September 30, 2009
နွေတည
( ၇ )
တခါတရံ၌ဈေးထဲတွင် ဝေစိတ်ဆိုးပြီးဈေးခြင်းကို ဈေးလမ်းပေါ်၌ လွှင့်ပစ်ခဲ့သည်။ ဝေသည် ပြန်လှည့်မကြည့်ဘဲ လူအများကို စိတ်ဆိုးမာန်ဆိုးဖြင့် တိုးဝှေ့ ကာ ဈေးထဲမှ ခြေဆောင့်နင်းထွက်ခွာသွားလေသည်။
ဈေးလမ်းပေါ်၌ ဈေးခြင်းတောင်းသည် မှောက်သွားပြီးသခွါးသီးများ၊ ခရမ်းချဉ်သီးများ၊ နံနံပင်များ၊ ကြက်သွန်မြိတ်များသည် လမ်းပေါ်ပြန့် ကြဲသွား၏။
ဈေးသွား ဈေးလာများသည် ရှောင်ကွင်းပြီး သွားနေကြ၏။
လမ်းပေါ်တွင် ကျနော်သည် ထိုပစ္စည်းများ ကမန်းကတမ်း ကောက်ထည့်ပြီး ကျနော်သည် ဝေ့ နောက် ပြေးလိုက်သွား၏။
ဝေသည် ဈေးဝတွင်ရပ်ထားသော မြင်းလှည်းတစီးပေါ်သို့ ခြေဆောင့် နင်းတက်လိုက်သည်။
ကျနော်လည်း ရယ်မောရင်း ဝေ့နံဘေး၌ ဝင်ထိုင်လိုက်၏။ ဝေ့နံဘေးတွင် ဈေးဆွဲခြင်းကိုချလို်က်၏။ ဝေသည် ကျနော့်ကိုမကြည့်ဘဲ မျက်နှာကိုတဖက်ဘို့ ဆက်ကနဲ လှည့်လိုက်လေသည်။
“ မြင်းလှည်းဆရာ မောင်းပါ” ဟုဝေက ခပ်ပြတ်ပြတ် ပြောသည်။
ကျနော်သည် ရှက်လည်းရှက်နေ၏။ ဒေါသလည်း ဖြစ်နေခဲ့၏။ မြင်းလှည်းမောင်းထွက်လာစဉ်တွင်...
“ဝေကလဲကွာ လူကြားထဲမှာ ဒီလိုလုပ်တာတော့ မကောင်းပါဘူး၊ ကိုက နောက်တာပါ၊ မင်းမကြိုက်ရင် ဘယ်တော့မှမနောက်တော့ဘူး၊ ကဲ...ကို မှားတယ်ဆိုရင် တောင်းပန်ပါတယ်”
ကျနော်သည်လည်း တောင်းပန်နေခဲ့ပြန်သည်။
ဝေသည် နှင်းပျနေသော အဝေးဆီကို လှည့်ကြည့်နေ၏။ နေဇာပါးပါးသည် တောင်ကုန်းကလေးများပေါ်၌ လွှမ်းခြုံထားလေသည်။ ဝေသည် ကျနော့်ကို လှည့်မကြည့်တော့။ စကားလည်း မပြောတော့။
ကျနော် သူ့ ကို နောက်မိသည်မှာ လွန်လည်း လွန်သွားပေသည်။ ကျနော်သည် သူပြုံးလာသည်အထိ ထပ်၍တောင်းပန်လေသည်။
သူသည် စိတ်ကောက်ပြီး လှည့်မကြည့်တော့ပေ။ သို့ သော်လည်း သူ့ မျက်နှာမှာ တဖက်သို့ လှည်းထားလျက် ပြုံးနေသည်ကို နောက်ကျောဘက်မှနေပြီး ကျနော်သည်လည်း သိနေပြန်သည်။
ဘာကြောင့် ဝေစိတ်ကောက်သွားသည် ဆိုသောအကြောင်းအရာကိုမူ နှစ်ကာလ အတန်ကြာလျှင် ကျနော်သည်လည်း အစရှာမရနှိုင်အောင် မေ့သွားနိုင်ပေသည်။ အကြောင်း အရာကိုမေ့သည့်တိုင်အောင် ထိုသို့ ဝေပြုမူတတ်သည့် အကျင့်စရိုက်ကလေးများကိုကား ပြတ်သားကြည်လင်သော ပန်းချီကာချပ်ကလေးများ အဖြစ်ဖြင့် ကျနော့် စိတ်နှလုံးပြင်ပေါ်တွင် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ စွဲထင်ကျန်ရစ်ပေလိမ့်မည်။
ကျောင်းဆရာမလေး တဦးကို နှုတ်ဆက်မိသဖြင့် ဝေနှင့်ကျနော် ရန်ဖြစ်ကြရသည့် နံနက်ကမူ နွေပိုင်းရောက် လုပြီဖြစ်၍ ဈေးပေါ်၌ နှင်းများ အုံ့ ပျမနေတော့ပေ။
ဈေးသွား ဈေးလာများသည် ရှုပ်ရှက်ခတ် တိုးဝှေ့ နေ၏။ ဝေသည် သူနှစ်သက်သော အနီပေါ်၌ အညိုပြောက် အင်္ကျီကိုဝတ်လျက် အနိမ့်ပိုင်း၌ရှိသော အမဲသည်တန်းမှ ခပ်ပြုံးပြုံးအမူအရာဖြင့် ဖြတ်လျှေက်လာသည်။
ကျနော်သည် အလုပ်ကိစ္စအတွက် တောသွားရင်း ရင်းနှီးလာခဲ့သော တောရွာကလေးတရွာမှ ကျောင်းဆရာမလေးကို ဈေးဝတွင် နှုတ်ဆက်သည်။ ဆရာမလေးသည် အသားညိုစိမ့်စိမ့် မျက်နှာထား ချိုချိုလွင်လွင်ဖြင့် ခင်မင်စရာလည်း ဖြစ်၏။ သူသည်လည်း ကျနော်နှင့်ရင်းနှီးခင်မင်နေသည့် အလျောက်ရယ်မောရင်း စကားလက်ဆုံ ကျနေခဲ့လေသည်။
သူသည် ဈေးထဲတွင်ကား ကျနော့် ဧည်သည်ဖြစ်ပေသည်။ ကျနော်က ဝေဈေးဝယ်ရာ နောက် မှ တကောက်ကောက် ကိုယ်ရံတော်အဖြစ်ဖြင့် လိုက်ပါနေရပုံကို ရှင်းပြနေရာ ဆရာမလေးသည်လည်းပြုံးပြီး ခေါင်းတဆတ်ဆတ်ညိတ်လျက်နားထောင်နေခဲ့သည်။
ဝေသည် ဈေးဝယ်ပြီး ဈေးထဲမှ ခပ်ကြမ်းကြမ်းလျှောက်လာသည်။ ဝေ ကျနော့်အနား၌ ခါးထောက်ပြီး ရပ်သည်အထိကျနော်သည်လည်း သတိမထားမိဘဲ ရယ်မောကာ စကားပြောနေမိဆဲ ဖြစ်၏။
“သိပ် စကားကောင်းနေပါလား မောင်ကိုကို” ဟု ဝေသည်ကျနော့် အနားမှ ကပ်ပြောလိုက်ပြီး ကျနော့် လက်မောင်းကို သူ့ လက်ဖြင့် ချိတ်လိုက်သည်။
ကျနော်သည် ပြုံးရယ်နေလျက်ဖြင့် သူ့ ကို လှည့်ကြည့်လိုက်၏။
“ဘာလဲကွဲ့ ပြန်လှည့်ကြည့်မနေပါနဲ့ ၊ ယောက်ျားဘဲ ရရင်အမြတ်ချည့်၊ လုပ်မှာသာ ရှေ့ ဆက်လုပ်ပါ၊ ကျနော်လူပျိုပါလို့ ပြော၊ သူ့ လင်မြင်သွားရင်သာ ကိုကို့ ပါးကို ဝင်ရိုက်မှာ ကိုသတိထား၊ တော်ကြာ ဈေးလယ်ခေါင်မှာသွားတွေ ကျွတ်ကျန်နေမှာဘဲ သတိထား”
ဝေ ထိုသို့ ပြောချလိုက်သောအခါ ကျနော်သည်လည်း ဝေ၏ ပြောင်စပ်စပ် မျက်နှာကို ကြည့်ကာ အံ့အားသင့် ငေးကြောင်နေမိလေသည်။
ဆရာမလေးသည် ဝေနှင့် ကျနော့်ကို ငေးကြည့်နေ၏။
ဈေးသွားဈေးလာများသည် ကျနော့်တို့ ကိုလှမ်းကြည့်နေ၏။ သူတို့ သည် သွားရင်း လာရင်းသမင်လည်ပြန် လှည့်ကြည့်ကြ၏။
ဆရာမလေးးသည် မျက်နှာနီမြန်းသွားပြီး ကျနော့်ကို မော့ကြည့်လေသည်။ တခုခုပြောရန် အားယူ လိုက် သော် လည်းမပြောဝံ့ ပုံမျိုးဖြစ်နေသည်။ ဆရာမလေးသည် ခေါင်းငုံ့ လို်က်၏။ ရှက်စိတ်ဖြင့် အသားတဆက်ဆက်တုန်နေရှာ၏။
ကျနော်သည်လည်း ဆရာမလေးကို အားနာလှပြီး ဘယ်ကဲ့သို့  တောင်းပန်ရမည်ကို မသိတော့ပေ။ ရင်ထဲတွင် ထူပူသွားသည်။ ဝေ့ကို ဒေါသလည်း ပြင်းစွာ ဖြစ်သွားမိ၏။ ကျနော်သည် ဝေ့ ကိုမထိုးကြိတ်မိရန် စိတ်ထိန်းချုပ်နေရ၏။
ကျနော်သည်ပင် ဆရာမလေးကို မျက်နှာချင်း မဆိုင်ဝံ့တော့။ နောင် တောသွားရင်း သူနှင့်တွေ့ လျှင် ဘယ်ကဲ့သို့ မျက်နှာကြည့်ရမည်ကို မတွေးဝံ့ တော့ပေ။
ဆရာမလေးသည် ချာကနဲ လှည့်ထွက်သွား၏။
လူအများသည် ရပ်တန့် ပြီး ဆရာမလေးကို ကြည့်နေကြလေသည်။ “သဖန်းကုန်းက ကျောင်းဆရာမလေး”ဟု တယောက်က ပြောသံလည်း ကြားရသည်။
ကျနော်သည် ဒေါသဖြင့် ဝေ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
သူသည် ထပ်၍ လှောင်းပြုံးလိုက်၏။ ကျနော့် မျာက်နှာကိုရဲတင်းစွာ စိုက်ကြည့်သည်။ သူ့ မျက်လုံးများမှာလည်း သရော်ရိပ် ဒေါသများဖြင့် တောက်လာသည်။ သူသည် ကျနော့် မျက်နှာကို မော့ကြည့်နေရင်း...
