August 27, 2008

အမျိုးသားရေး သခွပ်၊ အမျိုးသားရေး နှင်းဆီ


၁။
အိမ်ရှေ့ခန်းသို့လှမ်းနေသည့် ကျနော့်ခြေလှမ်းများမှာ တံခါးဘေးတွင်တုန့်ကနဲရပ်သွားရ၏။ အိမ်ရှေ့ခန်းက စကားပြောသံများကို အတိုင်းသားကြားနေရ၏။ ကျနော့်အဖေနှင့်အမေတို့သည် ကျနော်နှင့်ပါတ်သက်သည့်စကားကို ကျနော်ကြားနိုင်သည်အထင်နှင့် တမင်ကြားအောင်ပြောနေကြသည်ဟုပင် တွေးမိသည်။
“အေးပါ အကိုနားလည်ပါတယ်ကွာ၊ ဒါကြောင့်မို့ မင်းကိုမေးနေတာပေါ့၊ အကိုမေးတာသာ မင်းဖြေစမ်းပါ”



“အော် ... အကိုရယ်၊ လူတယောက်ကို တနေကုန်ထိုင်ကြည့်နေလို့ကောရမလား အကိုရဲ့ ပြီးတော့ အကိုလည်း ညတုန်းက သားကို ရေလည်အောင်ရှင်းပြပြီးပြီဆို၊ သားကလည်း ဒီလောက်တော့ မမိုက်ပါဘူးအကိုရယ်”
“သားကို အကိုနားလည်ပါတယ်၊ ဒါပေမယ့် ဒါမျိုးက စိတ်မထိန်းနိုင်ရင်ခက်တယ်ကွ၊ အခုပဲ အော်တဲ့ဟစ်တဲ့အသံတွေကြားနေရတယ်မို့လား၊ တော်ကြာ အကိုမရှိတုန်း၊ သားက ဒါတွေကြားပြီး စိတ်မထိန်းနိုင်လို့သွားပြီး ပြဿနာရှာရင် အားလုံးဒုက္ခရောက်ကုန်မယ်၊ွ။အဲဒါ ... သားကို မင်း နိုင် အောင်ထိန်းနိုင်ပါ့မလားလို့ အကိုမေးနေတာပေါ့၊ ဒီနေ့လိုနေ့မျိုးမှာ ရုံးမတက်လို့ကလည်း မဖြစ်ဘူးလေကွာ”
“ညွန့်” ရုပ်ရှင်ရုံဖက်ဆီက အော်ဟစ်ကြွေးကြော်သံများ ကြားနေရ၏။ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ(ထိုစဉ်က ပီကင်းဆန့်ကျင့်ရေးဟုပြောခဲ့ကြ၏) ဆီက အော်ဟစ်ဆူညံသံများကို သွန်းဘုရားလမ်းထဲမှ အတိုင်းသားကြားနေရ၏။ ကျနော်က ‘ကိုစန်းမောင်’ ၊ ‘ကိုဦး’ နှင့် ‘ကိုခါး’ တို့ကို တွေးနေမိသည်။ သူတို့တတွေ ဘယ်ဆီရောက်နေကြပြီလဲ။ ဘာတွေများလုပ်နေကြပြီလဲဟုတွေးနေမိပြန်သည်။
“ကိုင်း၊ ဒီလိုလုပ်မယ်၊ ရုံးကို အကိုခဏပဲသွားမယ်၊ ရုံးမှာစီစဉ်စရာရှိတာစီစဉ်ပြီး အိမ်ပြန်လာခဲ့မယ်၊ သားကိုတော့ မင်းလည်းထိန်းနိုင်မှာမဟုတ်ဘူး၊ သားကို သူ့အခန်းထဲမှာပဲ တံခါးပိတ် သော့ခတ်ပြီးထားခဲ့မယ်၊ သားက ဘာမှမလုပ်ပါဘူးလို့ ကတိပေးလည်း၊ အကိုကတော့ စိတ်မချဘူး”
ညက အဖေနှင့်ကျနော် ငြင်းခုန်ခဲ့ရသည်များကို ပြန်ပြီးတွေးမိသည်။ တရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ လက်ရှိအစိုးရက သူ၏ အကြပ်အတည်းများကို လူထုအာရုံပြောင်းအောင်တမင်ဖန်တီးသည့် လူမျိုးရေးပဋိပက္ခသာဖြစ်ကြောင်း ကျနော်၏အယူအဆကို အဖေကမကန့်ကွက်။ သို့သော် ယင်းတရုတ် ဆန့်ကျင်ရေးဆန္ဒပြပွဲကို မပျက်ပျက်အောင်ဖျက်ရမည်ဟု ပြောခဲ့သည့်စကားကိုမူ အဖေက အပြင်းအထန် ဆန့်ကျင်၏။ သည်နည်းမှာ မှားယွင်းသည့်ဖြေရှင်းနည်းဖြစ်ပြီး ကိုယ်သာလျှင်ဒုက္ခဖြစ်မှာသေချာကြောင်း အဖေကရှင်းပြ၏။ သားအဖနှစ်ဦး အချိန်အတန်ကြာငြင်းခုန်ခဲ့ကြပြီးမှ အဖေ၏သဘောထားကို ကျနော်လက်ခံခဲ့ရခြင်းဖြစ်သည်။ တရုပ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ကျနော့်အနေနှင့် မည်သို့မျှ မနှောက်ယှက်ပါဘူးဟူသည့်ကတိကို ကျနော်ပေးခဲ့ရ၏။ သို့နှင့်တိုင် ... အဖေသည်ကျနော့်ကို စိတ်မချ။ ထို့ကြောင့် မနက်မိုးလင်းလို့ ရုံးမသွားမှီအချိန် အမေနှင့်အချီအချစကားပြောဆိုပြီးနောက် ကျနော့်ကို အိမ်ခန်းအတွင်းသို့ဝင်စေ၏။ အပြင်ဖက်မှတံခါးကို သော့ခတ်ပြီးမှ အဖေရုံးသွား၏။ ထိုနေ့မနက်က အဖေရုံးမှအိမ်သို့ပြန်မလာမှီ တနာရီနီးပါးမျှကြာအောင် ကျနော့်မှာ အခန်းတွင့်းအောင်းနေခဲ့ရ၏။
“ညွန့်”ရုပ်ရှင်ရုံရှေ့မှ အော်သံဟစ်သံ ကြွေးကြော်သံများကိုမူ အခန်းတွင်းမှပင် ကျနော်ကြား နေရလေသည်။

