August 13, 2008

နုပျိုခြင်းဟာ လာဘ်တပါးတဲ့လား


(၁)

ဘလော့လောကထဲကို ၀င်တဲ့အခါ ဘယ်လောကနဲ့မှ မတူတဲ့ ဖြေရှင်းရခက်တဲ့ကိစ္စတချို့ ကျနော်ကြုံရတယ်။ အဲဒါကတော့ ကိုယ်ဆက်ဆံရတဲ့လူ၊ ကိုယ်ဆက်ဆံရမယ့်လူ၊ ပြီးတော့ ကိုယ့်ကိုယ်ဆက်ဆံမိတ်ဖွဲ့လာတဲ့၊ လာမယ့်လူ အဲဒီလူတွေရဲ့ အသက်အရွယ်အပိုင်းအခြားကို ခန့်မှန်းရတဲ့ကိစ္စပါ။ အများအားဖြင့်တော့ ခန့်မှန်းရ သိပ်မခက်ပါဘူး။ သူတို့ရေးတဲ့စာ၊ ကျနော်သိတဲ့လူနဲ့ တခြားလူတယောက်ယောက်နဲ့ဆက်ဆံရေး၊ ဒါတွေကို ချိပ်ဆက်စဉ်းစားရင် သိပ်ပြီး မကွာလှတဲ့ ခန့်မှန်းခြေကို ရပါတယ်။ ကျနော်ကြုံတဲ့ အခက်အခဲက သူများကို အကဲခတ်ဖို့ခက်တဲ့ အခက်အခဲမဟုတ်ပါဘူး။ သူများတကာက ကိုယ့်ကို အသက်အရွယ်အတွက်အချက်မှားပြီး ဆက်ဆံလာတဲ့အခါ၊ မမျှော်လင့်ပဲ အထင်အမြင်လွဲမှုလေးတွေ၊ ဖွင့်ပြောဖို့မသင့်တဲ့ ထင်မြင်ချက်တွေ ကြုံတွေ့ရ တတ်တဲ့ အခက်အခဲပါပဲ။



ဒီလို အခက်အခဲတွေက တဖက်လူရဲ့ အကဲခတ်ချက်၊ လွဲချော်သွားတာနဲ့ သက်ဆိုင်သလို ကျနော့်ရဲ့ အပြုအမူ အပြောအဆိုတချို့နဲ့လည်း ဆိုင်တယ်လို့ ကျနော်ခံယူပါတယ်။ ကျနော်က လူတွေကို အရမ်းခင်တတ်တယ်။ (စာပေသမားတွေကို ပြောတာပါ။) ပြီးတော့ သင့်၏မသင့်၏ သိပ်ပြီးမချင့်ချိန်တတ်ဘူး၊ စတတ်နောက်တတ်တယ်။ ဒါကြောင့်မို့ ခဏ.ခဏ ပြဿနာကြုံရတယ်။ ကြုံပြီးရင်လည်း ကျနော့်မှာ တခါတလေ ဖြေရှင်းရ၊ တခါတလေ ကိုယ့်ကိုယ်ကို ဒေါသဖြစ်ရ ...။
အခုလို လူချင်းလုံးဝမတွေ့ဘူးပဲ စိတ်မှန်းနဲ့ ဆက်ဆံရတဲ့ ဘလော့လောကထဲကိုဝင်တော့ အဲဒီပြဿနာဟာ ကျနော့်ကို တော်တော်လေး ဒုက္ခပေးပါတော့တယ်။

(၂)

