August 23, 2008

ကျနော်နဲ့ မျောက်ကလေး (၁၃) ကောင်


(က)
သြဂုတ်လ လဆန်းပိုင်းတုန်းက အင်္ဂလိပ်ဘာသာပြန် ဂျပန် ဟိုက္ကူကဗျာလေးတပုဒ်ကို မြန်မာဘာသာ ပြန်ဖို့ ကြိုးစားရာမှာ မအောင်မြင်လို့၊ တခြားချစ်မိတ်ဆွေတွေကို ၀ိုင်းကူပြီး ဘာသာပြန်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဘာသာပြန်ကဗျာ (၁၁) ပုဒ်ရခဲ့ပါတယ်။
ကျနော့်အခက်အခဲကို ၀ိုင်းကူပြီး ဖြေရှင်းပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေတွေကို ပြန်လည်နွေးထွေးတဲ့ အနေနဲ့ ... ပြီးတော့ ဘာပြုလို့ ကျနော်ဟာ ဒီကဗျာလေးကို ကိုယ့်ဖာသာကိုယ် စိတ်တိုင်းကျအောင် ဘာသာမပြန်နိုင်ခဲ့တာလဲဆိုတာ ရှင်းပြတဲ့အနေနဲ့ ဒီဆောင်းပါးကို ကျနော်ရေးလိုက်ပါတယ်။



Winter downpour _
even the monkey
needs a raincoat.

Basho
Transleted by Lucian Stryk

နှင်းတွေပြိုဆင်းကျ
မျောက်တကောင်အဖို့ရာပင်
မိုးကာလိုအပ်လှ
ဗသျှိုး

ဒါကတော့ ကျနော်ဘာသာပြန်ကြည့်ထားတဲ့ ကဗျာပါ။ ကဗျာလေးကို ဘာသာပြန်ပြီးတဲ့အခါ၊ ငါဘာသာပြန်ထားတာ၊ ကဗျာဆရာပေးချင်တဲ့ Massage ကို ခြုံမိငုံမိရဲ့လားဆိုတဲ့အတွေး တွေးမိလို့ အဲဒီ ကဗျာလေးကို အကြိမ်ကြိမ်ပြန်ဖတ်ရပြန်ပါတယ်။ ပြီးတော့ ကဗျာဈာန်သမ္မာပါတ် ၀င်စားကြည့်တယ်ပေါ့ဗျာ။ ဒီတော့ စိတ်ထဲမှာ သံသယနည်းနည်းရှိလာတာနဲ့ အဲဒီသံသယမှန်များမှန်နေမလားဆိုပြီး၊ ဥရောပတိုက်သား မိတ်ဆွေတယောက်ဆီမှာ ဒီကဗျာလေးကို ပြကြည့်ပါတယ်။ မိတ်ဆွေက ကဗျာလေးကို ဖတ်ပြီးပြုံးပါတယ်။ သူ ကြိုက်တယ်ပေါ့။ ဒါနဲ့ ... ကျနော်က အဲဒီကဗျာလေးရဲ့အောက်က အခုလိုစာကြောင်းတကြောင်းကို ကွင်းစ ကွင်းပိတ်နဲ့ ထပ်ဖြည့်ပြီးပြလိုက်ပါတယ်။

Winter downpour_
even the monkey
needs a raincoat.
(also me)