၂၊
“စစ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်များကို စွန့်လှူရုံမျှနှင့်လုံလောက်မည်မဟုတ်”...ဤစာကြောင်းလေးမှာ၊ ၁၉၄၅ ခုနှစ်အတွင်းတုန်းက ဆော်လမွန်ကျွန်းစုတိုက်ပွဲတွင် ကျဆုံး သွားခဲ့သည့် ဂျပန်စစ်သားလေး “ဂိုရို ဖူနာကာတာ”ရေးခဲ့သည့် မိတ်ဆွေဖြစ်သူ‘အိုကန်ဒါ’ထံပေးစာ ထဲမှ စာကြောင်းတကြောင်းဖြစ်သည်။ “ဖူကူနာကာ”မှာ ၀ါဆေဒါတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး ၁၉၄၁ ခုနှစ်တွင် စစ်တပ်ထဲသို့ဝင်ခဲ့ရသည့် လူငယ်တဦးဖြစ်သည်။

“ပြုံးနေသော မေမေ့မျက်နှာကိုနမ်းလျက်
ကြေက်ရွံ့ခြင်းမရှိ
ဝမ်းနည်းခြင်းမရှိ
ကြိုးစင်ပေါ်သို့ ကျနော်တက်ပါမည်။
မနက်ဖြန်ဆိုလျှင်
တရွေ့ရွေ့ပြောင်းနေသော
နံနက်ခင်း၏ နေရောင်ခြည်တန်းပေါ်တွင်
ကျနော် စီးနင်းလိုက်ပါသွားပါမည်
ဤအခါတွင်
လေလည်းမရှိ၊ မိုးလည်းမရှိတော့ချေတကား ...။”