၁၉၉၂-ခု၊ ဇွန်လထဲမှာ ကျနော် “မာနယ်ပလော တောမှော်ရုံတက္ကသိုလ်” ကို ရောက်တော့ အသက် (၄၅) နှစ် ရှိပါပြီ။ နောင်အခါ စဉ်းစားကြည့်တော့ အဲဒီ အချိန်တုန်းက ကျနော် လုပ်နိုင်ကိုင်နိုင်ခဲ့တဲ့ကိစ္စတွေက တကယ့်ကို အံ့ဘနန်းပဲ။ ၁၉၉၂-ခုနှစ်ကတည်းက တနှစ်တခါ၊ တခါသွားရင် အနည်းဆုံးတလ၊ ကိုယ့်သဘောနဲ့ကိုယ် (ဘယ် သူကမှ တာဝန်ပေးလို့မဟုတ်ဘူး) ရှေ့တန်းကို ဆင်းခဲ့တာတွေ၊ ကျနော်ထင်တယ် အဲဒီတုန်းကများ ရွာထဲမှာ ၀င်ပြီးအိပ်တာ မရှိသလောက်ပဲ။ သစ်ပင်အောက်မှာ အိပ်ခဲ့တာ။ တောင်တွေကျော် နေ့စဉ်ရက်ဆက်ခရီးသွား ...၊ ဒီလိုအလုပ်ကို ကျနော်ကလုပ်တော့၊ အစကတော့ ဘယ်သူမှမအံ့သြပေမယ့် ကျနော့်အသက်အရွယ်ကို ပြောပြလိုက်ရင်တော့ အားလုံးက လက်ဖျားခါသွားကြတာချည်းပါပဲ။ ပြီးတော့ ကျနော့်ထက် အသက်အရွယ် ငယ်တဲ့သူ တချို့တောင် ကျနော့်လောက် အပင်ပမ်းမခံနိုင်ကြတာကိုတွေ့တော့ ကျနော့်ကို ပိုပြီး အံ့သြကုန်ကြ တာပေါ့။
ပြီးတော့ ကျနော်က တွေးတဲ့ခေါ်တဲ့အခါမှာလည်း လူငယ်တွေနဲ့၊ လူငယ်တွေဖက်က အမြဲပါလေ့ရှိတယ်။ သူတို့နဲ့ ဆက်ဆံရင်လည်း ကိုယ့်အသက်အရွယ်ကို ဘေးချိပ်ပြီး မေ့ပြီး တကယ့်ကို ရွယ်တူတွေလိုဆက်ဆံတတ်တယ်။ အလုပ်တွေ လုပ်တော့လည်း သူတို့နဲ့အတူ ၊ ဒီကြားထဲ စာကလေး ပေကလေးကလည်း ရေးဆိုတော့ ဟိုတုန်းက အသက် (၂၀) နီးပါးငယ်တဲ့ လူငယ်တွေအားလုံးက ကျနော့်ကို “ကိုငြိမ်း” ဆိုတဲ့ အခေါ်အဝေါ်နဲ့ပဲ ဆက်ဆံခဲ့ကြ တယ်။ အဲဒါ အဲဒီအချိန်တ၀ိုက်ကတည်းက ဆက်ဆံခဲ့ကြရတဲ့ လူငယ်တွေအားလုံး သိကြပါတယ်။ (တချို့ ... ဘလော့လောကထဲမှာရှိပါတယ်။) ဒီတုန်းကတော့ ပြေးဟ၊ လွှားဟ၊ ပျော်ဟ ပါးဟနဲ့ နေခဲ့နိုင်တဲ့ဘ၀ဆိုတော့ ပြဿနာရယ်လို့ သိပ်ပြီး မရှိခဲ့ပါဘူး။ ဒါပေမယ့်အသံလွှင့်ဌာနတခုမှာစပြီး အလုပ်လုပ်ခွင့်ရတော့ ပြဿနာက စတော့ တာပါပဲ။

(၃)