ဥရောပတိုက်သားမိတ်ဆွေက ကျနော် ထပ်ဖြည့်လိုက်တဲ့ စာကြောင်းလေးကိုလည်း ဖတ်ပြီးရော၊ အသံထွက်ပြီးကို ရယ်ပါတော့တယ်။ ဟား .... ဒါဆိုရင် ဟုတ်ပြီပေါ့လို့ ကျနော်သိလိုက်ပြီ။ ကျနော့်စိတ်ထဲမှာရှိတဲ့ သံသယက မှန်သွားပြီ။ ဒီကဗျာလေးက သရုပ်ဖော်သက်သက်ကဗျာမဟုတ်ဘူး။ ဟာသနှောထားတဲ့ ဘ၀ရုပ်ဖော် ဟိုက္ကူကဗျာလေးတပုဒ် ...။ တချိန်ထဲမှာလည်း ... ကျနော့်ခေါင်းထဲမှာ အတွေးတချို့ လင်းလက်ရောက်ရှိလာခဲ့ပြီး ငါ ... ဒီကဗျာကို ဒီလိုပုံစံနဲ့တော့ ဘာသာပြန်လို့မဖြစ်သေးဘူး၊ သည့်ထက်ခြုံမိငုံမိတဲ့ ကဗျာဖြစ်အောင်လုပ်မှ ဖြစ်တော့မယ် ... ဒါဆိုရင် ဒီကဗျာလေးကို အချိန်ယူပြီး ဖတ်ရမယ်၊ စဉ်းစားရမယ်ပေါ့။
ဒီလိုအချိန်မှာပဲ .. ဂျာမာန်ကဗျာဆရာ “ဂွန်တာဂရပ်စ်” ရဲ့ ကဗျာခေါင်းစဉ်တခုကို ကျနော်သွားပြီး စဉ်းစားမိပြန်ပါတယ်။ သူရေးတဲ့ ကဗျာရဲ့ခေါင်းစဉ်က “ငါ့ရဲ့ ဆယ့်တချောင်းမြောက် လက်ချောင်းကလေး” တဲ့။ ချက်ချင်းဆိုသလိုပဲ ကျနော်ဟာ ကဗျာဈာန်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ...၊ ရှင်ကြီးဗသျှိုးရဲ့ မြင်ကွင်းထဲက ဖျောက်ထားတဲ့ ဆယ့်တချောင်းမြောက်လက်ချောင်းကလေးရဲ့ ညွှန်ပြရာဆီ လိုက်ကြည့်ရတော့တာပေါ့။ ဒီအခါမှာ ရှင်ကြီးဗသျှိုးက သူပြောချင်၊ ပေးချင်တဲ့အကြောင်းအရာကို ကိုယ်စားပြုတဲ့ သင်္ကေတ (၃) ခု၊ ဒီကဗျာထဲမှာ ထည့်ရေးထားတာ ... ကျနော်တွေ့ရတော့တယ်။ အဲဒါတွေကတော့ “နှင်းထုကြီး၊ မျောက်တကောင်၊ မိုးကာ” ... တို့ပါပဲ။ ဒီသင်္ကေတသုံးခုက ဘာကိုကိုယ်စားပြုတဲ့ သင်္ကေတတွေဖြစ်မလဲ။ ကျနော်က အခုလို ဖွင့်ဆိုကြည့် မိတယ်”

ထုနှင့် ထည်နှင့် ပြိုဆင်းကျလာနေတဲ့ နှင်း = အင်မတန်ကြီးမားတဲ့ ဖိစီးမှုပယောဂ
မျောက် = စိတ်
မိုးကာ = ထွက်ပေါက်၊ မီခိုရာ၊ အကာအကွယ်