ဤကဗျာတိုလေးမှာ ဂျပန်စစ်သားလေး‘ဟီစာအို ကီမူရာ’ရေးခဲ့သည့် မိဘများထံပေးစာထဲမှ ကဗျာတိုလေးဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုတက္ကသိုလ်၊ နိုင်ငံရေးဘောဂဗေဒ ကျောင်းသားဖြစ်ခဲ့၏။ အသက် ၂၈ နှစ်၊ ၁၉၄၆ ခု၊ မေလ-၂၃ ရက်နေ့တွင် စင်ကာပူမြို့ ချန်ဂီအကျဉ်းထောင်ထဲတွင် စစ်ရာဇ၀တ်ကောင်အဖြစ် ကြိုးပေးခံခဲ့ရ၏။ သူသည် ကွပ်မျက်မခံရခင်နာရီဝက်အလို အချိန်တွင် ဤစာကိုရေး ခဲ့ခြင်းဖြစ်လေသည်။

“မိုးရာသီရောက်တော့မယ်၊ ပုရစ်အော်သံ၊ တောတောင်တွေက သစ်ရွက်ကြွေသံတွေက ကျနော်သေရတာကို သတိပေးနေပါလိမ့်မယ်”

သည်စာကြောင်းလေးမှာ ၁၉၄၅ ခု၊ သြဂုတ်လ-၆ ရက် ‘ဟီရိုးရှီးမား’မြို့ပေါ် အမေရိကန်တို့ ကျဲချသောအနုမြူဗုံးဒဏ်ကြောင့်
့်သေရအံ့ဆဲဆဲအချိန်တွင် ရေးခဲ့သည့် ဂျပန်စစ်သားလေး ‘မီနိုရှူ ဆူဇူကီ’၏ စာထဲမှ စာကြောင်းလေးဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုတက္ကသိုလ် ဥပဒေတန်းကျောင်းသား တဦးဖြစ်၏။

“မျက်နှာသုပ်ပုဝါကို လက်တွင်ကိုင်ရင်း ကွင်းပြင်အစပ်နား၌ရပ်ကာ၊ ပုရစ်အော်သံ၊ ဖားအော်သံတွေကိုနားထောင်နေမိသည်။ ငယ်စဉ်ဘ၀ကို ပြန်လည်သတိရလာသည်။ လရောင်အောက်တွင် ရွန်းမြနေသောကြာပွင့်နှင့်တူသည့် ဤဘ၀မှာ အဘယ်မျှစိတ်ပျက်ဘွယ် ကောင်းလှသနည်း”

ဤစာသားမှာ အသက် ၂၃ နှစ်အရွယ် ဂျပန်စစ်သားလေး‘ယာဇူအို အီချီဂျီမာ’ နောက်ဆုံး ရေးခဲ့သည့် နေ့စဉ်မှတ်တမ်းထဲမှ စာသားများဖြစ်သည်။ သူသည် တိုကျိုမြို့ ၀ါဆေဒါတက္ကသိုလ်ကျောင်းသားဘ၀မှစစ်ထဲသို့ဝင်ခဲ့ပြီး အိုကီနာဝါကျွန်း အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် အသေခံလေယာဉ် နှင့်အတူ ကျဆုံးခဲ့သူဖြစ်၏။

“ရက်စက်ကြမ်းကြုတ်မှုသည် ကမ္ဘာပေါ်ထွန်းစက စ၍ ပြုပြင်၍မရသော လူ့သဘာဝ၏ အရင်းအမြစ်တခုဖြစ်လာခဲ့၏။ ဤစစ်ပွဲအတွင်း တရားမျှတမှုဆိုသည့်ကိစ္စ လုံးဝမရှိ။ လူမျိုးအချင်းချင်း မုန်းတီးမှုပေါက်ကွဲခြင်းသာရှိ၏။ ဤလူမျိုးတို့သည် တဦးနှင့်တဦးဆန့်ကျင်ကာ အားလုံးပျောက်ကွယ် သွားကြချိန်အထိ တဖက်နှင့်တဖက် စစ်ပွဲတွေဆင်နွှဲနေကြပေလိမ့်မည်”

ဤစာပိုဒ်မှာ အသေခံလေယာဉ်နှင့်အတူ အိုကီနာဝါကမ်းလွန်ပင်လယ်ပြင့် ကျဆုံးခဲ့သူ ဂျပန် စစ်သားလေး ‘နိုဘူ ဟာစီဂါဝါ’ရေးခဲ့သည့် နေ့စဉ်မှတ်တမ်းစာအုပ်မှ စာပိုဒ်တပိုဒ်ဖြစ်၏။ သူသည် စစ်ထဲမ၀င်ခင်က မီအီဂျီကောလိပ်ကျောင်းသားတဦးဖြစ်လေသည်။