တခါတုန်းက တယ်လီဖုန်းထဲကတဆင့် အသံလွှင့်ဌာနတခုက မိန်းခလေးတဦးနဲ့ စကားပြောရတယ်။ အလုပ် သဘောအရလည်း ခဏခဏ ဆက်ဆံရတယ်။ ကျနော့်အကျင့်က ကိုယ့်ထက် အသက်ဘယ်လောက်ပဲငယ်ငယ် တစုံတရာအတိုင်းအတာအထိ ခင်မင်ရင်းနှီးမှု၊ နားလည်မှုမရသေးခင်အချိန်အထိ “ကျနော်” ဆိုတဲ့ အသုံးအနှုန်း ကိုပဲ သုံးတတ်၊ သုံးချင်တယ်။ ကျနော်က တယ်လီဖုန်းထဲကတဆင့် စကားပြောတဲ့အခါ အဲဒီမိန်းခလေးရဲ့ အသက်အရွယ်ကို ခန့်မှန်းမိပေမယ့် သူက မခန့်မှန်းနိုင်ရှာဘူး။ သူက သူနဲ့ရွယ်တူသာသာလို့ပဲ ယူဆပြီး ခေါ်ဝေါ် ဆက်ဆံခဲ့တယ်။ တနေ့ကြတော့ ကျနော်နေတဲ့ မြို့က စာအုပ်ဆိုင်ထဲမှာ မိန်းခလေးတဦးက စာအုပ်တွေ ၀င်ရွေးနေတာနဲ့ ကြုံရပါတယ်။ ကျနော်က ဆိုင်ရှင်နဲ့ရင်းနှီးတဲ့သူဆိုတော့ နောက်ဖေးခန်းထဲဝင်ပြီး “မျက်နှာစိမ်း” မိန်းခလေးကို စူးစမ်းကြည့်ပါတယ်။ ဆိုင်ရှင်ကလည်း အဲဒီမိန်းခလေးကို နာမည်တပ်ပြီးခေါ်ပြောနေတာမို့ ဖုန်းထဲမှာ ကျနော်နဲ့ခေါ်ပြော ဆက်ဆံခဲ့ရတဲ့ မိန်းခလေးဆိုတာ အတတ်သိရတော့တာပေါ့။ ဒီတုန်းက ကျနော့်မှာ အပြင်ထွက်ပြီး နှုတ်ဆက်စကားပြောဖို့ အဲဒီမိန်းခလေးကို အားနာနေခဲ့မိပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကို ဒေါသဖြစ်ခဲ့ရတယ်။ ဒီလိုအဖြစ်အပျက် တွေက ခဏ.ခဏ ကြုံခဲ့ရတယ်။
ဘလော့လောကထဲကိုဝင်တော့ ဟိုးတချိန်တုန်းကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ ရဲဘော်တချို့ကလည်း “ကိုငြိမ်း” ဆိုတဲ့ ဝေါဟာရကို သုံးပြီး ဆက်ဆံ၊ ကိုယ်ရေးတဲ့စာတွေကလည်း လူငယ်တွေနဲ့ င်ါလား၊ ငါလား (အဲလေ ... နင်လား ငါလား) ဆိုတော့ မမျှော်လင့်တဲ့ အသက်အရွယ်ခန့်မှန်းမှုတလွဲတွေ ကြုံရပြန်ရော။ ဒီကြားထဲက နဂိုရ် ကတည်းက ခတ်ပျော်ပျော်၊ ခတ်နောက်နောက်နေတတ်တဲ့အကျင့်ကပါနေတော့ အခုမှသိရပြီး ကိုယ့်ထက် အများကြီးငယ်တဲ့ မိတ်ဆွေ ဘလော့ဂါတချို့ကို စာရေးပြီးနောက်မိပြောင်မိလို့၊ ကိုယ်ရေးတဲ့စာ ကိုယ်ပြန်ဖတ်ပြီး ဖြုတ်ချလို့ရတာဖြုတ်ချ၊ ဖြုတ်ချလို့မရတာကြတော့ အိပ်မပျော်နိုင်လောက်အောင် စိတ်ဆင်းရဲ ...။
အခုတော့ ... အဲဒီပြဿနာကို ကျနော်ရပ်လိုက်ချင်ပြီ။ ကျနော်က အရပ်ကလည်း ပု၊ နေ့စဉ်အားကစားလေ့ကျင့် တဲ့ အလုပ်ကလည်းလုပ်၊ ကိုယ့်ကိုယ်ကို ဘယ်တော့မှ လူငယ်တွေထက် နောက်မကျစေနဲ့ဆိုတဲ့စိတ်ကလည်း လက်မလွှတ်နိုင်ဆိုတော့ အသံနဲ့ရုပ် နှစ်ခုစလုံးက လူငယ်တွေနဲ့ နင်လားငါလားဆိုတော့ “ခင်မင်းဇော်” တို့လို ဘလော့လမ်းသူရဲမလေးတွေအဖို့ အမြင်မတော်၊ မျက်စေ့နောက်တောက်တောက်ဖြစ်ကုန်ကြရဟန်တူပါရဲ့။ ဒါကြောင့်မို့ ဒီကိစ္စဒီလောက်နဲ့ပဲ ကျနော်ဖြတ်ပါတော့မယ်။ ဒီစာကို နိဂုံးမချုပ်ခင် “ခင်မင်းဇော်” တို့ နိုင်းနိုင်းစနေ တို့ကို ( “နိုင်းနိုင်းစနေ”ဆိုတာက ကျနော်နဲ့ တခါမှ စာရေးပြီး မရင်းနှီးရသေးပေမယ့် သူရေးတဲ့စာတွေဖတ်ပြီး သားသမီးတယောက်လို ခင်မင်ရင်းနှီးလို့ အခုလိုထည့်ပြောလိုက်တာပါ။) အကြံတခုပေးချင်ပါတယ်။

၁။ ဘလော့လောကထဲမှာ သက်ကြီးပူဇော်ပွဲလေးတခု လုပ်ကြရရင် မကောင်းဘူးလား
၂။ လုပ်ချင်တဲ့ ဆန္ဒရှိကြရင် ကျနော့်ကို အမြန်ဆုံးဆက်သွယ်ညှိနှိုင်းကြဘို့ ကျနော် အကြံပြုလိုက်ပါရစေ ... ။

