August 12, 2008

ကဗျာရွတ်ဆိုခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးသို့


တခါတရံ မဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကိုဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့်အလေ့အကျင့်အနည်းအကျဉ်း ရှိလာခဲ့သူမိမိအဖို့ အလိုလိုတက်ကြွရွှင်လန်းနေမိသည်။ မဂ္ဂဇင်းထဲတွင်ပါသည့် ကဗျာရွတ်ပွဲသတင်းများကို ဖတ်ကာစိတ်ကူးနှင့်မြင်ကြည့်သည်။ စိတ်နားနှင့် ထောင်ကြည့်သည်။ ကဗျာရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအယာများကို စိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့်ကဗျာများထဲ၌ မိမိကျက်မှတ်မိပြီးကဗျာပါဝင်ပါက ကိုယ်တိုင်ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာတပိုင်းတစကို ပါးစပ်က အလိုလိုရွတ်ဆိုမိလျက်သားဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင်ရွတ်ဆိုသူများ၏ ရင်ခုန်မှုအရှိန်အဟုန်များမှာ မီးတောက်တခုက တခြားမီးတောက်တခုဆီ ယိမ်းထိုးကူးယှက်သွားသလို မိမိထံ ထိယှက် ပူးဝင်လိုက်ကြခြင်းဖြစ်ဟန်တူလေသည်။

အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်းအလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့် စတင်ဆောင်ရွက် လိုက်ခြင်းတော့မဟုတ်ချေ။ ၁၉၉၃ ခု။ မာနယ်ပလောတွင်ကျင်းပသည့် စာဆိုတော်နေ့အခမ်းအနားတွင် ရှုဒေါင့်ဂျာနယ်အယ်ဒီတာဟောင်း (ဦး)၀င်းခက်က “မနက်ဖြန်ကြရင် ဒီကဗျာကို ရွတ်ပေးစမ်း”ဟု ဆိုခြင်းဖြင့် မိမိမှာ ကဗျာရေးသူအဖြစ်မှ ကဗျာရွတ်သူအဖြစ်သို့ ဖြတ်ကနဲကူးပြောင်းရောက်ရှိသွားခဲ့ရ၏။ ရွတ်ဆိုရမည့်ကဗျာက ဆရာ မောင်သော်က၏ “မီးခြစ်တစ်ဆံ”ကဗျာဖြစ်သည်။ စကားပြောခွက်ရှေ့ကိုရောက်သည်အထိ မည်သည့်အသံအနေအထားနှင့် ရွတ်ဆိုရမည်ဆိုသည်ကို ရွေးချယ်မဆုံးဖြတ်နိုင်သေး။ ကံအားလျော်စွာကဗျာအကြောင်းအရာကို ရုတ်တရက်တွေးမိကာ လက်သီးကိုဆုပ်၊ အသံကိုမြှင့်ပြီး အော်ဟစ်လိုက်မိသည်။ “အနှစ်နှစ်ဆယ်တဲ့လားဟေ့ ...”ဆိုပြီးအော်ဟစ် လိုက်သည့်မိမိ၏အသံမှာ ကရင်လူငယ်အစည်းအရုံးခန်းမဆောင်အတွင်း ပဲ့တင် ထပ်မျှဟိန်းသွား၏။ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တခုလုံး သွေးများပူလောင်ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလိုရွတ်ဆိုမိလျက် သားဖြစ်သွား၏။ မိမိ၏ ခံစားမှုအရှိန်အဟုန်များ လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ် လက်ခုပ်သံများထွက်ပေါ်လာခဲ့၏။ ဆက်လက်ရွတ်ဆိုရန် ကဗျာစာသားမရှိတော့သည့်တိုင်၊ ကဗျာရွတ်ဆိုသံရပ်ဆိုင်းသွား သည့်တိုင်၊ ဖြန့်ထွက်ဝေးကွာသွားနေသည့် စိတ်အလျင်များကို မိမိမှာပြန်လည်ရုပ် သိမ်းလို့မရနိုင်သေး။ မိမိ၏ စိတ်အလျင်မှာ ရှေ့တွင်ထိုင်နေသည့် လူအုပ်၏နှလုံးသားကို ဒိုးယိုပေါက် ထွင်းဖောက်သွားခဲ့၏။ မိမိ၏စိတ်အလျင်များကို ပြန်လည်ရုပ်သိမ်းထိန်းချုပ်လာနီုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်များနှင့် မှုန်ဝါးနေလေတော့သည်။
၁၉၉၄ ခုနှစ်တွင် အသံလွှင့်ဌာနတခုတွင် ပုံမှန်အစီအစဉ်တခုကို အသံလွှင့်ခွင့်ရ၏။ ယင်းအစီအစဉ်ကို “တော်လှန်ရေးကဗျာမိတ်ဆက်”ဟု ခေါင်းစဉ်တပ်ကာ တပါတ်လျှင်တကြိမ်အသံလွှင့်၏။ ထိုအခါ တပါတ်လျှင်တကြိမ် ကဗျာရွတ်ဆိုရသည့်သဘောဖြစ်လာ၏။ ၁၉၉၃ ခုနှစ်“မီးခြစ်တဆံ” ကဗျာကိုရွတ်ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများစိတ်ဝင်စားအောင်ရွတ်ဆိုနိုင်ခဲ့သည့်အတွေ့အကြုံအရ၊ အသံလွှင့်ဘို့ရွေး ချယ်ထားသည့်ကဗျာများကို အဓိပ္ပါယ်နားလည်သည်ထက်နားလည်ရန် အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပါယ်နားလည်လျှင် ကဗျာဖတ်သည့်အခါ ပိုမိုအဆင်ပြေသည်ကို သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့်ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆိုရာတွင် အလုပ် တ၀က်ပြီးသလိုဖြစ်ရ၏။
အသံလွှင့်ရန် ကဗျာများကိုရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့်ကဗျာများကိုဖတ်လျှင် ရွတ်ဆိုရ ပိုမိုအဆင်ပြေသည်ဟုထင်၏။ ထို့ကြောင့် ကာရန်ပါသည့်ကဗျာများကိုသာ ဦးစားပေးပြီးရှာဖွေရွတ်ဆို၏။ သို့သော် ရွေးချယ်ထားသည့် အသံလွှင့်အစီအစဉ်ခေါင်းစဉ်က “တော်လှန်ရေးကဗျာမိတ်ဆက်”ဟုပေးထားသဖြင့် နိုင်ငံရေးနောက်ခံရှိပြီး ကာရန်နှင့်ရေးဖွဲ့ထားသည့်ကဗျာများမှာ ရှာရဖွေရခက်ခဲလာခဲ့၏။ ထိုစဉ်က မိမိမှာ မာနယ်ပလောတော်လှန်ရေးဌာနချုပ်တွင် နေထိုင်သူဖြစ်သဖြင့်လည်း ပြည်တွင်းမှကဗျာပါသည့် စာအုပ်များကို ဆက်သွယ်ရယူရန်မှာ အခက်အခဲရှိ၏။ အခြေအနေကတောင်းဆိုသဖြင့် ကာရန်မပါပဲရေးဖွဲ့သည့်ကဗျာများ၊ လွတ်လပ်ကာရန်စနစ်ဖြင့်ရေးဖွဲ့သည်ကဗျာများဖက်သို့ အလိုလိုဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့်ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန် လိုအပ်ကြောင်း ထူးထူးခြားခြား သတိပြုမိလာရလေသည်။