“ဂျပန်ဟာ ထာဝစဉ်တည်မြဲချင်တယ်ဆိုရင် လစ်ဘရယ်ဖြစ်တဲ့အုပ်ချုပ်မှုတရပ်ကျင့်သုံးရမယ်လို့ ကျနော်အမြဲတမ်းတွေးခဲ့မိတယ်။ အခုတော့ တကယ့်အာဏာာရှင်စနစ်ဆီကိုသွားနေတဲ့ ဒီအချိန်မှာ ဒီစကားမျိုးပြောရင် ရီစရာသက်သက်ဖြစ်နေတော့မပေါ့”

ဒါကတော့ ၁၉၄၅ ခု၊ အိုကီနာဝါရှိ၊ ကာတေနာကမ်းပေါ်သို့ တက်လာသည့် အမေရိကန်တပ် များနှင့်ရင်ဆိုင်တိုက်ခိုက်ရင်း ကျဆုံးရသည့် ဂျပန်စစ်သားလေး‘ရီယိုဂျီ ယူအီဘာရာ’ ၏ မှတ်စုစာအုပ်ထဲမှ စာသားတချို့ဖြစ်သည်။ သူသည် စစ်ထဲမ၀င်ခင်က တိုကျိုမြို့၊ ကီအီအိုတက္ကသိုလ်ကျောင်းသား တဦးဖြစ်၏။

“အာဏာရှင်နိုင်ငံတွေဟာ အဆုံးတနေ့မှာ ကျဆုံးရမှာပါပဲ၊ သူတို့ရဲ့ထွန်းပြောင်မှုဟာ ခဏပါပဲ၊ ဒါကိုဝန်ရိုးတန်းနိုင်ငံတွေက စစ်ကြီးအတွင်းမှာ သာဓကပြခဲ့ပြီ၊ ဖက်ဆစ်အီတလီဘာဖြစ် လာသလဲ၊ ၀ိုင်းဝန်းထိုးနှက်တာခံနေရတဲ့ နာဇီဂျာမဏီရော လယ်လိုဖြစ်ကုန်သလဲ၊ ဒီအာဏာရှင်နိုင်ငံတွေဟာ မခိုင်တဲ့အုတ်မြစ်ပေါ်ဆောက်ထားတဲ့ အိမ်နဲ့မတူဘူးလား ...”

“ခါမီခါဇေလေသူရဲတွေဟာ စက်ရုပ်တွေပါလို့ သူငယ်ချင်းတယောက်က ပြောခဲ့ဖူးတယ်၊ အခု ... ဒီစကားကို ကျနော်ယုံစပြုပြီ။ ကျနော်ဟာ စက်ခလုပ်နှိပ်ရာကို လိုက်လုပ်နေရတဲ့ စက်ရုပ်ပါပဲ၊ ကျနော့်မှာခံစားမှုလဲမရှိဘူး၊ ကျနော့်စိတ်နဲ့ကိုယ်ကိုလဲ မပိုင်ဘူး။ ကျနော့်ဆင်ခြင်တုံတရားကိုလဲ အသုံးပြုဘို့ ပိတ်ပင်ထားခြင်းခံနေရပါတယ်”

သည်စာပိုဒ်များမှာ သေဆုံးမယ့်နေ့အထိရေးခဲ့သည့် ဂျပန်စစ်သားလေး‘ယိုရှီ မီယာဂီ’၏ မှတ်စုစာအုပ်ထဲမှ စာပိုဒ်များဖြစ်၏။ သူသည် ၁၉၄၅ ခု၊ မေလ ၁၉ ရက် အိုကီနာဝါကမ်းလွန်တွင် အမေရိကန်စစ်သင်္ဘောပေါ် အသေခံထိုးစိုက်ချလိုက်သည့် လေယဉ်နှင့်အတူ ကျဆုံးခဲ့၏။ သူသည် စစ်ထဲမ၀င်ခင်က ကီအီအိုတက္ကသိုလ်ကျောင်းသားတဦးဖြစ်လေသည်။