“ဒါရိုင်းတာလား ကိုကို၊ ဒါမျိုးပါ ခင်ဝေတို့ လိုက်ပြီးယဉ်ကျေးနေရအုံးမှာလား၊ ကိုယ့်လင်ကို ဒါလောက် ပါးရက်နားရက်ပြောနေတာတော့ ကြည့်မနေနိုင်ဘူး ယဉ်ကျေး မနေနိုင်ဘူး တော်ရေ့ ”
သူက တဈေလုံး ကြားလောက်အောင် အော်ပြော လိုက်လေသည်.။
ကျနော်သည်လည်း ဒေါသစိတ်ကို မထိန်းနိုင်ဖြစ်ကာ သူ့ မျက်နှာကို လက်သီးဖြင့်အားကုန် စွပ်ထိုးချလိုက်သည်။
သူသည် လမ်းလယ်ခေါင်၌ လဲကျသွား၏။ သူ့ လက်ထဲမှ လက်ဆွဲခြင်းသည်လည်း လွင့်စဉ်သွားသည်။ သူသည် ဒေါသဖြင့် ကုန်းထနေ၏။ မျက်နှာပေါ်၌ ဖုန်များပေနေလျက် သူသည် ခလေးကဲ့သို့ ရှိုက်ကြီးတငင် အော်ငိုလိုက်ပြန်သည်။
ကျနော်သည်ရှက်စိတ်ဖြင့် မွှန်ထူနေလျက် ဈေးထဲမှပြေးထွက်လာ၏။ သူ၏ အော်ဟစ်လိုက်သံသည် ဈေးထဲတွင် ပွက်လောရိုက်နေခဲ့လေသည်။
“လုပ်ကြပါအုံး၊ သူ့ူ မိန်းမတယောက်ကို စကားပြောတာ ပြောမိတာနဲ့ ကျမကိုသတ်သွားပါတယ် အရပ်တို့ ရဲ့ ”ဟု သူသည် အော်ဟစ်ငိုယိုရင်း သူ့ ဈေးခြင်းတောင်းထဲမှ ဖိတ်ကျ နေသည့် ပစ္စည်းများကို ကောက်ငင် ထည့်နေခဲ့သည်။
ကျနော်သည်လည်း အိမ်ရောက်သည်အထိ အရှက်မပြေ၊ ဒေါသမပျောက် ဖြစ်နေခဲ့ရလေသည်။ ထိုညက ကျနော်သည် အလုပ်သွားရင်း အိမ်မပြန်တော့ဘဲ မိတ်ဆွေတယောက် အိမ်တွင်အိပ်သည်။ သူ့ ကို အိမ်၌တယောက်တည်း ထားပစ်ခဲ့၏။ နောက် နေ့ တွင် အလုပ်အတွက် တောသို့ ထွက်သွားပြန်သည်။
ထိုအပြစ်အတွက် ကျနော်သည် သူ့ ကို စိတ်မကျေနပ် နိုင်ဘဲရက်အတန်ကြာမျှ ရင်ထဲတွင် တင်းခံနေလေသည်။ ညများတွင် သူနှင့် တအိပ်ရာတည်း အတူအိပ်သော်လည်း သူ့ ကို ကျနော်သည် စကားမပြောတော့ပေ။ သူသည်လည်း တဖက်လှည့်အိပ်နေခဲ့၏။ သူ့ ကို စကားမပြောဘဲ နေသည့် ရက်များ၌သူသည် အိပ်ရာထဲတွင် တဖက်လှည့်ပြီး မျက်ရည် ကျနေခဲ့ပြန်သည်။ ငြိမ်သက် တိတ်ဆိတ်နေသော ညများ၌ သူ၏ ပင့်သက်ရှိုက်သံကိုလည်း ကြားရ၏။
အိပ်နေရင်း အိပ်ပျော်ချင်ယောင် ဆောင်ပြီး သူသည် ကျနော့် ပေါင်ပေါ်ကို ခြေထောက်လှမ်းတင်သည်။ ကျနော်သည် မသိချင်ယောင်ဆောင်ပြီး အသာငြိမ်နေလိုက်၏။
သူသည် မျက်လုံးကို ခပ်မှေးမှေးလုပ်ပြီး ကျနော့်ကို မသိမသာ ကြည့်ပြန်သည်။ ကျနော် လူးလွန့် လိုက်သောအခါသူသည် မျက်လုံးကို ဖျတ်ကနဲ ပြန်မှိတ်ပြန်သည်။
ဤရက်များအတွင်း၌ သူသည် ခလေးများနှင့် မကစားတော့ပေ။ ညတွင် အပြင်ဘက်မှ ခလေးများ၏ ဆူညံဆော့ကစားကြသံများကိုမူ ကြားနေရဆဲ ဖြစ်ပေသည်။ ညလေပြေ၌ တမာပန်းများ၏ ရနံ့ သည်သင်းမြနေ၏။ ဆိတ်ဖလူးရနံ့ သည် အခန်းထဲသို့ တိုးဝှေ့ လာလေသည်။ အဝေးမှ ကြက်သွန်သံများ ကြားလာရပြန်သည်။
သူသည် အိပ်ချင်ယောင်ဆောင်ပြီး သူ့ လက်တဖက်ကို ကျနော့် လည်ပင်းပေါ်သို့ အသာလှမ်းတင်လိုက်သည်။
ကျနော်သည် ငြိမ်သက်မြဲ ငြိမ်သက်နေလိုက်၏။
သူမျက်လုံးဖွင့်ပြီး ကျနော့် ကိုကြည့်သည်ကို သိလိုက်လေသည်။ သူသည် ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်း ရှူလိုက်ပြန်လေသည်။
သူသည်ပက်လက် ပြန်အိပ်ပြီး ခြေထောက်နှင့် လက်ကိုပြန်ရုပ်သိမ်းသည်။ ခြင်းထောင်အမိုးကို ငေးကြည့် နေ၏။ သူ့ မျက်လုံးထဲ၌ မျက်ရည်များ အလိုလိုပြည့်လာပြန် လေသည်။
အတော်ကြာလျှင် သူ့ ကိုယ်ကို ကျနော့်ဘက်သို့ မသိမသာ တိုးလိုက်၏။ သူသည် ကျနော့် ပခုံးပေါ်သို့ လက်တဖက် တင်ပြန်သည်။ ပခုံးကို မသိမသာဆုပ်ကိုင်သည်။ ထို့ နောက် သိသိသာသာ ဆုပ်ကိုင်သည်။ သူသည် ကျနော့်ကို ကိုင်လှုပ်လိုက်ပြီး သက်ပြင်းချလိုက်ပြန်သည်။
အတော်ကြာ တွေဝေငြိမ်သက် နေပြန်သည်။ သူသည် ကျနော့်ကို စကားပြောချင်နေ၏။ စပြောရမည်ကိုလည်း ရှက်နေပေသည်။ နောက်ဆုံး၌ သူသည်ဆုံးဖြတ်လိုက်ပြီး ကျနော့်ပါးကို သူ့ ပါးဖြင့် တိုးကပ်လိုက်လေသည်။
သူ့ ပါး၌ မျက်ရည်များ ရွဲ့ နစ်နေ၏။ သူသည် ကျနော့်ကို ပါးချင်းပွတ်နေရာမှ အသံထွက်ကာ ငိုစပြုလေသည်။
“ကိုကို ခင်ဝေ့ ကိုခေါ်တော့ကွယ်၊ ကိုကို မခေါ်တော့ဘူးဆိုရင် ခင်ဝေ့ အမေဆီ ပြန်တော့မယ်၊ ဒီမှာ နေရတာ သိပ်စိတ်ညစ်လာဘီ၊ အတူတူနေပီး စကားမပြောကြဘဲနဲ့ ခင်ဝေ မနေတတ်တော့ဘူး”
သူသည် ပြတ်တောင်း ပြတ်တောင်း ရှိုက်နေ၏။ “ကိုကို စကားပြောပါအုံး”ဟုလည်း ထပ်ပြန် တလဲလဲ ပြောနေပြန်သည်။
“ကိုကိုရယ်...ကိုကိုနဲ့ သူနဲ့ ကြိုက်နေကြတာ ဘယ်လောက်ကြာပြီလဲဟင်၊ ခင်ဝေကတော့လေ ကိုကို့ ကို တကယ့်လူရိုးကြီးလို့ ထင်တာ၊ ဒါ့ကြောင့် ကိုကိုထွက်သွားတာ မှုတ်လား၊ ဟိုမှာအိပ်တာ သုံးညရှိဘီလေ၊ ခင်ဝေနဲ့ စကားမပြောတာဆယ်ရက်ရှိနေဘီ”
ကျနော်သည်လည်း အတော်ကြာလျှင် သူ့ ပါးကို ပြန်၍ပွတ်သပ်နေမိလေသည်။ ကျနော် သူ့ ကျောကို သိမ်းပွေ့ လိုက်သောအခါ သူသည် ကြည်နူးသောကြောင့်လား ဝမ်းနည်းသွာ၍လား မသိ အသံထွက်ပြီး ရှိုက်ကာ ရှိုက်ကာ ငိုလိုက်လေသည်။
သူသည်ငိုနေရာမှ ထထိုင်လိုက်ပြီး ကျနော့်ကို မနိုင်မနင်းဆွဲထူပြန်သည်။ ကျနော့် ကျောကိုသူသည်ဘာကြောင့်မှန်း မသိတဘုန်းဘုန်း ထုရိုက်ပြန်သည်။ ကျနော်သည် သူ့ ကို သိမ်းချုပ်ပွေ့ လိုက်ရ၏။ သူသည် ကျနော့်လက်တွင်း ရုန်းကန်နေပြန်သည်။ သူ့ ကို ကျနော်က မဟုတ်ရကြောင်း ရှင်းပြသော်လည်း သူသည်လက်မခံတော့ပေ။
ဤညမှာ စိတ်ညစ်ဖို့ ကောင်းသည့် ညလည်း ဖြစ်နေခဲ့၏။ ကျနော်သည် လရောင်ထဲ၌ သူ့ မျက်နှာကလေးကို ငေးကြည့်နေခဲ့လေသည်.။
နောက်မကြာမှီ ရက်ပိုင်း အတွင်း၌ သူ့ အမေထံမှ နေမကောင်းသဖြင့် “သားရောသမီးပါ လာခဲ့ကြပါ”ဟူသည့် စာရပြီးသူလိုက်သွားရသည်အထိ ဤဈေးထဲတွင်ဖြစ် ပျက်ခဲ့ရသောအဖြစ်အပျက်မှာ ကြေညက်မသွားနိုင်ခဲ့သေးပေ။
သူ့ အမေထံမှ စာလာသည့်နေ့ က ကျနော် မဖတ်ပြခဲ့သဖြင့်သူသည် တလုံးချင်း ကြိုးစားပေါင်းဖတ်ရင်း အိပ်ရာထဲ၌ မျက်ရည် လည်ရွဲဖြင့် အိပ်ပျော်သွားခဲ့သည်။
သူက ကျနော့်ကိုပါ သူနှင့်အတူလိုက်ခဲ့ရန် မရမကနာပူနားဆာပြောသော်လည်း ကျနော်သည် အလုပ် များနေချိန်ဖြစ်သဖြင့် ခွင့်မရသောကြောင့် သူနှင့်အတူမသွားနိုင်တော့ပေ။
သူ့ ကိုကျနော့်သည် ဘူတာရုံအထိသာ လိုက်ပို့ နိုင်ခဲ့လေသည်။
ဘူတာသို့ အသွား မြင်းလှည်းပေါ်တွင် သူသည် စကားများစွာ တွတ်ထိုးပြောသွားခဲ့၏။ သူ့ နံဘေး၌ လွယ်ထားသောလွယ်အိတ်ထဲတွင် သူ့ ပထွေးနှင့် အမေ အတွက် လုံချည် တယောက်တထည်သာ လက်ဆောင်အဖြစ်ဖြင့် ထည့်ပေးလိုက်နိုင်သည်။
သူသည် မြင်းလှည်းပေါ်၌ စကားတွတ်ထိုး ပြောလျက်ရှိသော်လည်း မျက်နှာကလေးညိုနေ၏။ ကျနော် မပါသဖြင့် တယောက်တည်းခရီးထွက်ရမည်ကို သိမ်ငယ်နေခဲ့၏။ သူက ကျနော် တမင်မလိုက်ချင်သောကြောင်သာ မလိုက်ဘဲ နေရစ်ခဲ့သည် ဟုထင်နေခဲ့လေသည်။
“ကိုကိုပါ လိုက်ခဲ့ရင် သိပ်ကောင်းမှာနော်၊ ဒီလူကြီးကကွယ် လိုက်လာရင် ရရဲ့ သားနဲ့  တမင် နေခဲ့တာပါ၊ ဒီလောက် ခရီးဝေးဝေးကြီးကိုခင်ဝေ တယောက်ထဲ မသွားချင်ဘူး၊ ဒို့ နှစ် ယောက်စလုံးသွားရရင် ဘယ်လောက်ပျော်စရာကောင်းမလဲ၊ ဟေမန်က ဆွေမျိုးတွေဆီတို့ အမေ့ဆီကအပြန်ဝင်လယ်ရရင် ကောင်းမှာဘဲ။ ဒီလူကြီးမကောင်းဘူး၊ တမင်နေရစ်ခဲ့တာပါ၊ ခင်ဝေ သိပါတယ်ကိုကိုရယ်၊ ကိုကို့ အကြောင်းခင်ဝေ သိပါတယ်နော်”
သူ့ မျက်လုံးအိမ်တွင်းတွင် မျက်ရည်များပြည့်လာပြန်သည်။ “ကိုယ်အကြောင်းဆိုတာက” ဟု ကျနော်သည်စကား တပိုင်းတစဖြတ်မေးနေမိ၏။
“ဈေးထဲက မအဝှာပေါ့၊ အဲဒီတုန်းက သူ့ မျက်နှာကိုမဲပုပ်သွားတာဘဲ”
“ဒါတော့ မင်းမတရားစော်ကားတာဘဲဝေရဲ့၊ ကို့ ကိုလဲ မင်းအထင်သေးတယ်၊ ဟိုခမျာလဲ ဘယ်လိုဖြစ်ရရှာမလဲ၊ သက်သက်မဲ့ပါဝေရယ်၊ ကိုတော့ အားနာလိုက်တာ”
“ဒါကြောင့်ပြောတာပေါ့၊ အခု ခင်ဝေမရှိတုန်းအားနာနာနဲ့ သွားချော့ သွားတောင်းပန်ဘို့  နေခဲ့တာပေါ့၊ မပြံးနဲ့ ကိုကို၊ ခင်ဝေရယ်စရာပြောနေတာမဟုတ်ဖူး၊ ခင်ဝေ ကိုကို့ ကိုတကယ်စိတ်မချဘူး သိလား၊ အဲဒီနေ့ တုန်းက ကိုကို မအဝှာနဲ့ ရယ်မောပြီး စကားပြောနေတော့ ခင်ဝေ ငိုချင်လိုက်တာ၊ သူ့ ကို ခင်ဝေ တခါထဲ သတ်ပစ်ချင်တာֲ”