ကာရန်မပါသည့်ကဗျာများကိုရွတ်ဆိုသည့်အခါ အသံအနိမ့်အမြင့်နှင့် အသံစီးဆင်းပုံ၏ ၀ိသေသကို ထိတွေ့ခွင့်ရ၏။ အသံအနိမ့်အမြင့်နှင့် အကွာအဝေး မတြာများမှာ ပုံမှန်၊ ပုံသေမရှိသဖြင့် ကဗျာရွတ်ဆိုနေစဉ် အသက်ရှူနှုန်းမှာလည်း ပုံမှန်ပုံသေထားပြီး အသက်ရှူလို့မရနိုင်တော့။ ကာရန်နှင့်ရေးဖွဲ့သည့်ကဗျာများမှာမူ ကာရန်အမျိုးအစားအပေါ်မူတည်ပြီး အသက်ရှူမှုအပြင်း၊ အပေါ့ကွာခြားသည်မှလွဲ၍ အသက်ရှူချိန်၊ ရှူနှုန်း တခုနှင့်တခု သိပ်ပြီးကွာဟမှု မရှိလှ။ မသိသာလှ။ ကာရန်ပါသည့်ကဗျာများမှာ နရီကိုချိန်တွယ်ထားသလောက်ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကိုရွတ်ဆိုလျှင် သီချင်းတပုဒ်ကို လူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက်လွယ်ကူ၏။ ကာရန်မဲ့ကဗျာများ၏ အသံတည်ဆောက်ပုံမှာမူပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူထူးခြားသစ်လွင်နေလေသည်။
အသံလွှင့်ဌာနမှတဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ကို သတိရတတ်၏။ သူက အသံလွှင့် ဌာနမှတဆင့်ကဗျာတွေအများကြီး ရွတ်ဆိုသွားခဲ့သူဖြစ်သည်။ ထို့ပြင် အမေရိကန်ကဗျာဆရာများဖြစ်ကြသည့် ‘ရောဘတ်ဖရော့ခ်’နှင့်‘မာယာ အင်ဂျီလို’တို့ကိုလည်း စိတ်ထဲ၌စွဲနေ၏။ သူတို့နှစ်ဦးက အမေရိကန်သမ္မတနှစ်ဦး၏ သမတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက်ကဗျာ ရွတ်ဆိုဖို့ ဘိတ်ကြားခြင်းခံခဲ့ကြရသူများဖြစ်၏။ သူတို့တတွေ ဘယ်လိုကဗျာရွတ်သည်ကို မတွေ့မမြင်ဘူးသော်လည်း ကဗျာရွတ်သူများဖြစ်သည်ဟူသည့် အသိတခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့မဆုံးချင်တော့။
လူမျိုးနှင့်ချီပြီး ကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့်အလေ့အကျင့်ရှိသူများမှာ ရုရှားလူမျိုးများဖြစ်သည်ဟုကြားဖူး၏။ ကဗျာဆရာ‘မာယာကော်စကီး’နှင့်‘ယက်ဖ်တူရှင်ကို’တို့၏ ကဗျာရွတ်ပွဲများကို ရုရှလူမျိုး ထောင်သောင်းချီပြီး တက်ရောက်နားထောင်တတ်ကြ၏။ ကဗျာဆရာ‘မာယာကော်စကီး’လူပုံအလယ်တွင်ကဗျာရွတ်နေပုံသတင်းဓါတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့၏ကဗျာရွတ်သံများကိုမူ မကြားဘူးသေး။ ၁၉၉၈ ခုနှစ်လည်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့အပြန် ရုရှနိုင်ငံ၊ မော်စကိုလေဆိပ်တွင် လေယာဉ်ပြောင်းစီးရန် (၅)နာရီမျှ ထိုင်စောင့်ခဲ့စဉ်က လေဆိပ်ထဲတွင်ရှိသည့် တိတ်ခွေနှင့်စီဒီခွေအရောင်းဆိုင်များတွင် ‘မာယာကော်စကီး’နှင့် ‘ယက်ဖ်တူရှင်ကို’ကဗျာရွတ်ထားသည့် အသံသွင်းတိတ်ခွေများကို တွေ့လိုတွေ့ငြားလိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့မေးလို့မရခဲ့။
မိမိနိုင်ငံတွင်လည်း ကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြားကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော်ကဗျာဆရာများနှင့် ကဗျာချစ်သူအနည်း ငယ်မျှသာစုဝေးကြပြီး တယောက်တလှည့် ကဗျာရွတ်ဆိုကြခြင်းသာဖြစ်သည်။ အများပြည်သူတက်ရောက်နားထောင်နိုင်သည့် အခွင့်အလမ်းနှင့် အလေ့အထကိုမူ ယခုအထိ မဖန်တီးနိုင်သေး။