“နုပျိုခြင်း” ဟာ လာဘ်တပါးဆိုပေမယ် ကျနော့်မှာတော့ တခါတခါ အတော့်ကို စိတ်ပျက်ဖို့ကောင်းတဲ့ “စုတ်တပါး” ဖြစ်နေတာ ဒီစာကိုရေးပြီး စိတ်ဖြေလိုက်ရပါပြီ။
ဘလော့ဂါ တူ တူမငယ်များ အချင်းချင်းသည့်ထက်ပိုပြီး ခင်မင်ရင်းနှီးပြီး လောကကြီးကို သည့်ထက်ပိုပြီး အလှဆင်နိုင်ကြပါစေ ...။

“ဦးငြိမ်းဝေ” နဲ့ မတူတဲ့ “နုပျိုခြင်း” လာဘ်ကိုပဲ ရနိုင်ကြပါစေ ...။

9 comments:

  1. အဲလိုတော့ မလုပ်နဲ့လေဗျာ။ ကိုငြိမ်းကလည်း
    ကိုယ့်ကိုယ်ကိုဖော်နေတာတော့ ဟုတ်သေးပါဘူး။
    ဓါတ်ပုံတွေမှာတွေ့တယ် ၃၀ လောက်ပဲထင်ရတယ်လေ။
    အဲဒါ ပြသနာ ဖြစ်နေလားး)

    ReplyDelete
  2. စတာကို စိတ်မဆိုးပါနဲ့ ဦးငြိမ်းဝေကြီး ဟီးဟီး
    ချစ်ခင်စွာဖြင့်
    ဘလော့ လမ်းသရဲမ

    ReplyDelete
  3. ၂၀၀၈-၁၉၉၂ = ၁၆
    ၄၅+၁၆ = ၁၆

    အပေါ်က အတိုင်းမကောင်းဘူးလား… ကျွန်မ စိတ်ထဲမတော့ စာရေးဆရာတွေက အမြဲနုပျိုနေတာပဲ… ကိုငြိမ်းဝေလို့ ခေါ်ရတာ ပိုအားရပါတယ်…

    ReplyDelete
  4. အနော်ကတော့ ဆရာဦးငြိမ်းဝေလို့ ခေါ်တယ်။ သတင်းရထားတယ်လေ။း)

    တကယ်က တခုခုခေါ်ရင် သူများတွေ ကို အသက်ကြီးလို့ ဆိုတာထက် ကိုယ့်ကိုယ်ကို ပိုငယ်ချင်လို့။ ဟဲ....။ တခါတခါ ကလေးယောင်ဆောင်ပြီး စကားမပီသလိုလည်း ပြောတတ်တယ်။ အခုလည်း စဉ်းစားနေတာ မမေငြိမ်း မခင်မင်းဇော်တို့ကို ဒေါ်မေငြိမ်း ဒေါ်ခင်မင်းဇော်လို့ ပြောင်းခေါ်မလို့။ ဟိဟိ။

    ReplyDelete
  5. မတန်ခူးနဲ့ ဒေါ်ပန်လေးတို့ပြောတာ ကျနော်အားလုံးကို ထောက်ခံတယ် ဟဲ...ဟဲ။

    ReplyDelete
  6. မတန်ခူးနဲ့ ဒေါ်ပန်လေးတို့ပြောတာ ကျနော်အားလုံးကို ထောက်ခံတယ် ဟဲ...ဟဲ။

    ReplyDelete
  7. ဦးလေးရဲ့ စာအရေးအသားကိုကြည့်တာနဲ့ စိတ်က နုပျိုသူမှန်း ခံစားလို့ရပါတယ် ။ မတန်ခူးတွက်ပြသလို ၁၆ ပဲ သတ်မှတ်လိုက်ပေါ့း)

    ReplyDelete
  8. ဦးရေ
    အကိုလို့ ခေါ်မိတာ ဆောရီး..
    ဦးလို့ ခေါ်ရင် စိတ်မကောင်းဖြစ်မယ် ထင်လို့ အဟဲ
    သက်ကြီးပူဇော်ပွဲတောင် လုပ်ဖို့ စဉ်းစားနေပြီဆိုတော့ ဦးလို့ပဲ ခေါ်ပါတော့မယ် ဦးရေ..
    ခင်မင်စွာ
    မိုးချိုသင်း

    ReplyDelete
  9. ၀မ်းသာစရာပါ ဆရာ။

    ReplyDelete