ဒီသင်္ကေတ (၃) ခု အနက်က၊ ကျနော် စိတ်အ၀င်စားဆုံး သင်္ကေတကတော့ “မျောက်” ပါပဲ။ ရှင်ကြီး ဗသျှိုး ဒီကဗျာထဲမှာ အဓိကဇာတ်ကောင်အဖြစ် ယူထားတာ အဲဒီ “မျောက်” ပဲ။ ဒါဖြင့်ရင် “မျောက်” အစား ...တခြား သတ္တ၀ါတခုခုကို ထည့်ပြီးရေးရင်ကော ...။ ကျနော့် ဖာသာ ကျနော် “လူ” ကို ထည့်ကြည့်တယ်။ မဖြစ် ဘူးဗျ။ ကဗျာရဲ့ ဟဒယရွှင်ဆေးက ပျောက်သွားတယ်။ ပြီးတော့ တိုက်ရိုက်ပြတဲ့ သဘောဖြစ်သွားတယ်။ သင်္ကေတ မဆန်တော့ဘူး။ ဒါနဲ့ပဲ အဲဒီနေရာမှာ တခြားသတ္တ၀ါတချို့ ... ခြင်္သေ့။ ခွေး။ သစ်တောက်ငှက်။ ဒါလည်း မဖြစ်နိုင်ဘူး။ ကဗျာဆရာပြောချင်တဲ့ အကြောင်းအရာကို ကိုယ်စားမပြုနိုင်ကြဘူး။ ဒီနေရာမှာ “မျောက်” က လွဲပြီး ဘယ်သင်္ကေတမှကို ယူလို့ မရနိုင်ဘူး။ ဒါဆိုရင် “မျောက်” ကို ထပ်ပြီး သရုပ်ခွဲကြည့်ရဦးမယ်ပေါ့။
အားလုံးသိကြတဲ့အတိုင်း “မျောက်” ဆိုတာက သတ္တ၀ါထဲမှာ ဘယ်တော့မှ အငြိမ်မနေတတ်တဲ့ သတ္တ၀ါ မျိုး။ အမြဲတမ်း သူက Active ဖြစ်နေတဲ့ အမျိုးအစား။ ပြီးတော့ ရှင်ကြီးဗသျှိုးက ဗုဒ္ဓ၀ါဒီ၊ ရဟန်းတပါး။ ဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမထဲက လူ့စိတ်ကို မျောက်နဲ့နှိုင်းထားတဲ့ သြ၀ါဒတွေကို သူ သတိထားမိနိုင်တယ်။ ဒီတော့ လူ့စိတ် လူ့မနောကို ကိုယ်စားပြုတဲ့ သင်္ကေတကို ရွေးတဲ့အခါ “မျောက်” ကို ယူပြီး ရေးဖို့ သူဆုံးဖြတ်လိုက်တယ်။ တကယ်လို့သာ ရှင်ကြီးဗသျှိုး ဒီလိုရွေးခဲ့တယ်ဆိုတာမှန်ရင် ဒါဟာ အင်မတန်တိကျအံဝင်တဲ့ “သင်္ကေတ” ဖြစ်ရ တော့မှာပေါ့။ ဒီလိုရွေးချယ်လိုက်တဲ့အတွက် ဒီကဗျာထဲက နှင်းထုကြီးရဲ့ အအေးဒဏ် သို့မဟုတ် ဖိစီးမှုပယောဂ ကို ပိုပြီး ဂုဏ်မြောက်သွားစေလိုက်တယ်။ ဒီလောက်တောင်မှ တရှပ်ရှပ်ဖြေးပြီး၊ တစက်ကလေးမှ အငြိမ်မနေတတ်တဲ့ နွေ မိုး ဆောင်းရာသီ အားလုံးကို အံတုဖက်ပြိုင်ပြီး အမြဲတန်းတက်ကြွလှုပ်ရှားနေတတ်တဲ့ မျောက်ကို၊ မိုးကာနဲ့ ခြုံပေးရလောက်အောင် အေးတဲ့၊ သဲတဲ့ မိုးနှင်းထုက သာမာန်နှင်းထု၊ သာမာန်အေးခဲမှု မဟုတ်တော့ဘူးပေါ့။ “မျောက်” ကတောင် အရှုံးပေးရလောက်အောင်အေးတဲ့ အအေးဓါတ်က ဘယ်လောက်ကြီးသလဲဆိုတာ တွေးကြည့်မိတယ်။ တနည်းအားဖြင့် စိတ်ကို ထိုင်ကျသွားရလောက်အောင်၊ ကူပါကယ်ပါ၊ တစာစာ အော်ယူရလောက်အောင် (၀ါ) အကာအကွယ်နဲ့ အကူအညီမရှိရင် မဖြစ်နိုင်လောက်အောင် ဖိစီးလာနေတဲ့ ပယောဂ၊ ဖိဆီးမှု ....။
အံ့သြဖို့ကောင်းတာကတော့ ရှင်ကြိးဗသျှိုးက အဲဒီအကြောင်းအရာကို အဲဒီပြကွက်ကို ရိုးရိုးသရုပ်ဖော် ပြကွက်နဲ့ မပြပဲ ... ဟဒယရွှင်ဆေးချယ်ပြီးမှ ပြလိုက်တဲ့ပြကွက်။ လူတချို့ လောကဓံကြိုး ရှစ်ချောင်း၊ တချောင်းထဲဖြစ်အောင်ကျစ်ပြီး အရိုက်ခံရပေမယ့် ခတ်ပြုံးပြုံး ခတ်ပေါ့ပေါ့ပါးပါးနဲ့ တောင့်ခံထားနိုင်တဲ့သရုပ်ကို ဖော်ပြလိုက်တဲ့ ပြကွက်။ နှင်းမိုးကြီးပြိုကျနေတဲ့အောက်မှာ သစ်ရွက်ခတ်ကြီးကြီးတရွက်၊ ဒါမှမဟုတ် ဖက်ရွက် တခုခုကို ခေါင်းပေါ်တင်ပြီး ငြိမ်ကုတ်နေတဲ့ကြားက ခတ်ပြုံးပြုံးလုပ်နေတဲ့ မျောက်ကလေးတကောင်ကို ကျနော် မြင်လာရတော့တယ်။ (ဒီနေရာမှာ အင်္ဂလိပ်ဘာသာပြန်သူက raincoat လို့ ရေးလို့သာ ကျနော်တို့က မိုးကာဆိုပြီး ဘာသာပြန်ခဲ့ကြတာ။ မိုးကာဆိုလို့ .. ခုခေတ် ပလပ်စတစ်မိုးကာအင်္ကျီကြီး မျက်စေ့ထဲ မြင်လို့ မဖြစ်ဘူး။)
ကဲ ... ဒါဆိုရင် ကျနော် ထင်ရာမြင်ရာ စွတ်ပြီးပြောလိုက်တဲ့ ကျနော့်အတွေးကို ခြုံမိငုံမိဖို့ဆို၇င် ကျနော် အခု ဘာသာပြန်ထားတဲ့ ကဗျာမျိုးနဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလို့ ကျနော် ယူဆမိခဲ့တယ်။ ဒါနဲ့ပဲ ကိုယ်ဘာသာပြန်ထားတာကို အသာသျှိုထားပြီး ကဗျာချစ်တဲ့ မိတ်ဆွေတွေဆီ ၀ိုင်းကူဘာသာပြန်ကြဖို့ ဖိတ်ခေါ် ကြည့်ခဲ့တာပါ။ ကဗျာချစ်သူတချို့ကလည်း “မင်းဒုက္ခနဲ့မင်း ရှိပါစေကွယ်” ဆိုပြီး ကွင်းမရှောင်ကြပဲ ကျနော့်ကို ကူညီခဲ့ကြလို့ အခုတော့ အင်္ဂလိပ်ဘာသာပြန်တဲ့ အထဲက မျောက်တကောင်၊ ကျနော် ဘာသာပြန်တဲ့ အထဲက မြောက်တကောင်နဲ့ ၀ိုင်းကူဘာသာပြန်ကြတဲ့အထဲက မျောက် (၁၁) ကောင် စုစုပေါင်း မျောက်ကလေး (၁၃) ကောင် ...။ နှင်းထုကြီးအောက်မှာ အအေးဒဏ်ကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေကြရလေရဲ့ ...။