ကဗျာရွတ်ဆိုခြင်းအလုပ်ကို ခုံမင်မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင် ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့အပါအ၀င်၊ တခြားစာပေနှင့်နိုင်ငံရေးဆိုင်ရာ အခမ်းအနားများတွင် ကဗျာတက်ရောက်ရွတ်ဆိုခွင့်ရရန် အခမ်းအနားဦး စီးကျင်းပသူများထံ ချဉ်းကပ်တောင်းဆိုမိ၏။ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှစတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ပါရှိသည့် အခမ်းအနားများတွင် ကဗျာရွတ်ဆိုခွင့်ရလာခဲ့၏။ တချို့အခမ်းအနားများတွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ပဲ ကဗျာတက်ရောက်ရွတ်ဆိုပေးပါရန် ဘိတ်ကြားခြင်းကို လက်ခံရရှိလာခဲ့၏။ ယခုအခါ အသံလွှင့်ဌာနအပါအ၀င် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့သည့် ကဗျာပုဒ်ရေ (၄၆၀)ကျော်ရှိခဲ့ပြီ။ ကဗျာရွတ်ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးမှာ တွေးမိတိုင်း ပီတိဖြစ်ဖွယ်ကောင်းလှ၏။ ကဗျာရွတ်ဆိုခြင်းနှင့်ပါတ်သက်ပြီး ရုရှကဗျာ ဆရာကျော်“ယက်ဖ်တူရှင်ကို”ပြောဖူးသည့်စကားမှာ မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ်တာနားထောင်ပြီးသူတိုင်း နားထောင်သူအဖြစ်မှ ကဗျာဖတ်သူအဖြစ်သို့ မလွဲမသွေရောက်ရှိလာလိမ့်မယ်”ဟူ၍ ပြောဖူးလေသည်။
ယခုနှစ် ဒုတိယလ၊ လဆန်းပိုင်းတွင် RFAမှတဆင့် “လက်တဖက်ကိုမြဲနေအောင်ကိုင်ထား”ကဗျာကို ကျနော်ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့်ကြာ သောအခါ တယ်လီဖုံးမြည်သံကြားလို့ ကောက်ကိုင်လိုက်စဉ် “လက်တဖက်က တယ်လီဖုံးကို မြဲနေအောင်ကိုင်ထား”ဟု တဖက်မှကြားလိုက်ရ၏။ တအံ့တသြဖြစ်နေစဉ် “အောင်ခင်လေဗျာ”ဟူသောအသံကိုပါကြားရ၏။ ကျနော့်မှာ မဖေါ်ပြနိုင်လောက်အောင် ၀မ်းသာရ၏။ (၇)နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် ‘ဒေါက်တာအောင်ခင်’၏ အသံကို တယ်လီဖုံးထဲမှကြားလိုက်ရ၍ဖြစ်၏။ သူက RFA မှာ ကျနော်ရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ‘လက်တဖက်ကမြဲနေအောင်ကိုင်ထား’ကဗျာကိုရည်ညွှန်းပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်းဆိုသလိုပင် ‘ဒေါက်တာအောင်ခင်’လို ကဗျာနှင့်ဝေးနေသူအဖြစ် မိမိဖက်မှ ယူဆထားသူတဦးထံမှ ‘အဲဒီကဗျာက ကာရန်မပါဘူးဗျ၊ ခင်ဗျားမိုလို့ နားထောင်ကောင်း တာနဲ့တူတယ်၊ တခြားလူဆိုရင် ပျက်သွားမှာ’ဟု အားပေးစကားကြားလိုက်ရ၏။ ယခုအခါ ‘ဒေါက်တာအောင်ခင်’သည် ကဗျာနှင့်နီးလာနေပြီလောဟု ပီတိဖြစ်မိသည်။
ကဗျာရွတ်သည့်အခါ ကဗျာရွတ်သံကို နားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့် ကဗျာနားထောင်သူ နှစ်ဦးစလုံး စရဏကိုထိန်းကာ လေ့ကျင့်သလိုဖြစ်သွားရ၏။ ပရဟိတ္တကို ထိတွေ့ရ၏။ ဗျာပါဒကို စားသုံးမိသွား၏။ ၀ိမုတ္တိကိုတခဏမျှရ၏။ ငြိမ်းချမ်းရေး၏ အခြေခံယဉ်ကျေးမှုရေး အုတ်မြစ်တခုချလိုက်သလိုဖြစ်ရ၏။ ထို့ကြောင့် မုဆိုးရာသီ ကုန်ဆုံးပြီး လေးသံမြှားသံများ ထာဝရရပ်စဲကာ၊ တကမ္ဘာလုံး အနှံ့ ကဗျာရွတ်ပွဲများ ကျင်းပနိုင်လျှင်ကောင်းပေစွဟု တောင်းတမိတော့၏။


ငြိမ်းဝေ

(ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် ဒီဆောင်းပါးကို “မောင်ဖူးတင့်” ကလောင်အမည်နှင့် ၂၀၀၅၊ မတ်လ -၂၁ ရက် ကမ္ဘာ့ကဗျာနေ့အတွက် ရေးခဲ့သည့်ဆောင်းပါးဖြစ်ပါသည်။)

1 comment:

  1. ဟိုက္ကု ကဗျာလေးတွေ ခံစားသွားပါတယ် အစ်ကို။

    ReplyDelete