“ကျောင်းဆရာမလေးပါဝေရာ ၊ အိနြေ္ဒသိက္ခာနဲ့ ပါ”
“ကျောင်းဆရာမဆိုတာလဲ လူဘဲ၊ သူတို့ ကမှ လူရှေ့ သူရှေ့ မှာ အိနြေ္ဒသိက္ခာ ဆောင်ထားရတာ၊ လူ့ ကွယ်ရာကျတော့ ပိုဆိုးတာ”
ဈေးအကွေ့ တွင် မြင်းလှည်းဆောင့်လိုက်သဖြင့် သူ့ စကားသည်လည်း ပြတ်တောက် သွားခဲ့ရသည်။
ကျနော်သည် သူအထင်မှားသည်ကို စိတ်ညစ်နေသော်လည်း သူ့ ကို ကျေလည်အောင် ရှင်းမပြနိုင်တော့သည်ကို သိကာ စိတ်လည်း မောပန်းနေမိပြန်သည်။ သူသည် တကယ်ပင် မယုံမကြည်ဖြစ်ကာ စိတ်ထိခိုက်နေပြန်သည်။ “သွားတောင် မသွားချင်တော့ဘူးကွယ်” ဟု ထပ်ပြောနေပြန်သည်။
သူသည် မျက်ရည်များ ပြည့်လာနေသဖြင့် မျက်နှာကိုတဖက်သို့ လှည့်လိုက်၏။ သူ့ ကို တယောက်တည်း ခရီးအဝေကြီးလွှတ်ရမည်ကို ကျနော်သည်ပင် စိုးရိမ်စိတ်ဖြစ်လာမိပြန်သည်။ သူ့  အမေ နေမကောင်းသဖြင့် မလွှတ်၍လည်းမဖြစ်၊ ကျနော်သည် သူ့ ကို နောက်ကျောဖက်မှ ကြည့်နေမိ၏။
သူသည် ယခု လပိုင်း ရက်ပိုင်း အတွင်၌ ပြည့်ဖြိုးဖွံ့ ထွားလာကာ တကယ့် အိမ်ထောင် သည် အမျိုးသမီးကြီးနှင့် တူလာလေသည်။ သူ၏ အပြာတန့် ထမီသည် သူ့ တင်သားများကို လုံးထုပ်ပေးထားနေ၏။ သူ၏ဖြူနုနုပါးပြင်ထက်၌ အပြာရောင်ကျောက်နားဆွဲသည် မြင်းလှည်း လှုပ်တိုင်း ယိမ်းယိုင် လှုပ်ရှားနေပြန်သည်။
“ထားပါတော့ကွယ်၊ ကို့ ကို မင်း ထင်သလိုဘဲထားပါတော့၊ မင်းကို ပြောပြလို့ လဲမရတော့ဘူး မှုတ်လား၊ ကဲ အခုမင်းသွားမှာလဲ တယောက်ထဲမှုတ်လား၊ တယောက်ထဲဆိုတော့ အဝေးကြီးမယ် ဘာဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ် ဒီကနေပီး ဘယ်လိုမှမသိနိုင်ဘူး၊ ဘာမှ မဖြစ်ဘူးလို့ ကော ပြောလို့ရမလား”
သူသည် ဖြေးဖြေးပြန်လှည့်ပြီး ကျနော့် မျက်နှာပေါ်တွင် တခုခုရှာသလို နက်ရှိုင်းစွာ စူးစိုက်ကြည့်နေပြန်သည်။
ဤခဏတွင်ကား သူ့ မျက်နှာကလေးမှာ ဖြုတ်ကနဲရင့်ကျက်တည် ငြိမ်နေဟန် ပြောင်းသွားလေသည်။ သူသည် နဖူးပေါ်၌ ဝဲကျနေသည့် ဆံပင်များကို သာသာဖြေးဖြေး သပ်တင်သည်။ သူသည် စိတ်မော ပင်ပန်းဟန်ဖြင့် သက်ပြင်းရှူလိုက်ပြန်သည်။
သူသည် ကျနော့် ဘက်သို့  အနည်းငယ် တိုးရွှေ့ လိုက်၏။ကျနော့် လက်ကို သူသည် သာသာဖွဖွ ဆုပ် ကိုင်လိုက်ပြန်သည်။
ထို့ နောက် နောက်ပြန်လှည့်ပြီး အဝေးဆီသို့ ကျန်ရစ်ခဲ့သည့် ညို့ပျပျ မြို့ သစ်ကလေး မြို့ ကို ပြန်ကြည့်သည်။ သူ့ စိတ်နှလုံးအိမ်ဝယ် စိုးရိမ်သောကစိတ်ကလေးများ ရှက်သန်းနေပြန်သည်။ နံနက်စောစော၌ သူ့ လက်ကလေး များသည် ပူနွေးနေသည်။
သူသည် စကား လေးနက်စေလိုသဖြင့် သူ့ မျက်နှာကို ကျနော့်ရှေ ငိုက်လိုက်လေသည်။
“ကိုကို” ဟု သူက တည်ငြိမ် လေးနက်စွာ၊ တိုးးသက်စွာ ခေါ်သည်။
“ခင်ဝေ တခုခုဖြစ်တယ်ဆိုရင်နော် ဖြစ်တယ်လို့  သဲ့သဲ့ ကလေးကြားရင် နေရာမှာတင် သတ်ပစ်လိုက် ကိုကို၊ ကိုကို အဲဒီလို အထင်မျိုး တကယ်ထင်ထားတာလားဟင်၊ မပြုံးပါနဲ့  ပြောစမ်းပါအုံး၊ ခင်ဝေစိတ်မောလိုက်တာ ကိုကိုရယ်။
“ကိုကို အဲဒီလို တကယ်ထင်တယ်ဆိုရင် ဘာဖြစ်နေနေ ခင်ဝေ မသွားတော့ဘူး သိလား၊ တော်ကြာရင်လေ ကိုကို သ၀န်တိုတာနဲ့ ပြဿနာ ဖြစ်လာမှာ ခင်ဝေ တကယ်ကြောက် တယ်သိလား။ ဟိုတခါ ဖြစ်ပီးကတဲက ခင်ဝေတော့ ကြောက်နေဘီ”
ထိုအခါက ကျနော်သည် အမှတ်မထင် ပေါ့ပေါ့ ရှပ်ရှပ်ဖြင့်ပင် ရယ်မောခဲ့လေသည်။
ဘူတာရုံတွင် ကျနော်တို့ သည် ဘူတာရုံထောင့်ဖက် အစွန်ကျသည့် ဘန်ဒါပင်ရိပ်အောက် ခုံတန်းကလေး တခုပေါ်တွင် ထိုင်ရင်း ရထားအလာကို စောင့်ကြ လေသည်။ ထိုနေရာတွင် လူမရှိဘဲ တိတ်ဆိတ်နေ၏။ ထိုင်ခုံပေါ်သို့  ဘန်ဒါရွက် ကလေးများဝဲ ပျံ့ ကာ ကြွေကျလာကြလေသည်။
ဝေသည် တောင်တန်းပြာကြီး ကာဆီးနေသော သူ့ အမေရှိရာ အရပ်ဖက်သို့  မြှော်ငေးကြည့်ပြန်လေသည်။
သံလမ်း တဖက်၌ လယ်ကွင်းပြင်ကြီးမှ အနိမ့်ပိုင်းဖက်သို့  လျှောဆင်းသွားလေသည်။
ဝေသည် လယ်ကွင်းပြင်ကြီးမှ တဆင့် သူ အလုပ်လုပ်ခဲ့ရာ စပါးစက်ကြီးဆီသို့  စိတ်များပျံ့ နှံ့ သွားနေလိမ့်မည်။
ဝေက...
“ကိုကို ပါလာရင် သိပ်ကောင်းမှာ၊ ဒို့ နှစ်ယောက် ရှောက်လယ်၊ ရှောက်ကန်တော့ရရင် သိပ်ကောင်းမှာ၊ ဒါပေမယ့် ကိုကိုက ခင်ဝေ့ ကိုယူထားတာ လဖက်တရိုး ကွမ်းတယာ တောင်မပါဘဲနဲ့  ယူထားတာဆိုတော့ မိဖဆီ သွားတာတောင်လိုက်တာ မဟုတ်ဖူး”
အဝေးက ရထားဥသြဆွဲသံ သဲ့သဲ့ ကြားရသောအခါ၌ ဝေ့ မျက်လုံးအိပ်၌ မျက်ရည်များ ပြည့်သိပ် လာကြပြန်လေသည်။ ဘူတာရုံဘက်မှ လူအများ၏ လှုပ်ရှားကြသံများနှင့် အတူ ဝေသည်လည်း ၀မ်းနည်စိတ်များ ဆို့ နင်လာနေပြန်သည်။
“ဒါတော့ မပြောကောင်းဘူးဝေ၊ ကဲ အခုဝေ့မှာ ဆွဲကြိုးလက်ကောက်၊ လက်စွပ်၊ ဘီး၊ ရင်ထိုး၊ ဘာလို သေးလို့ လဲ ကိုယ်ဆင်ထားနိုင်တာ အဲဒါကြောင့် ဘဲမှုတ်လား၊ အဲဒါဝေ့ အတွက်ဘဲ”
“မိန်းမဆိုတာတော့ သိမ်ငယ်တာဘဲ ကိုကို၊ ကဲကဲ ကိုကို ထသွားကြရအောင် ကိုကို့  ကို ခင်ဝေ စိတ်ချသွားမယ်နော်၊ အိမ်မှာဘဲ ထမင်းချက်စားရမယ်၊ အိမ်မှာ ထမင်းတနပ် ချက် မစားဘူးဆိုရင်နော်”
ကျနော်တို့ သည် ဘူတာရုံစင်္ကြန်ရှေ့ သို့ လျောက်လာခဲ့ကြလေသည်။
နိုင်ဝင်းဆွေ
September 27, 2009
အာဏာလွှမ်းမိုး ဆင့်ကာကြိုးလျင်
( ၁ )
ကောက်ရိုးခြောက်ခင်းထားသည့်အကျဉ်းခန်းရဲ့ထောင့်မှာ ထိုင်နေခဲ့သည်မှာ ရွှေဗဟိုစည် နှစ်ချက်တီးသာသာရှိရော့မည်။ မိုးချိန်းသံလိုထန်ပြင်းလှတဲ့ ဘ၀ရှင်ရဲ့ အမိန့် တော်ချမှတ်သံက နားထဲမှာ ပဲ့တင်ထပ်နေဆဲ။
ခေါင်းငုံ့ ထားရင်းက ရှင်သံခို ပြုံးမိသည်။ မျက်စေ့များကိုပိတ်ထားလိုက်၏။ သို့ နှင့်တိုင် ဘ၀ရှင်ရဲ့အပမ်းဖြေမဂ်လာမဏ္ဍပ်တော်အတွင်း ဖြစ်ပျက်ခဲ့သည်များကမျက်စေ့ထဲ အထင်အရှားပြန်လည်မြင်နေရပြန်သည်။ ရှင်သံခိုကြေကွဲစွာပြုံးမိသည်။ အော်...သူကတော့ မဟာဧကရာဇ်ပေပဲကိုး..ဟု တွေးမိသည်။
ယမန်နေ့ ကတည်းက ရတုကဗျာအသစ်တပုဒ် တင်ဆက်ရန်ရှိကြောင်း ဘ၀ရှင်ထံ လျှောက်တင်ခဲ့၏။ ဘ၀ရှင်က လက်ခံနားဆင်မည်ဖြစ်ကြောင်း ရွှင်မြူးအားရစွာ မိန့် ကြားခဲ့၏။ သူ့ အနေနှင့်လည်း “ လက်ဆောင်ယူမှူး ↔အဖြစ် အဆင့်ရာထူးတိုးမြှင့်ခန့် ထားခံရပြီးကတည်းက ရတုကဗျာအသစ် မတင်ဆက်နိုင်ခဲ့သေး။ ဘ၀ရှင်က သူ့ ရဲ့ ရတုကဗျာအသစ်ကို မဟာနန္ဒာဥယျာဉ်တော်နှင့်မနီးမဝေးတွင်ရှိသည့် သီရိမဂ်လာမဏ္ဍပ်တော်တွင် နားဆင်တော်မူမည်ဟု မိန့် ကြားခဲ့၏။
သည်ကနေ့ မနက် သီရိမဂ်လာမဏ္ဍပ်တော်အတွင်း သူဝင်လာတော့ မဏ္ဍပ်အတွင်း၌ ထူးထူးခြားခြား လူပရိဿဒ်များနေသလားဟု သူထင်၏။ သူ့ ဘေးတွင်ကပ်ထိုင်နေသည့် “ ပြည်ငထင်ငယ် ” အမတ်က ဒီကနေ တော့ မင်းမှုထမ်းများသာမက ဘ၀ရှင်ရဲ့ကိုယ်လုပ်တော် မေါင်းမမိဿံများ၊ အပျိုတော်များ၊ ပိဋိကဒ်တော်တိုက်မှအမှုတော်ထမ်းများပါ လာရောက်နားထောင်ရမည်ဟု ဘ၀ရှင်မိန့် တော်မူထားကြောင်း သူ့ ကိုရှင်းပြ၏။ သူ့ စိတ်ထဲ၌ ဘ၀ရှင်က ရတုကဗျာအသစ်ကို နားထောင်ထိုက်သည့်လူတွေအားလုံး နားထောင်ခွင့်ရအောင် ဆင့်ခေါ်ထားခြင်းဖြစ်မည်ဟု တွေးမိသည်။ မဏ္ဍပ်တော်အတွင်း ဘ၀ရှင် ကြွချီတော်မူလာပြီး ချက်ချင်းဆိုသလိုပင် “ လက်ဆောင်ယူမှူး စာဆိုတော် ရှင်သန်ခို ↔ရတုကဗျာဆက်သွင်းရန် သံတော်ဆင့်၏ ဆင့်ခေါ်သံကိုကြားကြရ၏။ လူတွေ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ဟု ထင်လိုက်ရ၏။ ရှင်သံခို ရှေ့ တော်သို့ တိုးကာ ပျဝပ်ကြိုးနွံစွာ ခစားသည်။ လက်ထဲက ပေရွက်ကို စပြီးဖတ်သည်...။
“ သာလွတ်ထွတ်တင်၊မင်းသာရွှင်၍် ၊ သဘင်မပြတ်၊ နေ့ တိုင်းပတ်သား၊ ပြဿဒ်ပြောင်ရွှန်း၊ မြို့ ဘုံနန်းနှင့်၊ ရံဝန်းကိုးမည်၊ ရွှေသားလည်သည်၊ ပျော်မည်မှာဝေး တရေးရေးတည့်၊ မွှေးကျော်သတင်း၊ ပြည်ထောင်ချင်းတို့ ၊ ရန်တင်းမ၀ံ့၊ မာန်ကိုညံ့သည်၊ ပေါက်ပျံ့ သာသနာ၊ ကေတုမှာသို့ ၊ အာ ဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျင်၊ ဖြန့် တိုးဝှန့် လှိုက်၊ ဖြုန်းဖြုန်းပြိုက်သည်၊ ရီမိုက်မှိုင်းမျှ ဆွတ်ရှာ သော...”