၃။
“သူတို့တတွေနေ၀င်ချိန်” စာအုပ်ထဲက တချို့သောစာပိုဒ်များနှင့် ပထမဖတ်ရှုစဉ်က မျဉ်းသားထားသည့်စာပိုဒ်များကို နောက်ထပ်တကြိမ်ပြန်ဖတ်နေမိသည်။ တည်းဖြတ်သူ၏ “စကားချီင်္း” တွင်ပါရှိသည့် “ကျနော့်စိတ်ဆန္ဒအလျောက် အသေခံခြင်းမဟုတ်ပါ၊ ၀မ်းနည်းမှုမရှိပဲ သေရသည်လည်း မဟုတ်ပါ” ဟူသည့် ဂျပန်စစ်သားလေး၊ အသေခံလေသူရဲ‘အာကီယိုအော့စုဘာ’၏ သေတန်းစာကိုဖတ်ကာ ကျနော့်မှာသက်ပြင်းချမိလေသည်။
သည်စာအုပ်မှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အာရှအရှေ့ဖျားဒေသ တရုပ်ပြည်၏ တော တောင်များအတွင်း၊ ပစိဖိတ်ကျွန်းစုများပေါ်နှင့် မြန်မာပြည်၏ တောကြီးမျက်မည်းထဲ၌ စစ်တိုက်ရင်း အကြောင်းအမျိးမျိုးနှင့် ကျဆုံးခဲ့ကြရသည့် ဂျပန်ကျောင်းသားလူငယ်(၃၂)ယောက်တို့၏ မသေခင်ရေးခဲ့ကြသည့် သေတမ်းစာများ၊ မှတ်စုများ၊ နေ့စဉ်မှတ်တမ်းများကို စုစည်းထုတ်ဝေသည့် စာအုပ်ဖြစ်၏။ ဂျပန်ဘာသာမှ ဘာသာပြန် တည်းဖြတ်ထုတ်ဝေသူမှာ ‘ဂျင်းလာတဂေး’ဖြစ်ပြီး မြန်မာဘာသာပြန်ဆိုသူမှာ ‘မောင်နေ၀င်း’ ဖြစ်လေသည်။
သည်စာအုပ်ကို ဖတ်ရှုနေချိန်တွင် ကျနော်သည် အသက် (၂၀)ကျော်အရွယ်၊ ပဲခူးမြို့တွင်နေထိုင်စဉ် “တရုပ်မြန်မာအဓိကရုဏ်း” အပေါ်မူတည်ကာ၊ ဖခင်နှင့်ကျနော် အခြေအတင်ပြောခဲ့ဆိုခဲ့ရသည်များကို လတ်လတ်ဆတ်ဆတ်ပြန်လည် သတိရနေခဲ့မိ၏။ ကျနော်တို့မြန်မာနိုင်ငံ လူမျိုးခြားအင်္ဂလိပ်လက်အောက်က မလွတ်မြောက်ခင်အချိန်၊ ‘ကုလားဗမာအဓိကရုဏ်း’ ဖြစ်ပွားခဲ့ခြင်းကိုလည်း ပြန်လည်စဉ်းစားနေခဲ့မိ၏။ ထိုအခါ ကျနော့်မှာ မေးခွန်းတချို့ကို အလိုလိုမေးမိလျက်သားဖြစ်လာရလေသည်။
ကမ္ဘာပေါ်၌ လူမျိုးရေးပဋိပက္ခများအဘယ့်ကြောင့် ဖြစ်ပွားလာရသနည်း။ လူမျိုးရေးပဋိပက္ခများကို မည်သူတွေကဖန်တီးပြီး မည်သူတွေက အားပေးအားမြှောက်လုပ်လေ့ရှိသနည်း။ ကျနော့်မှာ ဤမေးခွန်းများကို မေးလည်းမေး၊ ဖြေလည်းဖြေလုပ်နေခဲ့မိ၏။
အမှန်စင်စစ် ဂျပန်တို့၏ ‘ဖက်ဆစ်ဝါဒ’မှာ လူမျိုးရေးအမြင်ကျဉ်းသည့် အမျိုးသားရေးဝါဒမှ ပေါက်ဖွားလာခြင်းဖြစ်၏။ ဂျပန်တို့၏ ‘ဖက်ဆစ်ဝါဒ’ကို ဂျပန်အုပ်စိုးသူများက ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူတို့ကပင် အားပေးအားမြှောက်လုပ်ခဲ့ကြ၏။ ကြွေကွဲဖို့ကောင်းသည်မှာ ဂျပန်တမျိုးသားလုံး ယင်း ‘ဖက်ဆစ်ဝါဒ’ နွံအတွင်း ခုန်ဆင်းခဲ့ကြရသည့်အဖြစ်ပင်ဖြစ်သည်။