(ခ)
ကဗျာဖတ်ရင် “ဈာန်” ကို မလွဲမသွေအကူအညီယူရပါလိမ့်မယ်။ “ဈာန်” ဆိုတာက ပါရမီနဲ့ မဆိုင်ဘူး။ ပြီးတော့ သင်ယူလို့မရဘူး။ “ဈာန်” က ပင့်ယူရတာ၊ ကျင့်ယူရတာမျိုး ...။ ဒါကြောင့်မို့ ကဗျာဆရာက ကဗျာဆရာ့ ဒုလ္လဘကို တန်ဘိုးထားသလို ကျနော်ကလည်း ကဗျာခံစားသူ့ ဒုလ္လဘကို ကျေနပ်တယ်။
ကျနော် ယုံကြည်မိတာ တခုက တခါတလေမှာ ကဗျာဖတ်သူက ကဗျာရေးသူထက်တောင်မှ ပိုပြီးဝေး၊ ပိုပြီး မြင့်၊ ပိုပြီးနက်တဲ့ နယ်မြေသစ်တွေဆီကို ဈာန်နဲ့ရောက်အောင် သွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ချစ်မိတ်ဆွေများ ဒီဆောင်းပါးကိုဖတ်ပြီး တကယ်ခိုင်မာလုံခြုံတဲ့ “မိုးကာ” တခု ကိုယ်စီရှိနိုင်ကြပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်။