ကေတုမတီ ရွှေပြည်ဌါနရဲ့ ကြက်ပျံမကျ စည်ကားလှစွာသော နွေမိုးဆောင်း ဘုရားပွဲတော်များ...။ ပြဿဒ်မွန်းချွန် တံခွန်ကုတ်ကား ၀င့်ကြွားတင့်တယ် ပျော်ဘွယ်ကောင်းတဲ့ ဇာတိမြေရဲ့ အလှအပများ...။ လက်ထဲကပေရွက်ပေါ်တွင် စာလုံးများကို သူမမြင်တော့။ သူ့ နားထဲ အိုးစည်ဗုံမောင်းတီးခတ်သံများ ကြားလာရ၏။ ၀တ်ကောင်စားလှများဝတ်ဆင်သွားလာနေကြသည့် ကေတုမတီ ရွှေပြည်ဌာနရဲ့ပြည်သူများကိုမြင်လာရ၏...။ ရှင်သန်ခို ရတုတပိုဒ်ဆုံးသည့်အခါ ပါတ်ဝန်းကျင်ကို အကဲခတ်သည်။ အင်းဝဘုရင်၏ရှေ့ မှောက်တွင် ကေတုမတီပြည်သားတဦးက အင်းဝ၏ စာဆိုအဖြစ် အမှုတော်ထမ်းနေရသည့်တိုင်...အင်းဝ၏ လက်အောက်ခံ မြို့ သိမ်မြို့ မွှားအဆင့်သာရှိတော့သည့် တောင်ငူမြို့ ကို ဘာ့ကြောင့်များ အခုလို တခမ်းတနား စာဆိုခဲ့မိပါလိမ့်...။ ရှင်သန်ခို ဒုတိယရတုပိုဒ်ကိုဆက်ပြီးဖတ်သည်။
“ ရှာဆွတ်လွတ်ကြင်၊ ဘယ်ခါတွင်မျှ၊ ပျော်ရွှင်မချပ်၊ စိတ်မလပ်တည့်၊ ထပ်ထပ်လွှမ်းစိုး၊ ပြေနိုးနိုးလျင်၊ လက်မိုးဆယ်ချောင်း၊ နေ့ တိုင်းတောင်းလည်း၊ ရှင်ကောင်းမွတ်ပြာ၊ မယ့်ရုပ်ဝါနှင့်၊ ပြည်ရွာကိုပစ်၊ အောက်မေ့လစ်သော် ၊ကြင်ချစ်စိတ်မှန်၊ နောင်ဘုန်းသန်လျင်၊ လွမ်းဟန်ထုံမွမ်း၊ ဗျာပါလွှမ်းခဲ့၊ မိုးချမ်းဆောင်းနွေ၊ ရာသီကျွေက၊ ထွေထွေဆင့်လောင်း၊ ဆွတ်မျှပြောင်းသည်၊ တသောင်းလုံး သူ့ နတ်မှာသော... ↔
တိတ်ဆိတ်ငြိမ်သက်နေသည့် မဂ်လာမဏ္ဍာပ်တော်အတွင်း ရှင်သံခို ၏ ရတုရွတ်ဆိုသံမှာ အတိုင်းသားကြားနေရ၏။ သူ့ အဖို့ မူသူ့ ရတုရွတ်သံ
ကို သူကိုယ်တိုင်ပြန်ပြီး မကြားနိုင်အောင်စိတ်လှုပ်ရှားနေ၏။ သူ့ မျက်စေ့ထဲ ကြက်ပျံမကျစည်ကားလျက်ရှိသည့် ဘုရားပွဲတော်လူအုပ်ကြီးမှာ တမဟုတ်အတွင်း လူသတ်ကွင်းကြီးတခုဖြစ်သွား၏။ နားထဲ မိန်းမတယောက်၏ ရင်ကွဲပက်လက်ငိုသံကိုကြားလာရ၏။ ကေတုမတီတပ်မှာ ရေအိုးကို ရိုက်ခွဲလိုက်သလို အကွဲကွဲ
အပြားပြား အလဲလဲအပြိုပြိုဖြစ်ကာ ခြေဦးတည့်ရာ ဥဒဟိုပြေးထွက်ကုန်၏။ ထိုစဉ်မှာပင် အင်းဝ ဘုရင် မဟာဓမ္မရာဇာဓိပတိ ၏ ရယ်မေါသံကိုကြားရ၏။ အောင်ပွဲခံ အင်းဝတပ်၏ တိုက်စည်တိုက်မေါင်းသံများကို နားကွဲလုမတတ်ကြားလိုက်ရ၏။
လွန်ခဲ့သော ရက်ပေါင်း သုံးရာကျော်က ကေတုမတီသား လူသူဆင်မြင်း အလုံးအရင်းကို ဘ၀ရှင်သည် သိမ်းသွင်းခေါ်ဆောင်ကာ အင်းဝသို့ ပြန်ခဲ့၏။ အောင်ပွဲခံ အင်းဝသားတို့ ၏ အလယ်တွင် စစ်ရှုံးသူ ကေတုမတီသားဟူသမျှ မည်သူမဆို ကျေးကျွန်ဘ၀ဖြင့် နေချင်ကြလိမ့်မည်မဟုတ်။
ရှင်သန်ခိုသည် အင်းဝ၏ စစ်သည်တော်များကြားမှ ခြေဒရွတ်ဆွဲလုမတတ် ခြေလှမ်းများဖြင့် ပင်ပမ်းကြီးစွာ လိုက်ပါလာခဲ့ရသည့်အဖြစ်ကို မေ့လို့ မရနိုင်ပါ။ ထိုအချိန် အဖိုးဖြစ်သူ လှော်ကား ၃၀၀၀ မှူး ကို သူတွေးမိသည်။ အဖိုး၏အဖြစ်က သူ့ အဖြစ်နှင့်တထပ်တည်းကျနေ၏။ တချိန်တုန်းက..အင်းဝ၏စာဆိုတဦးဖြစ်သူ သူ့ အဖိုးသည် စစ်ရှုံးအင်းဝသားတဦးအနေနှင့် ကေတုမတီသို့ လိုက်ပါလာခဲ့ရ၏။ သူ၏ ဦးရီးတော် မင်းဇေယျယနမိတ် သည်လည်း အင်းဝမှသည် ကေတုမတီတောင်ငူသို့ စစ်ရှုံးသူအဖြစ်လိုက်ပါခဲ့ရ၏။ သူ၏အဖိုးနှင့် ဦးရီးတော်တို့ သည် မည်မျှ ကြေကွဲဝမ်းနည်းခဲ့ကြရပါလိမ့်။ အခုတော့ သူက ကေတုမတီ၏စစ်ရှုံးအကျဉ်းသားတဦးအဖြစ် အင်းဝသို့ လိုက်ပါလာခဲ့ရပြန်ပြီ...။ သူ့ အဖိုးသည် သူ့ လိုပင် စစ်ပွဲအတွင်းပျောက်ဆုံးသွားရသည့် လင်နှင့်သားအတွက် ရင်ပတ်စည်တီးဖြစ်ရသည့် သားပျောက်မိခင်များ၊ မုဆိုးမဒုက္ခသည်များကို မလွဲမသွေမြင်တွေ့ ခဲ့ရပေလိမ့်မည်။ ထိုအခါ စစ်သည်တဦးဖြစ်သည့်တိုင် စာဆိုတဦးလည်းဖြစ်သည့်သူ့ အဖိုးအနေနှင့် လူတွေရဲ့ဒုက္ခကိုသည်အတိုင်း ထိုင်ပြီးကြည့်နေနိုင်ရက်ပါ့မလား...။
မှန်သည်...၊ ရေမြေ့သခင်တို့ ၏ရှေ့ မှောက်၌် သည်အဖြစ်ကို စာဖွဲ့ ပြီးမှတ်တမ်းတင်ဖို့ ဆိုသည်မှာ ကိုယ့်လည်ပင်းပေါ် ကိုယ်ကိုယ်တိုင် ဓါးတင်ပြီးလှီးသလိုဖြစ်လိမ့်မည်ဆိုသည်ကို သူကောင်းကောင်းသိသည်။ သို့ သော်...ရှင်သန်ခို သူ့ နှလုံးသားကိုမထိမ်းနိုင်ပါ။ စစ်၏အနိဌါရုံများကို တကွက်တပြမျှသာဖြစ်ဖြစ် စာဖွဲ့ ဖြစ်အောင်ဖွဲ့ တော့မည်။ သို့ နှင့် ရှင်သန်ခိုသည် ထိုးဇာတ်တခုကိုဖန်တီးရတော့၏။ သူ့ ရတုထဲ
စစ်ရှုံးလို့ အင်းဝသို့ လိုက်ပါရသည့် မိန်းမငယ်တယောက်၏ ခံစားချက်ကိုဖွဲ့ ရန် သူစိတ်ကူးသည်။ အင်းဝရွှေပြည်၏ အလှအပများ စေတီပုထိုးများ ပွဲတော်များ ဘယ်လောက်ပင် ကြီးကျယ်ခန်းနားနေသည်ဖြစ်ပစေ ကေတုမတီတွင် ခွဲခွါကျန်ရစ်သည့်ချစ်သူကိုသာ တအောင့်မေ့မေ့ဖြစ်ရသည့် မိန်းမငယ်တဦးကို
ထိုးဇာတ်လုပ်ရန် ရှင်သန်ခို ဆုံးဖြတ်ခဲ့၏။ ဘ၀ရှင်၏အာရုံကိုလွဲအောင်ကြိုးစားကြည့်ခဲ့၏။ ရတု
၏ နောက်ဆုံးအပိုဒ်...ကို ရှင်သန်ခိုဆက်ပြီးဖတ်သည်။ သူ့ နားထဲ ၌ ကူပါကယ်ပါ တစာစာငိုကျွေးနေသည့် မိန်းမတယောက်၏ ငိုသံများကိုသာကြားနေခဲ့ရ၏။
“ ပြာလတ်မွတ်စင်၊ နောင်သာကြင်၍၊ ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်၊ တင့်နေကျစ်လျစ်၊ စံပယ်သစ်က၊ ကျွမ်းချစ်ရအောင်၊ ကြိုးသည့်နောင်မူ၊ ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ၊ မေတာအသက်၊ ပုံလျက်ဝေမှိုငိး၊ အဆိုင်းဆိုင်းတည့်၊ နေ့တိုင်းတန့်ဆည်၊ မခံ့သည်ကို၊ ရွှေပြည်မှာနတ်၊ သိပါတတ်လိမ့်၊ ပျောင်းညွတ်ယိမ်းယိမ်၊ အုံးရှာကြိမ်းသည်၊ တောင်တိမ်းကဲ့သို့  ညွတ်ကာသော..↔
ရတုရွတ်သံဆုံးသွာခဲ့ပြီ။ မဂ်လာမဏ္ဍပ်တခုလုံး ချောက်ချားဖွယ်တိတ်ဆိတ်လျက်ရှိ၏။ မဟာနန္ဒာ ဥယျာဉ်တော်ဖက်ဆီက ကျေးငှက်မြည်သံများသည်ပင် ထူးထူးခြားခြားတိတ်ဆိတ်လျက်။ တခဏမျှအကြာတွင် ဘ၀ရှင်၏ ဒေါသနှောသည့်အသံက မဏ္ဍပ်တခုလုံးကို လွှမ်းသွား၏။
“ ဟဲ့ ရှင်သံခို နင့်ရတုထဲမှာ နင့်အသက်ကိုနှုတ်ယူသွားနိုင်တဲ့ စားသားတွေပါနေတာ နင့်ကိုနင် သိမှသိရဲ့လား ”
ရှင်သံခိုဆီမှ မည်သည့်အသံမျှပြန်ပြီးမကြားရ။ ပလ္လင်ထက်ဆီက ဘ၀ရှင်၏ ခန္ဒာကိုယ်လှုပ်ရှားသည့်အသံကိုကြားရသည်။
“ ဘာတဲ့လဲ..ပြေရွာကိုပစ်...အောက်မေ့လစ်သော်...ကြင်ချစ်စိတ်မှန်...နောင်ဘုန်းသန်လျင်..တဲ့လားကွ၊ ပြီးတော့ တင့်နေကျစ်လျစ်...စံပယ်သစ်က...ကျွမ်းချစ်ရအောင်...ကြိုးသည့်နောင်မူ...တဲ့လားကွ↔