၎။
ယခုအခါ ဤကမ္ဘာပေါ်၌ လူမျိုးရေးပဋိပက္ခ၊ လူမျိုးရေးအာဃာတနှင့်လူမျိုးရေးမျိုးဖြုတ်သတ်ဖြတ်မှု များမှာ နေရာအနှံ့တွင် ကြားနေကြရ၏။
ကျနော်တို့သည် သခွပ်ပွင့်ချိန်ရောက်တိုင်း၊ သခွပ်ပွင့်သည်ကိုတွေ့တိုင်း ‘သိကြား’ နှင့်‘အသူရာ’တို့ မကြေမချမ်းနိုင်စစ်ခင်းကြသည့် “အာဃာတစစ်ပွဲ”ကို မည်သည့်နည်းနှင့် အဆုံးသတ်နိုင်ကြမည်နည်း။ သို့မဟုတ် လူမျိုးတမျိုးနှင့်တမျိုးမထိခိုက်စေသည့် လူမျိုးများအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် “နှင်းဆီထုံသောခေတ်” ကို မည်ကဲ့သို့ထူထောင်ကြမည်နည်း။
လတ်တလောအချိန်၌ ကျနော်တို့၏ ပါတ်ဝန်းကျင်တွင် သခွပ်ပန်းများလှိုင်လှိုင်ပွင့်နေ ကြသည်ကိုသာတွေ့နေရသည်မဟုတ်ပါလော။ ။


မောင်ဖူးတင့်

(၂၀၀၆-ခုနှစ်အတွင်းတုန်းက ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးသည့် ဆောင်းပါးဖြစ်ပါတယ်။)

2 comments:

  1. နှင်းဆီ ထုံသော ခေတ် တဲ့။
    မျှော်လင့် စောင့်စား မှန်းယော် နေရပါသည်။ အခုထိတော့ေ၀၀ါးဝါးပါပဲ ဦးငြိမ်းရေ..။

    ReplyDelete
  2. ဦးလေးရေ .. အဲဒီ စာပိုဒ်လေးတွေ ဖတ်ရတာ သိပ်တန်ဖိုးရှိပါတယ် ။

    စစ်ဆိုတာရဲ့ သဘောသဘာဝကတော့ လူတိုင်းရဲ့ ဘ၀တွေနဲ့ ရင်းပြီး ၊ သူတို့ရဲ့ ပေးဆပ်ခြင်းတွေပေါ် တက်နင်းပြီး လုပ်ထားတဲ့ ပလက်ဖောင်းတခုလိုပါပဲ ။ ဘယ်စစ်မဆို ဘယ်ဘက်က နိုင်နိုင် ၊ နှစ်ဘက်လုံးက လူတွေ သေကျေရတဲ့ ၊ မိသားစုတွေ ကွဲရတဲ့ ၊ ဘ၀တွေ ပျက်ရတဲ့ ရလဒ်တွေကတော့ အမြဲရှိနေစမြဲပါပဲ ။

    မြန်မာပြည်အရေးဆိုရင်လည်း နအဖအသုံးချတာ ခံနေရတဲ့ စစ်တပ်က လူတွေရော ၊ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အရာရာကို စွန့် ပြီး ထွက်ခဲ့တဲ့ ကျောင်းသားတွေရော အားလုံး အတိုင်းအတာတခုထိ ပေးဆပ်နေရသလို ၊ ပြည်သူတွေကလည်း ကြားကနေပြီး ခံစားနေရတာတွေ ရှိတယ် ။

    ဦးလေးပြောတဲ့ သခွပ်ပန်းတွေကတော့ ဘယ်တော့မှ ပွင့်တာ ရပ်တော့မလဲ မသိ ။ မရပ်ခဲ့ရင်တောင် လှိုင်၂ ပွင့်တဲ့ အချိန်တွေ နည်းပါးလာပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

    ReplyDelete