(ကိုအောင်သာငယ်၊ (ကို) ညိမ်းညို၊ မဂျစ်တူး၊ ဒေါ်ပန်၊ ကိုဝေလင်း၊ ကိုသင့်ကာ၊ ကောင်းကင်ကို၊ တေးမွန် ၊(ကို) နေသစ်၊ သစ်နတ်ဆူး ... တို့ ၀ိုင်းကူပြီး ဘာသာပြန်ပေးခဲ့ကြလို့ ကျေးဇူး)

ငြိမ်းဝေ


3 comments:

  1. ကဗျာလေးကို ဆရာ နက်နက် ရှိုင်းရှိင်း ခံစားပြတာ လှတယ်ဗျာ။ ကျွန်တော် အဲဒီ့လောက် နက်နက်နဲနဲ မတွေးမိဘူးဗျ။

    "ကျနော် ယုံကြည်မိတာ တခုက တခါတလေမှာ ကဗျာဖတ်သူက ကဗျာရေးသူထက်တောင်မှ ပိုပြီးဝေး၊ ပိုပြီး မြင့်၊ ပိုပြီးနက်တဲ့ နယ်မြေသစ်တွေဆီကို ဈာန်နဲ့ရောက်အောင် သွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။"
    အဲဒီ့ အဆိုလေးကို သဘောကျတယ်ဗျာ။

    ReplyDelete
  2. ဆရာဦးငြိမ်းရေ အခုလိုဆရာရှင်းပြတော့မှ ကဗျာရဲ့အတွင်းသားကို ထဲထဲဝင်ဝင် ခံစားမိတော့တယ်။
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    ပျော်ရွှင်ချမ်းမြေ့ပါစေ :)

    ReplyDelete
  3. ဦးလေးရေ .. ခုလိုလေး ရှင်းပြတာ သိပ် တန်ဖိုးထားမိတယ် ။

    ကျမ ဒီကဗျာကို ဖတ်လိုက်တုန်းက “မျောက်” ဆိုတာကို စိတ် ဆိုပြီး သင်္ကေတ အနေနဲ့ မကြည့်မိဘူး ။ ဘယ်လိုမြင်လိုက်လဲဆိုတော့ ...

    မျောက်ဆိုတာ အမွှေးထူတဲ့အတွက် ဆောင်းဒဏ်ကို ခံနိုင်ကြတာ များတယ်လေ ။ ဒါပေမယ့် နှင်းတွေဟာ ဘယ်လောက်တောင် များလဲ အေးလဲဆိုရင် ... အဲလို မျောက်တောင် မိုးကာ လိုတယ်ပေါ့ ။

    အဲလိုပဲ ... လူ့ ဘ၀မှာ ဘယ်လောက်ပဲ အခက်အခဲကို ကြံ့၂ခံနိုင်ပေမယ့် တခါတလေတော့လည်း အကာအကွယ်လေး လို တယ် လို့ တွေးလိုက်မိတယ် ။

    ဦးလေးအတွေးကို မြင်ရတာလည်း သိပ် စိတ်ဝင်စားမိပါတယ် ။ ကဗျာတပုဒ်ကို ဖတ်ရင် လူတွေဆီမှာ ဘယ်လိုအတွေးဝင်ကြသလဲဆိုတာမျိုး ကျမက သိပ် သိချင်တယ် ။

    ReplyDelete