သည့်နောက်ပိုင်းတော့ ဘ၀ရှင်သည် သူ့ အပေါ် သေဒါဏ်ပေးခဲ့၏။ သူသည် အင်းဝဘုရင်ရှေ့ မှောက်ရောက်နေသည့်တိုင်၊ အင်းဝဘုရင်၏ အမှုတော်ထမ်း စာဆိုဖြစ်သည့်တိုင် ဘ၀ရှင်၏ ကိုယ်လုပ်တော်နှင့် တောင်ငူ ဘုရင်ငယ် နတ်ရှင်နောင်တို့ ၏ မပြတ်နိုင်သည့်နှောင်ကြိုးကို ရတုရေးဖွဲ့ ရကောင်းလားဟုဆိုကာ ဘ၀ရှင်သည် သူ့ အပေါ် အပြင်းအထန်ရာဇမာန်တင်းတော့၏။
ရှင်သန်ခို ငြင်းပါသေးသည်။ သူရေးဖွဲ့ သည့် ရတုကဗျာအပေါ် ဘ၀ရှင်၏အကောက်အယူ လွဲခြင်းသာဖြစ်သည်ဟု ပြန်လည်လျောက်တင်၏။သို့ သော် မည်သည့်အဓိပါယ်နှင့်ရေးဖွဲ့ ခဲ့ခြင်းဖြစ်သည်ကိုမူ တလုံးတပါဒမျှ မဖွင့်ဟပဲ ဘ၀ရှင်ပြောသမျှ လည်စင်းလျက် သာ ငြိမ်ခံနေခဲ့၏။ ဤကဲ့သို့ အဓိပါယ်ဖွင့်ဆိုရမည့်အလုပ်မှာ စာဆိုတို့ ၏အလုပ်မဟုတ်ဟုဆိုကာ ဘ၀ရှင်၏ သေဒါဏ်အမိန့် ကို မတုန်မလှုပ်ခံယူခဲ့၏။
မွန်းလွဲ ရွှေဗဟိုစည် သုံးချက်တီးသံကြားရသည်။ မကြာမှီ တောင်စွယ်တွင် နေကွယ်တော့မည်။ အချိန်အနည်းငယ်အတွင်း အကျဉ်းဌါန အစေါင့်တပ်သားများနှင့် သူသတ်သမားများရောက်လာကာ သူ့ အား လူသတ်ကုန်းသို့ ခေါ်ကြပေတော့မည်။
ရှင်သန်ခို သည် အကျဉ်းခန်းထောင့်တွင် ထိုင်နေရာက ထရပ်လိုက်၏။အချိန်ကြာမြင့်စွာ ပျံ့ လွင့်နေခဲ့သည့် သူ့ စိတ်မှာ ယခုအခါ သူ့ ခနာကိုယ်ဆီပြန်ရောက်လာခဲ့ပြီ။ သူ သည်စာဆိုတဦးမျှသာဖြစ်သည်။ စာဆိုတဦးအနေနှင့်စာဆိုတို့ လုပ်ရကိုင်ရမည့်အလုပ်ကို သူလုပ်ခဲ့ပြီးပြီ။ ယခုအခါ သူ့ အနေနှင့် သေမင်းကိုရင်ဆိုင်ရုံမှအပ ဘာမျှမရှိ။
အချုပ်ခန်းတံခါးဖွင့်သံကြားရသည်။ သူက အခန်းပေါက်ဝကို တည်ငြိမ်စွာကြည့်ရင်းက မတ်မတ်ရပ်သည်။ အချုပ်ခန်းထဲသို့ လူတယောက်ခေါင်းငုံ့ ပြီးဝင်လာ၏။ အစေါင့်စစ်သားမဟုတ်။ သုဘရာဇာလည်းမဟုတ်။ တာဝန်ကျ သူသတ်သမားများလည်းမဟုတ်။ ရှင်သန်ခို မဝေခွဲတတ်အောင်ဖြစ်နေစဉ် အချုပ်ခန်းအတွင်း ခေါင်းငုံ့ ပြီးဝင်လာသူက ငုံ့ ထားသည့်ခေါင်းကိုမေါ့လိုက်၏။
“ ငထင်ငယ် ↔
ရှင်သန်ခို နေရာတွင်ပင် ခြေစုံရပ်ရင်းက အံ့သြသွားရ၏။
( ၂ )
“ ဘာ ဘ၀ရှင်က ငါ့ကို သေဒါဏ်ကလွှတ်လိုက်ပြီ ↔
“ ဟုတ်တယ် ရှင်သံခို ၊ ငါ နင့်ကို သေဒါဏ်ကလွှတ်ဖို့ ဘ၀ရှင်ဆီမှာလျှောက်တင်ခဲ့တာပဲ၊ နင်လည်းသိတာပဲ၊ ဘ၀ရှင်က သာမာန်လူမှမဟုတ်တာ၊ သူက ပညာရှိတွေ သူရဲကောင်းတွေကို မွေးတဲ့သူ၊ နားလည်တဲ့သူ၊ပြီးတော့ ခံစားတတ်တဲ့သူ၊ ဒီလို ဘ၀ရှင်ဆီ ငါဘာပြုလို့ မလျှောက်တင်ရဲရမှာလဲ၊ ဒါကြောင့်မို့ နင့်အတွက်ငါ အတွင်းတော်ထဲဝင်ပြီးလျှောက်တင်ခဲ့တာပဲ ↔
ရှင်သံခို အိပ်မက်မက်သလို ဖြစ်နေသည်။ ပြည်ငထင်ငယ် က သူ့ ရှေ့ တွင် စကားကို တလုံးချင်းရှင်းပြနေသည့်တိုင် သူ့ မှာ ဇဝေဇ၀ါဖြစ်နေ၏။
“ တကယ်တော့ နင်အံ့သြသလို ငါလည်း ဘ၀ရှင်ရဲ့ ပြင်ဆင်တဲ့အမိန့် တော်ကိုကြားတုန်းက အိပ်မက်မက်နေသလိုပဲကွ ”
“ အေးလေ အခုလိုကြားရတော့ ငါလူ့ ပြေမှာ ကြာကြာထပ်ပြီး နေရအုန်းတော့မှာပေါ့၊ ဒါပေမယ့် နင် ဘယ်လိုစကားမျိုးပြောပြီး ဘ၀ရှင်ဆီမှာ လျှောက်တင်ခဲ့တာများလဲ ↔
“ နင်က ကေတုမတီတင်မက တခြားတိုင်းနိုင်ငံတွေထိအောင် ကျော်ကြားတဲ့ စာဆိုအမတ်၊ ပြီးတော့ နင့်ရတုထဲက နောင် ဆိုတဲ့စကားလုံးက နတ်ရှင်နောင်ကိုဆိုလိုတာမဟုတ်ပဲ ကိုယ့်ထက်အသက်ကြီးသူကိုဆိုလိုတာဖြစ်ကြောင်း၊ ဒီအထဲက ကေရှင်မြခက် ဖြာစရွက်ဆိုပြီးရေးတဲ့ မိန်းကလေးဆိုတာကလည်း တောင်ငူကဘ၀ရှင်သိမ်းပိုက်လာတဲ့ ကိုယ်လုပ်တော်ကိုရည်ညွှန်းတာ မဟုတ်တဲ့အကြောင်း ရတုကဗျာဆိုတာ တကြောင်းထဲကိုအသေယူလို့ မရတဲ့အကြောင်း အကြိမ်ကြိမ်လျှောက်တင်ရတာပေါ့ ”
ရှင်သန်ခို က ပြည်ငထင်ငယ်၏ မျက်နှာကို စေ့စေ့ကြည့်၍့ ပြုံး၏။
“ ဘ၀ရှင်ကို နင်တကယ်ပဲ ဒီလောက်ပဲ လျှောက်တင်ခဲ့တယ်ဆိုတာ ငါမယုံဘူး ငထင်ငယ် ၊ နင်ဟာ ငါလို စာမဆိုပေမယ့် စာဆိုတယောက်ထက်ပိုပြီးခံစားတတ်တာ ငါသိနေတာပဲ၊ ပြီးတော့ နင်နဲ့ ငါနဲ့ က အင်းဝသားမဟုတ်ကြဘူးလေ၊ နင်က ပြည်ကပါလာတဲ့ကျွန်၊ ငါက တောင်ငူ..၊ ဘ၀တူတွေဖြစ်ကြတဲ့အပြင် နင်က အချိန်တိုင်းလိုလို ငါနဲ့ အတူတူရှိနေတဲ့သူ၊ ရတုကဗျာတွေရဲ့အနက်ကို ငါ့ထက်တောင်မှ ပိုပြီးခံစားနားလည်သူလို့  ငါသိထားတာပဲ၊ ဘ၀ရှင်ကို နင်ဒီလောက်ပဲ လျှောက်တင်ခဲ့တယ်ဆိုတာ ငါမယုံဘူး ငထင်ငယ် ↔
ရှင်သန်ခို နှင့် ပြည်ငထင်ငယ် တို့ အချုပ်ခန်းဆောင် သစ်တပ်ဝန်းအပြင် ဘက်ကိုရောက်တော့ နေလုံးကြီးမှာ ဧရာဝတီမြစ် အနောက်ဖက် တောင်စွယ်အောက်သို့ ရောက်သွားခဲ့ပြီ။
ရှင်သန်ခို လမ်းလျှောက်လာရင်းက ပြည်ငထင်ငယ် ပြောလိုက်သည့် စကားများကိုတွေးကာ ကြေနပ်စွာပြုံးမိလေသည်။ ။
ကိုးကား။ ။ ( ၁ ) အမြင့်သို့ အာရုံညွန့် တက်ခြင်း ( တက္ကသိုလ် ဘုန်းနိုင် )
( ၂ ) မြန်မာစာပေသမိုင်း ( ဦးဖေမောင်တင် )
( ၃ ) မြန်မာစာညွန့် ပေါင်းကျမ်း(ဒု)
( ၄ ) မဟာရာဇ ၀င်ကြီး ( ဦးကုလား )
( ၆ ) စာဆိုတော်များအထုပတ္တိ (မောင်သုတ/ ဗိုလ်မှူးဘသောင်း)
(သရုပ်ဖေါ်ပုံက images,objects, and ideas စာအုပ်မှ ယူသုံးထားတာပါခင်ဗျား)
ငြိမ်းဝေ
၂၆ ၊ ၉ ၊ ၂၀၀၉
September 26, 2009
နွေတည
( ၆ )
မြို့ သစ်ကလေးသို့ ရောက်လားပြီး ကာလ အတန်ကြာမျှ အကြင်လင်မယားအဖြစ် နေထိုင်ခဲ့ကြသော ရက်အပေါင်း၌ မမေ့နိုင်စရာဖြစ်သည့် ဝေ၏ ရုပ်ပုံ ကားချပ်ငယ်ကလေးပေါင်း များစွာရှိပေသည်။ ကာလ အတန်ကြာလာသော အခါ၌ ထိုပုံတူလွှာ ကားချပ်ငယ်ကလေးများ သည် အချို့ ဆေးရောင် မှိန်စပြုလာသည်လည်း ရှိရပေမည်။ အချို့ မပီမသတော့သည်လည်း ရှိရပေမည်။ အချို့ တပိုင်းတစ ပျက်ပြယ်နေမည်လည်း ရှိရပေမည်။
ထို ဝေ့ ရုပ်ပုံ ကားချပ်ငယ်ကလေး အပေါင်း၌ မြို့ သစ်ကလေးသို့ ကျနော်တို့ ဆိုက်ရောက်သွားသည့် တညနေသည် တပိုင်းတစ ပျက်ပြယ်နေပြီဖြစ်သော ဝေ့ ပုံတူကားချပ် တချပ်ဖြစ်ပေလိမ့်မည်။ ထိုကားချပ်ငယ်ပေါ်၌ကား ဝေသည် ပြုံးရယ်မနေပေ။ ဝေ့ မျက်လုံးကလေးများသည် ညို့ ရိပ် ဆွေးရောင်သန်းနေခဲ့သည်။ ဝေ့မျက်တောင်ကော့ကြီးများသည် စင်းငေးကျနေခဲ့၏။
ဝေသည် ဘယ်ဆီဝယ်မဟုတ်ဘဲ ငေးနေခဲ့သည်။ မြင်းလှည်း ဖြတ်သန်းလာစဉ်၌ နံဘေးတွင် တရိပ်ရိပ် ကျန်ရစ်ခဲ့သော အညာရှုခင်း တောင်ကုန်းကလေးများကိုလည်း မဟုတ်၊ လမ်းနံဘေးရှိ ဆူးရစ်ချုံကလေးများကိုလည်း မဟုတ်၊ တောင်ကုန်းကလေးများနံဘေး အနိမ့်ချိုင့်ဝှမ်းပိုင်းရှိ စိမ်းစိုနေသော ယာခင်း ကွက်များကိုလည်း မဟုတ်၊ နောက်၌ တောင်ကုန်းကွေ့ ဝယ် ကျန်ရစ်ခဲ့သော ညို့မှိုင်းနေသည့် မြို့ သစ်ကလေး ဘူတာရုံကိုလည်းမဟုတ်၊ ထိုနောက်ဖက်၌ အဝေးဆီဝယ် ညို့ ညို့ ဆိုင်းဆိုင်း ကျန်ရစ်ခဲ့သည့် တောင်တန်းကြီးများနှင့် တောတောင်များကိုလည်းမဟုတ်။
