့ မေးခွန်းထုတ်တော့ ကျနော့်မှာ ပြန်လည် ရှင်းပြရပြန်ရော ... ။
“ဒါနဲ့ ... နေပါအုန်းဗျ ... အောင်သာငယ်ဆိုတာ ဘယ်သူတုန်းဗျ၊ခင်ဗျား သိမလားဟင်”
ထိုအခါကြမှ “မောင်လွမ်းဏီ” က ကျနော့်ကို မျက်စောင်းတချက်ထိုးပြီး ကျနော် မမျှော်လင့်ထားတဲ့ အဖြေကို ပေးလိုက်ပါတယ်။
“ခင်ဗျားကလည်း အောင်သာငယ်ဆိုတာ ကိုခိုင်ပေါ့ဗျ၊ ကိုအောင်ခိုင်လေဗျာ”
ကျနော့်မှာ ဆိုဖာပေါ်ထိုင်နေရာက ရုတ်တရက်ဆိုသလို ထရပ်လိုက်မိလေတော့တယ်။
(ဃ)
၁၉၉၅-ခု ... မာနယ်ပလောကို စွန့်ခွါလာခဲ့ပြီးတဲ့နောက် ကိုခိုင်နှင့် ကျနော် ယ္ခုအချိန်အထိ လူချင်း၊ ဖုန်းချင်း၊ စာချင်း အဆက်အသွယ် မရှိခဲ့နိုင်တော့။ ကျနော်တို့တတွေ ရွက်ကိုယ်စီ ဖွင့်ခဲ့ကြရတယ်။
ဘလော့လောကထဲ မလည်မ၀ယ်နဲ့ ၀င်လာမိတဲ့ ကျနော့်မှာ ဘလော့လမ်းသရဲတယောက်ရဲ့ ပညာပေးမှုကို ခံခဲ့ရပေမယ့် ကိုခိုင် ( အောင်သာငယ်) နှင့်တော့ မမျှော်လင့်ပဲ ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပြီ ဆိုပါတော့ ... ။
အခုတော့ ကမ္ဘာအပြားကြီးကို ကျေးဇူးတင်ရပေတော့မယ်။ ကျနော်နဲ့ ကိုခိုင် (အောင်သာငယ်) တို့ ရွာထဲက လမ်းတခုပေါ်မှာ် ပြန်လည်ဆုံတွေ့ကြရပြီ။ ၀မ်းသာစရာအကောင်းဆုံးကတော့ ကျနော်ကော ကိုခိုင်ကော ... မူလ လမ်းကြောင်းပေါ်က ဘယ်သူမှ ချော်မကျအောင် လမ်းဆက်လျှောက်နေနိုင်ကြတုန်း ...။
ကိုခိုင် (အောင်သာငယ်) ရေ ...၊ (၁၅) နှစ်မြောက် ရှစ်လေးလုံး အခါသမယမှာ ခင်ဗျားနဲ့ကျနော် မမျှော်လင့်ပဲ ပြန်ဆုံကြလို့ ကမ္ဘာပြားကြီးကို ကျနော် ကျေးဇူးတင်မိတယ်။
အခု ... ခင်ဗျားရဲ့ ခွင့်ပြုချက်ကိုကျနော် မတောင်းပဲ “အနီရောင် သွေးကွက်ပေါ်က ရွှေရောင်ဆေးစက် များ” ကဗျာစာအုပ်လေးထဲက ခင်ဗျားရဲ့ “အမေ မရှိတော့တဲ့ အိမ်” ကဗျာကို ကျနော့်ဘလော့မှာ ဂုဏ်ယူ လွမ်း သ စွာ တင်လိုက်မိပါတယ်။
ကိုခိုင်ရေ ... ကျနော်တို့ရဲ့ ဘ၀တွေဟာ လွမ်းဖို့ကောင်းတဲ့ တေးတွေပါပဲ။ ကျနော်တို့တတွေ အလွမ်းတေးတွေ ဆက်ပြီး သီကြဦးစို့ ... ။
အမေမရှိတော့တဲ့အိမ်
(၁)
ညတညပေါ့
ဂီတမိုးတိမ်
အမေ့အိမ်မှာ
တိုးမှိန်ညှင်းဖျော့
လျော့လျော့သဲ့သဲ့ ...
(၂)
တံခါးပေါက်က
တဒေါက်ဒေါက်နဲ့
မဲ့ရွဲ့ဝင်လာ
အာဏာရှင်များ
“ချစ်လင်သား” ကို
ခေါ်သွားစံအိမ်
နရသိန်ဆီ ...
တံခါးပေါက်က
တဒေါက်ဒေါက်နဲ့
မဲ့ရွဲ့ဝင်လာ
“အကြီးသား”
ခေါ်သွားစံအိမ်
နရသိန်ဆီ ...
“အငယ်ဆုံးသား”
အရှေ့ဖျားသို့
သွားဖို့ပြင်ဆင်
မိခင်နှုတ်ဆက်
ရုတ်တရက်လေ ...
တံခါးပေါက်က
တဒေါက်ဒေါက်နဲ့
မဲ့ရွဲ့ဝင်လာ
အာဏာရှင်များ ...
(၃)
ညတညပေါ့
ဂီတမိုးတိမ်
အမေ့အိမ်မှာ
တိုးမှိန်ညှင်းဖျော့
လျော့လျော့သဲ့သဲ့ ... ။ ။
အောင်သာငယ်
(လွန်ခဲ့တဲ့ ၁၅ နှစ် ၊ ငါးနှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ ကဗျာစာအုပ်မှ။ )
Subscribe to:
Post Comments (Atom)
ကိုငြိမ်း အဲဒီစာအုပ်လေးကို ခင်ဗျား ခုထိ သိမ်းထားတုန်းနော်။ ကနော်ကတော့ ရင်ဘတ်နဲ့ပဲ သိမ်းခဲ့နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော် ကျေးဇူးတင်ပါတယ်ဗျာ။ ဒီစာက ကျနော့်ကို မျက်ရည် ကျစေခဲ့တယ်။
ReplyDeleteသံယောဇဉ်ကြီးမားလှတဲ့ မိတ်ဆွေတွေရဲ့ ခင်မင်မှုတွေကို
ReplyDeleteထိတွေ့မြင်သိရတိုင်း အတိုင်းမသိကြည်နူးဝမ်းမြောက်မိပါတယ်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ
ခက်ခက်ခဲခဲနဲ့  ကဗျာ စာအုပ် ထုတ်နိုင်ခဲ့တာကို အားကျတယ်ဗျာ။
ReplyDeleteကိုအောင်သာငယ်ရဲ့ ကဗျာလေး ဖတ်ပြီးတော့လည်း ဝမ်းနည်း သွားမိသေးတယ်။ ထိတ်လန့် လည်း ထိတ်လန့် သွားမိတယ်ဗျာ။ ဘဝကို ပုံအောပြီး စတေးခဲ့တဲ့ သူတွေ ဘယ်အချိန်မှများ ကိုယ်စိုက်တဲ့ အတိုင်း ရိတ်ခွင့်ရပါ့မတုန်းလို့ ။