ကျနော်တို့ မြို့ သစ်ကလေး ဘူတာရုံမှ ထွက်အလာ၌ မြို့ သို့ အသွား လမ်းပေါ်ဝယ် မိုးမှုန်များသည်လည်း မှိုင်းအုံ့ စွာကျနေ၏။ တောင်ကုန်းကလေးများပေါ်ဝယ် မြူများ ရစ်သိုင်းနေ၏။ အမြင်များမှာ ညို့ မှိုင်းအုံ့ ပျနေပြန်သည်။ ရှေ့ လခြမ်းကွေ့ အလွန်၌ ကျနော်တို့ ၏ ခရီးဆုံး မြို့ သစ်ကလေးမြို့ သည် အနိမ့်ပိုင်းမှ ပေါ်လွင်လာလေသည်။
ဝေသည် မြင်းလှည်းကို ကျောမှီထား၏။ လက်ကိုင်ပုဝါထောင့်စွန်းတဖက်ကို ကိုက်နေသည်။ လက်တဖက်ဖြင့် မြင်းလှည်းပေါ်တွင် ထောက်ထားသည်။ ဝေ၏ အပြာလဲ့နီလာအသွေးအင်္ကျီသည် အသားနှင့် ကပ်နေ၏။ ကျနော် သူ့ ပခုံးပေါ်သို့ လက်တဖက်တင်ကာ ဆုပ်ကိုင်ထားသည်အထိ သူသည် စိတ်ထိခိုက်ကြေကွဲစွာ ငေးနေလျက်ပင်။
̎ ဘာတွေ စဉ်းစားနေတာလဲ...ဟု ̎ ကျနော်သည် သူ ကြားသာရုံ မေးနေခဲ့သော်လည်း သူ့ စိတ်၌ ခံစားနေရသည်တို့ ကိုမူသိနေသည်။
သူသည် တောတောင်အထပ်ထပ်ကို ဖြတ်သန်းလာခဲ့ရသဖြင့် သူ့ အမေကို မည်မျှ လွမ်းနေမိရှာမည်ကို သိပါသည်။ကျနော်သည် ကရုဏာစိတ်ဖြင့် ရင်ထဲဝယ် နွေးနေကာ သူ့ ကို ခလေး ကလေးချော့သလို ပခုံးကို ပွတ်သပ်ပေးနေမိပြန်သည်။
သူကလည်း ကျနော့်ကို မော့၍ပင် မကြည့်၊ မျက်လုံးအိမ်၌ကား မျက်ရည်များ ပြည့်သိပ်လာနေလေသည်။ သူသည် ငြိမ်တွေနေရင်း စိတ်ထိခိုက်နေခဲ့လေသည်။
ကျနော်သည်လည်း မြို့ သစ်ကလေးသို့ ရောက်ပြီး လော လောဆယ်ဆယ် ဘယ်ပုံ နေထိုင်ရမည်ကိုလည်း မတွေးအားသေး။ လောလောဆယ်ဆယ်၌ တောအုပ်ကြီးအိမ်သို့ အရောက်သွား၊ပြီးမှ နေစရာရှာ၊ ပြီးမှ အလုပ်အတွက် ဆက်ဆံရေး အပိုင်းများကို စဉ်းစား။
လောလောဆယ်တွင်ကား ဝေ ဤသို့ စိတ်ထိခိုက်နေသည်ကို မမြင်လိုပေ။ ကျနော်သည် ဝေ ရယ်စေရန် တခုခု ပြောရန်သာ တွေးနေမိလေသည်။
သို့ သော်လည်း ကျနော့်ခေါင်းထဲ၌ ပြက်လုံး တခုမျှ ၀င်မလာနိုင်ပေ။ ကျနော်သည် သူ့ မျက်နှာလေးကိုသာ ငေးကြည့်နေမိ၏။ သူ့ ဆံပင်ကလေးများကို သပ်တင် ပေးနေခဲ့မိလေသည်.။
“ ရည်းစားလွမ်းလို့ လားဟင်... ပြောစမ်းပါဝေရယ်၊ မျက်ရည်ဝဲလာရတာက ဟိုက ကျန်ခဲ့တဲ့ ရည်းစားကို လွမ်နေလို့ လား၊ ဒါဖြင့် ကို ပြန်ပို့ ပေးမယ်လေ၊ ဝေ့ လူကလဲ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံမှာဘဲမို့ လား ”
ကျနော် ရယ်သံနှင့်ပြောသည်အထိ ဝေသည် လှည့်မကြည့်။ ကျနော်သည် ဝေ့ ပါးကို မနာမကျင် လိမ်ဆွဲလိုက်ပြီး မရှုစိမ့်နိုင် ဖြစ်လာခဲ့မိပြန်သည်။
“ ကိုကိုတို့ု ပျော်နေကြရမယ့်အချိန်မှုတ်လား... ဝေ ” တီးတိုးပြောနေမိပြန်သည်။
ဝေ့ မျက်လုံးအိမ်မှ မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာကာ ကျနော့်လက်ပေါ်သို့ 
ကြွေကျလာလေသည်။ ကျနော်သည် ဝေ့ မျက်ရည်ပေါက်ကြီးများကို မသုတ်ပစ်ဘဲ သည်အတိုင်းကြည့်နေခဲ့၏။ မျက်ရည်ပေါက်ကြီးများကို စိတ်ဖြင့် ရေတွက်ကြည့်နေခဲ့၏။
မြင်းလှည်းသည် လခြမ်းကွေ့ လမ်းကို ကျော်ကာ တမာပင်များ အုံးဆိုင်းနေသည့် မြို့ သစ်ကလေးသို့ ချိုးဝင် လိုက်လေသည်။ ရှေ့ မှမောင်းနှင်သွားသည့် မြင်းလှည်းမှ ရယ်မောသံများသည် မြို့ အ၀င်လမ်းမ၌ ပျံ့ ဝဲ့နေရစ်ခဲ့၏။
လမ်းများအတန်ငယ် ဖြတ်ကျော်ချိုးကွေ့ ပြီးမှ ခြံကြီးတခုရှေ့ တွင် ရပ်တန့် လိုက်ပြီး “ တောအုပ်ကြီးအိမ် ရောက်ပါဘီ ဆရာလေး ” ဟု မြင်းလှည်းသမား အဖိုးကြီးက ပြောလေသည်။
ကျနော်တို့ အိမ်ထောင်ပစ္စည်း အချို့ တ၀က်ကို တင်ဆောင်လာခဲ့သော မြင်းလှည်းသည် နောက်ဖက်မိုးမှုန်များကျနေသော လမ်းမအတိုင်း ခပ်နှေးနှေး မောင်းလာသည်။
ကျနော်နှင့် ဝေသည် မြို့ သစ်ကလေး မြေပေါ်သို့ ခြေချလိုက်ကြ၏။ မိုးမှုန်များကျနေဆဲတွင် ခြံဝတွင် ရပ်လိုက်ကြပြီး “ ဒို့ များဒီမှာ ဘယ်လောက်ကြာကြာ နေရအုံးမှာလဲမသိဘူးနော် ဝေ ” ကျနော်သည် စကားဆက်ရှာပြီး ပြောခဲ့၏။
ဝေသည် ခြံဝ၌ ကျောက်ရုပ်ကလေးလို ရပ်နေ၏။ ပျိုမျစ်နုနယ်သောကျောက်ရုပ်ကလေးဖြစ်၏။ ဝေ့ မျက်လုံးများကား ငေးရီနေဆဲပင်။ ဝေ့ မျက်နှာပေါ်၌ သနပ်ခါး မှုန်ကလေးများလည်း ပြယ်နေကြလေပြီ။
ခြံဝတွင် ပစ္စည်းများချခဲ့ပြီး မြင်းလှည်း နှစ်စီးသည် တမာပင်များအုပ်ဆိုင်းနေသော လမ်းအတိုင်း ပြန်လှည့် ထွက်သွား၏။ ခြံဝင်းကြီးထဲမှ တောအုပ်ကြီးနှင့် တောအုပ် နှစ်ယောက်ထွက်လာကြလေသည်။
ကျနော်သည် တောအုပ်ကြီးကို လှမ်းပြုံး နှုတ်ဆက်နေ၏။ စိတ်၌်မူ ယခုကျနော်နှင့် အလုပ်အတူလုပ်ရမည့် တောအုပ်ကြီးမှာ စိတ်ကောင်းနှလုံးကောင်း ရှိသူဟုတ်မဟုတ် ရှာဖွေလေ့ လာနေမိ၏။ တောအုပ်ကြီးမှာလည်း သဘောသကာယ ကောင်းမွန်ပုံဖြင့် အဝေးမှပင် လှမ်းပြုံးလာလေသည်။
ထိုအချိန်ကလေး၌ ဝေသည် လူစိမ်းများနှင့် ဆက်ဆံရမည်ကို ခလေးတယောက်ကြောက်ရွံ့ ပုံမျိုးဖြင့် ကြောက်ရွံ့ လာသလိုကျနော့် နံဘေးသို့ တိုးကပ်လေသည်။ သူသည် ခြံဝသို့ ထွက်လာကြသူများကို မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေပြန်သည်။
“ တရက် နှစ်ရက်တော့ ဒီအိမ်မှာဘဲတဲရမှာပေါ့ ” ဟု ကျနော်သည် ဝေ့ ကိုပြောနေ၏။
ဝေသည် ကျနော့် ကိုလှည့်မကြည့်ဘဲ “ ဝေ တော့ အမေ့ဆီပြန်ပြေးချင်ဘီကိုကိုရယ် ” ဟု ပြောနေသည်။
“ ဘာပြုလို့ များလဲ ”
“ ဘာပြုလို့ လဲ၊ ဝေလေ သူနဲ့ နေရမှာကို တွေးပြီးကြောက်နေတယ်၊ သူရိုက်မှာကိုကြောက်နေတယ်။ အမေတို့ နဲ့ လဲ ဝေးလာခဲဘီမှုတ်လားကိုကိုရယ် ”
ကျနော်သည် မရယ်နိုင်ဘဲ သူ့ ကိုငေးကြည့်နေမိ၏။ တောအုပ်ကြီးနှင့် အလုပ်ကိစ္စ စကားများ ပြောနေစဉ် တွင်လည်းကျနော့် စိတ်များမှာ အလုပ်ကိစ္စများကို စိတ်မ၀င်စားနိုင် ဖြစ်နေခဲ့လေသည်။ သူ့ စိတ်ထဲ၌ တကယ် ဖြစ်ပေါ်နေသော ထိုသောကစိတ်မှာ ကျနော့်ကိုနာကျင်လာအောင် ရိုက်ခတ်လေသည်.။ သူသည် ခလေးကလေးဖြစ်၏။ သူသည် ခလေးစိတ်တပိုင်းနှင့် မိန်းမရိုင်းကလေးပေတကား။ သူသည် ကျနော့်ကိုမယုံကြည်နိုင်သော စိတ်တ၀က်။ ယုံကြည်စိတ် တည်းတည်းကလေးမျှဖြင့်ပင် ဤမျှဝေးလံလှသော ခရီးရှည်ကြီးသို့ သွားရာ နောက်မှ တကောက်ကောက်လိုက်ပါ လာခဲ့ပေသည်.။
ဝေနှင့်ပတ်သက်သော ရုပ်ပုံကားချပ် ငယ်ပေါင်း မြောက်မြားစွာအနက်ဝယ် မပီမသတော့သော ကားချပ်ငယ် ကလေးပေါင်း မြောက်မြားစွာ ရှိသည့်အတွင်း၌ ဝေနှင့်ကျနော် အတူနေခဲ့သည့် မြို့ သစ်ကလေး မြို့ အစွန်ပိုင်းမှအိမ်ကလေးသည် လည်းပါဝင်ပြန်သည်။
မြို့ သစ်ကလေးသို့ ရောက်ပြီး ရက်အတန်ကြာ၌ ဝေသည် မပျော်ပိုက်နိုင်၊ သောကဝေနေခဲ့လေသည်.။ အပေါင်းအသင်း မရှိသေးသဖြင့် စိတ်အားလည်းငယ်နေခဲ့၏။ ကျနော် အလုပ်သွားချိန်များ၌ ဝေသည် အိမ်ကလေးထဲ၌ ညှိုးမှိန်စွာ နေရစ်ခဲ့၏.။ ညနေခင်းတိုင်း ကျနော်အလုပ်မှ ပြန်လာချိန်များတွင် အစဉ်အမြဲ ခြံဝ မှ ထွက်စောင့် ကြိုနေတတ်၏။ ကျနော် ပြန်လာလျှင်ဝေသည် ဖခင်ကို ကြိုသည့်သမီးကလေးကဲ့သို့ု ကျနော့်ကို ပြေးပွေ့ ကြို တတ်လေသည်။
အိမ်၌ တယောက်တည်း နေစဉ်ဝယ် ဝေသည် သီချင်းတပုဒ်ပုဒ်ကို တီးတိုးညည်းရင်း အလုပ်တခုခုကို လုပ်နေတတ်လေသည်။ တခါတရံ၌ သူသည်ဆန်ဆေးရင်း ပေါက်တတ်ကရများကို သီချင်းလုပ် ဆိုညည်းကာ မျက်ရည်များ တတွေတွေ ကျနေတတ်ပြန်သည်။ သူ့ သီချင်းများ၌ သူ့ အမေကို လွမ်းတနေတတ်လေသည်။ သူသည်ပေါက်တတ်ကရ စပ်ဆိုရင်းသူ့ အမေကို မြင်နေပေတော့မည်။ သူ့ စိတ်အာရုံသည် တောင်တန်းများ ချောင်းမြောင်း အင်းအိုင်များ အလီလီဖြတ်သန်းသွားပြီး သူ့ အမေ ရင်ခွင်ထဲသို့  ပြေးဝင်နေပေမည်။ သူ အလုပ်လုပ်ရာ စပါးစက်ကြီးသို့ လည်း စိတ်အာရုံများက ရောက်နေပေမည်၊ သူအလုပ်လုပ်ရာတဲတန်းလျားကလေးသို့ လည်း ရောက်နေပေမည်။
သူ သီချင်းကို တီင်္းတိုးဆိုရင်း ဆန်ထည်းမှ စပါးလုံးရွေးနေစဉ်တွင် ကျနော်သည်အလုပ်မှပြန်လာပြီး ခြေသံမကြားအောင် အိမ်ပေါ်သို့ တက်သွားသည်။ သူ့နောက်ကျေဘက်မှ တံခါးဝတွင် ကွယ်ပြီး အသာရပ်နေသည်။ ထိုအခါ၌ ကျနော်သည် သူမကြားစေရန် အသက်ကိုပင် မျှင်းပြီး ရှူနေရ၏။
သူပေါက်တက်ကရ သီချင်းစပ်ဆိုနေသည်မှာ ခပ်တိုးတိုးဖြစ်သဖြင့် မနည်း နားစွင့်ထောင်နေရ၏။ သီချင်းဆိုရင်း သူ့ အသံကလေးမှာ တုန်လာနေလေသည်။ သူ့ မျက်လုံးအိမ်၌ မျက်ရည်များ ပြည့်သိပ်လာနေရာမှ မျက်ရည်များသည် မျက်လုံးအိမ်ကို ပိတ်ဖုံးသွား၏။ သူ့ ပါးပြင်ပေါ်သို့ မျက်ရည်များ ဖြည်းဖြည်းချင်း လိမ့်ဆင်းလာနေစဉ် သူ့ အသံမှ ပို၍လှိုက်တက်လာနေလေသည်။
မိဒုက္ခရဲ့ အပူသယ် အမေရယ်...အမေ့ သမီးလေး ခင်ဝေ့ကိုကွယ် ပြေးလို့ မြင်လှဲ့ ကွယ်။
အမေ့ကို မချစ်လို့ အမေ့ကိုပစ်လို့ သူ့ နောက်က တကောက်ကောက် လိုက်လာခဲ့တယ်...အမိုက်မလေးရယ်..
အမေ၀ယ်ပေးတဲ့ ပုလဲပုတီးလေနဲ့ အချိတ်ထမီရယ်အမေရယ် ...ဒီတော ဒီတောင် ရှို မြောင်တွေ ဖြတ်လို့ အဝေးကနေ ဆွေး နေရပါတယ်၊ သောင်ပြင်မှုာ လွှတ်တဲ့ ခွေးလိုကွယ် မအေးရနိုင်တော့တယ်။
တယ်နယ့်..တဲ့နယ်...တဲနယ်...တဲ့နယ်...တဲ့နယ် တယ်။
အော် ခင်ဝေ ခင်ဝေ၊ အမိုက်မလေး အခုတော့ နင့်အဖြစ်ဟာ တယ်လို့ မို့  ဆိုးပါလားနော်၊ နင်ဟာ လူ့ ပြည်မှာတောင် နေဖို့ မကောင်းတော့ဘူး ခင်ဝေရယ်၊ တယ်နယ့်...တဲ့နယ်...တဲ့နယ်...တဲ့နယ်...တဲ့နယ်....တဲ့နယ်...တယ်။
ထိုအခါတွင်ကား ကျနော်သည် အကြာကြီး ရပ်စောင့်နေရာမှ မအောင့်အီးနိုင်အောင် ဖြစ်လာလေသည်။ ကျနော်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရလေသည်.။
သူသည် လန့် ဖျတ်သွားပြီး ကျနော့်ကို လှည့်ကြည့်လိုက်၏။ သူ့ မျက်လုံးများမှ မျက်ရည်များ ပြည့်သိပ်နေလျက်နှင့်သူသည် ထမီတိုတိုဝတ်ကာ ကမန်းကတမ်း ထရပ်လိုက်တတ်လေသည်။ ကျနော့်ကိုယောက်ျားကလေး တယောက်ကဲ့သို့ လက်သီးဆုပ်ပြီး တဘိုင်းဘိုင်း ထိုးလိုက်တတ်လေသည်။ ကျနော်သည်သူ့ လက်ကလေးများကို ဖမ်းချုပ်ကိုင်လိုက်ပြီး သူ့ ကို အတင်းသိမ်းကြုံးပွေ့ ဖက်လိုက်၏။
` သူသည် ပို၍ စိတ်ထိခိုက်သွားပြီး တသိမ့်သိမ့် တရှိုက်ရှိုက်ငိုပြန်လေသည်။
ထိုညနေများ၌ သူ့ ရှိုက်သံနှင့်ကျနော်၏ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောနေသံ ထုပုတ် ရိုက်နှက်သံများဖြင့် ကျနော်တို့ အိမ်ကလေးမှာလည်း စည်ကားသိုက်မြိုက် သွားတတ်ပြန်သည်။
ညနေခင်းများ၌ ဝေသည် ကျနော် လမ်းလျှောက်ထွက်လျှင်ကျနော်နှင့် အတူ လိုက်လာတတ်ပြန်သည်။ သူသည် ထမင်းအိုးကိုမီး ကမန်းကတန်း ထိုးပြီးတည်၏။ ကျနော့်ကို အတင်းစောင့်ဆိုင်းခိုင်းထားတတ်၏။ တခါတရံ၌ ပေပေတေတေ မျက်နှာကို ကမန်းကတမ်း ပုဆိုးစုတ်ဖြင့် သုတ်လိုက်ပြီး ကျနော့် နောက်မှပြေးလိုက်လာလေသည်။
ညနေခင်းများ၌ မြို့ သစ်ကလေး မြို့ အပြင်ဘက် ရစ်ခွေချောင်းတ၀ိုက်မှာ အစဉ်အမြဲလိုပင်အသံမရှိ၊ တိတ်ဆိတ်အေးငြိမ်းနေတတ်လေသည်။ ချုံပုတ်စိမ်းများသည် ချောင်းကမ်းပါး၌ ကပ်ပေါက်နေ၏။ ဆီးနှင်းများ ကျစပြုလာလျှင် ချောင်းကမ်းပါးရှိ တောင်ချောက်ကုန်းကလေးများသည် ပို၍တိတ်ဆိတ် ငြိမ်သက်သွား၏။ ချောင်းရေအလျဉ်သည် တိုးသက်စွာ စီးဆင်းနေ၏။ သစ်ရွက်ကလေးများ ချောင်းရေထဲ၌ နှေးကွေးလေးလံလှစွာ မျောနေစဉ်၌ ဝေသည် ကျုနော့် နောက်မှ အိနြေ္ဒရှင် မိန်းမကြီးတဦးလို ချောင်းကမ်းပါး အတိုင်း တည်တည်ခန့် ခန့် ကြီးလျှောက်လာတတ်ပြန်သည်။
ခပ်ဝေးဝေး ယာခင်းစောင်း ကုန်းမြင့်၌ကား အပွင့်များရဲနေသော လက်ပံပင်ကြီးမှ လက်ပံပွင့်များသည် တသဲသဲဝဲလှည့်ကြွေကျနေသည်။
“ ဝေ က တကယ့် အိမ်ထောင်ရှင် မိန်းမကြီးလို နေတတ်ပါတယ် ” ဟု ပြောပြီး ကျနော်သည် အလုပ်အကိုင်နှင့်ပတ်သက်သော ဝေနားမလည်နိုင်သည့် အခြား အကြောင်းများ ကိုပါ ပြောပြလာတတ်လေသည်။
ဝေသည်လည်း နားလည်သလိုလို ခေါင်းတဆက်ဆက် ညိတ်လာရင်းမှ မဆီမဆိုင် ကြားဖြတ်မေးလာလေသည်။
“ ကဲ... ဒါတွေထားကွယ်၊ ဝေ့ကို ကို အမြဲတန်းပြောနေကျ စကားဘဲ ပြောရအုံးမယ်၊ အိမ်ထောင်ရှင်ဆိုရင် အိမ်ထောင်ရှင်လို မိန်းမပီသအောင် နေတတ်ရမယ်ဟုတ်လား၊ ခလေးဆိုရင် ခလေးလို နေတတ်ရမယ်၊ ဝေ့ အနေနဲ့ ဆိုရင်လဲ တောအုပ်ကလေးရဲ့ ဇနီး၊ သိမ်သိမ်မွေ့ မွေ့ နေတတ်ရမယ်၊ တခါတရံ ဝေနေတာပြောတာ ခလေးဆန်လွန်းတယ်လို့  ထင်တယ် ”
“ အို...ခင်ဝေ ဘာလုပ်လို့ လဲ ”
“ ကဲ...အခု ပြောတဲ့ ဟာကို ဝေ့ ဘာသာ အေးအေး ဆေးဆေး စဉ်းစားစမ်း၊ ခု ဝေ ပြောလိုက်တဲ့ ဟန်ဟာ ခလေးဟန်ဘဲ ”
“ ကောင်းဘီ ဒါဖြင့် လူကြီးလိုနေပြမယ်၊ ကဲကွယ်...အမေကြီးအိုကလေးလိုလို နေပြလိုက်အုံးမယ် ↔
လမ်းလျှောက်ရေ့ အတန်ငယ်ဝေးလာသောအခါ ကျနော် နှင့်ဝေသည် ချောင်းစပ် တနေရာ၌ ထိုင်လိုက်ကြလေသည်။ ဝေသည် ချောင်းဘက်ကို လှမ်းကြည့်နေတတ်၏်။
မြို့ ကား အတန်းငယ်ဝေးကွာလာခဲ့လေပြီ။ ချောင်းကမ်းပါး၌ ယာတဲကလေးများကို လှမ်းမြင်ရလေသည်။ ယာတဲကလေးများဖက်မှ မီးခိုးများသည်လည်း အူတက်လာကာ နှင်းမှုန်များဖြင့်ရောနှောသွားလေသည်။
ဝေသည်လည်း ဝေးဝေးပျပျမှ ယာတဲကလေးများကိုကြည့်ရင်း “ ဟေမန်နဲ့  တူလိုက်တာ ” ဟု ပြောလေသည်။
ဝေသည် မြစ်ကမ်းပါ၌ ရှိသော သူ၏ဇာတိ ဟေမန်ရွာကလေးအကြောင်းကို တလွမ်းလွမ်းတသသဖြင့် စကားဖွဲ့ လေတော့သည်။ ဟေမန်ရွာကြီးနံဘေးရှိ ယာခင်းများသည် စိမ်းမြနေတတ်၏။ ဟေမန်တာရိုးကြီးပေါ်၌ ညတွင် လသာသာ အဖော်များနှင့် ကစားရခြင်းကို ဝေသည် ဘယ်အခါတွင်မှ မေ့မည်မဟုတ်။ တာရိုးကြီးပေါ်၌ နွေရာသီ ရောက်လာလျင် အဖော် အပေါင်းစုံစွာဖြင့် ကစားကြရ၏။ လူပျိုအပျိုများလည်းပါကာ တောသဘာဝအတိုင်း သမီးရည်း စားလည်း ဖြစ်ချင်ဖြစ်ကုန်ကြ၏။ တာရိုးပေါ်၌ တလွှားလွှား ပြေားလွှားကြ၏။ တာရိုးကြီး ကွေ့  မှ ငှက်ပျော် ဥယျာဉ်ကြီးထဲ၌ တူတူပုန်းကြပြန်လေသည်။
“ ခင်ဝေတို့ တော့လေ...ညတိုင်း ကစားတာ သန်းကောင်ကျော်ဘဲ သိလား၊ အဲဒါ သိပ်ပျော်တာဘဲ၊ တခါတခါ ငြင်းကြတာလေ၊ တခါတခါတော့ စကားထာဖွက်တာ၊ ညည ဖန်ထုပ်ပစ်ကြတာ၊ အဲ တခါတလေ လေ သဲပြင်ထဲ ပုရစ်တူးက်ြပြီး မီးဖိုကြီးတွေ ဖိုပြီး ကင်စားကြာတာ ကိုကိုရယ်”
“ရွံ့ စရာတွေ မပြောစမ်းပါနဲ့ ”
“ ကိုကိုက သိပ်အတာဘဲ၊ ပြီးတော့ ပုစွန်လုံးနှိုတ်ပြီး မီးဖုတ်စားကြတာကော၊ ဟိုမှာကြည့်- ဟိုချောင်းရေစပ်မှာ ပုဇွန်တွင်းတွေမြင်လား၊ သွားကွယ် ကိုကိုပုဇွန်လုံး နှိုက်ပေးကွယ်၊ အိမ်ကျဖုတ်စားရအောင်လေ၊ ကိုကို လိမ်မာပါတယ်၊ ညတုန်းကတော့ ခင်ဝေ့ ကို ချစ်တယ်ဆို ”
“ အခု မချစ်တော့ဘူး၊ ကို မနှိုတ်ရဲဘူးကွယ်၊ မတော်တဆမြွေရှိ လို့ ထွက်ကိုက်လိုက်ရင် ဒုက္ခဘဲ၊ ကို ကြောက်တယ် ”
“ ဒါဖြင့် ခင်ဝေ နှိုတ်မယ်လေ ”
“ မနှိုက်ရဘူး ”
“ နှိုက်ရပါတယ် ”
“ ဟေ့ ဟေ့  မင်းလူကြီးလို နေပါ့မယ်ဆို ” ဟုပြောကာ သူ မတ်တတ် ထရပ်သဖြင့် ကျနော်သည် သူ့ လက်ကို ဆောင့်ဆွဲထားလေသည်။ သူသည် ရယ်လိုက်ပြီး သူ့ လက်ကို ဆောင့်ရုန်းလေသည်.။
သူ့ မျက်နှာမှာ ချက်ခြင်းပင် ခလေး မျက်နှာကလေးလို ရွန်းရွန်းဝေအောင် ပြုံးရယ်နေသည်။ ခလေးစိတ်ဖြင့် သူ့ မျက်လုံးကလေးများသည် အပြစ်ကင်းမဲ့စွာ တောက်ပရွှန်းလက်လာကြ၏။ သူဆောင့်ရုန်းလို်က်ပုံမှာ ခလေးဆံ နေလေသည်။
“ ဘာဆိုင်လို့ လဲ၊ ပုစွန်လုံးနှိုတ်တာနဲ့ ဘာဆိုင်လို့ လဲ၊ လူကြီးလဲ ပုစွန်လုံးနှိုတ်တာဘဲပေါ့၊ ကိုကိုလယ်ထဲ မဆင်းဖူးဘူးမှုတ်လား၊ ပုဇွန်လုံးနှိုက်တာကို ဘယ်သိပါ့မလဲ၊ လွှတ်စမ်းပါ ”
သူ ရုန်းလွန်းမက ရုန်းသဖြင့် ကျနော်သည် သူ့ လက်ကို ဖြေပေးလိုက်ရ၏။
သူသည် ချောင်းထဲသို့ ပြေးဆင်းသွားကာ အေးကျင်နေသော ရေစပ်၌ ရပ်လိုက်လေသည်။ ကျနော့်ကို တချက်ပြန်ကြည့်ပြီး မျက်လုံး မှိတ်ပြလိုက်သေး၏။
သူသည် အင်္ကျီလက်မောင်းကို ပင့်တင်လိုက်ပြီး ပုဇွန်တွင်းကို ကုန်းနှိုတ်နေသည်။ ကမ်းပါးနှင့် ကပ်နေသဖြင့် မျက်နှာ၌ မြေနီမှုန့် များလူးကုန်သည်။ သူ့ လက်မောင်းတဆုံး ၀င်သွားပြီး လက်မောင်းကို ဖြည်းဖြည်းချင်း ပြန်နှုတ်လေသည်။
“ ပါလာဘီပါလာဘီ ” ဟုလည်း အော်ပြောနေသည်။
ခဏနေလျှင် သူ့ လက်ထဲ၌ ခြေကာယား လက်ကားယားဖြစ်နေသော ပုဇွန်လုံးကြီးတလုံး ပါလာသည်။ သူသည်လက်ရေများ ဆေးကြောပြီး ပုဇွန်းလုံးကို မြှောက်မြှောက်ပြနေ၏။
ပုဇွန်လုံးကား သူ့ အသက်ဘေးအတွက် ခုခံတိုက်ခိုက် နေ၏။ ဝေသည် ပုဇွန်လုံးကို ကြည့်ရင်း မသတ်ရက်အောင် ဖြစ်နေပြန်သည်။ သူသည် အတန်ကြာ ငိုင်တွေကြည့်နေပြီးမှ ပုဇွန်းလုံးကိုရေထဲ စွပ်ကနဲ လွှတ်လိုက်၏။ ပုဇွန်လုံးသည် ရေတိမ်ထဲတွင် ကမန်းကတမ်း ကူးယက်သွားသည်ကို ကြည့်ပြီး ဝေသည် ပျော်လာပြန်လေသည်။
“ ပုဇွန်လုံးကလေးရေ နင့်တခါလွှတ်လွှတ်၊ ငါ့ တွေ့ တိုင်းတွေ့ တိုင်းလွှတ် ” ဟုသူသည် ရေရွတ် ဆုတောင်းနေ၏။ သူ့ ကိုယ်သူ ပုဇွန်လုံးကလေး၏ အသက်ကိုလွှတ်လိုက်ခြင်း အတွက်ကုသိုလ်ရပြီဟု ယူဆလိုက်ကာ ၀မ်းမြောက်ဝမ်းသာဖြစ်နေပြန်လေသည်။
ထိုညနေမျိုးနှိုက် မိုးချုပ်မှပင် ကျုနော်တို့ ပြန်လာကြလေသည်။ လမ်း၌ဝေသည် သူ့ လက်ကလေးကို မြှောက်မြှောက်ကြည့်နေ၏။ သူ့ လက်မှာ ပုဇွန်တွင်းမှ ကျောက်စရစ်စများ စူးရှသဖြင့် သွေးများစို့ နေ၏။ သူသည် “ နာလိုက်တာဟယ် ” နှင့်ရေရွတ်လာလေသည်။
“ အင်း.. ကောင်းတာပေါ့ ” ဟု ကျနော်က အပြစ်တင်သဖြင့် သူ သည်က္ကုနြေ္ဒိရရ ငြိမ်ငြိမ်သက်သက်လိုက်လာခဲ့လေသည်။
တခါတရံ၌ သူသည် ထိုသို့ က္ကုနြေ္ဒိရရ တည်တည်ငြိမ်ငြိမ် လိုက်လာရင်းမှလည်း လမ်းဘေးချုံပုတ်တို့ ကိုတွေ့ လျှင်ခြေထောက်ဖြင့် ဘောလုံးကန်သလို ဆက်ကနဲ ကျနော်မမြင်အောင် ကန်လိုက်ပြန်သည်။
ကျနော်သည်လည်း မမြင်ချင်ယောင် ဆောင်ပြီး လမ်းကို ခပ်နှေးနှေး လျှောက်လာခဲ့လေသည်။
မြို့ နှင့် နီးစပ်သော ယာခင်းစောင်းတခု၌မူ လမ်းသည်ကျဉ်းမြောင်းသွား၏။ လမ်းတဖက်၌ ယာခင်းနှင့် တဖက်၌ အခြားယာခင်းမှ စည်းရိုးတခုရှိ၏။ နှင်းများဝေကျလာသဖြင့်လမ်းမှာမြက်များဖြင့်ရောကာ မသဲမကွဲ့  ဖြစ်လာလေသည်။ အမှောင်ဘက်သို့ လုလာပြီဖြစ်၍ ခပ်ဝေးဝေးမှ ယုန်ကလေးများ၏ကျစ်ကျစ်အော်သံ စတင်ကြားလာရလေသည်.။
ထိုလမ်းကျဉ်းကလေး၌ ဝေသည်အတင်း လုတက်လာ၏။ ကျနော့်ကိုယ်ကို ကိုယ်စောင်းပစ်တိုက်ကာ လမ်းနေရာလုလိုက်လေသည်။ ကျနော်သည် ရုတ်တရက်ဖြစ်သဖြင့်တဖက် ယာခင်းစည်းရိုးအပေါ်သို့ ယိုင်လဲကျသွား၏။
သူသည် တခစ်ခစ် ခလေးလိုရယ်ကာ သုတ်သုတ်ဖြတ်ကျော် ပြေးလေသည်။
ကျနော်သည် သူ့ ကိုလိုက်ဖမ်းလိုက်၏။ သူ၏လုံးလုံး ကျစ်ကျစ်ကိုယ်လုံးကလေးကို သိမ်းပွေ့ ကာ အထက်သို့  မြှောက်ပစ်လိုက်မိလေသည်။ ပြန်အကျ၌ သူ့ ကို ထိန်းထားသော်လည်း သူသည် ရယ်မောရင်းဖြင့်ပင် လမ်းပေါ်၌ထိုင်လျက် ကျသွားလေသည်။ သူ၏လူးလဲ ထရပ်သံနှင့် ရယ်လိုက်သံသည် သဲသဲ လှုပ်နေတော့၏။
ဝေ၏ရုပ်ပုံလွှာ ကားချပ်ကလေးများကို ရေတွက်လျင် မြို့ သစ်ကလေး ဈေးသည်လည်း တခုအဖြစ်ဖြင့် ထင်ထင်ရှားရှား ပီပီပြင်ပြင် ပေါ်လာရပေမည်။
မြို့သစ်ကလေး တောင်ကုန်းဈေးသည် ဆောင်းနံနက်များ၌ နှင်းမှုန်များ ရစ်ဖွဲ့ နေတတ်၏။ အပေါ်မှနှင်းဆိုင် နှင်းခဲများတရုတ်တရက် ပြို ကျလာတောမလိုပင်။ ဈေးရုံတန်းဘက်မှ သွပ်အမိုးများပေါ်ဝယ် နှင်းခဲများ တဖြောက်ဖြောက် ကြွေကျ နေ၏။ ငါးရက်တဈေး ဈေးနေ့ တိုင်းလူအများ ကြိတ်ကြိတ် တိုးနေလေသည်။ လှည်းတန်းရှည်ကြီးသည် ဈေးပတ်ပတ်လည်၌ ရပ်ထား၏။ နံနက်ရထားဆိုက်ကပ်ချိန်တွင် ခရီးသည် ဈေးဝယ် ဈေးသည်များ ပြွတ်ခဲကာ တိုးဆင်းလာကြလေသည်။
မြို့ သစ်ကလေးသို့ ရောက်စက ကျနော်သည် သူ့ ကို လစာမအပ်သေးဘဲ ဈေးသို့ သူနှင့်အတူ ထွက်လေသည်။ သူသည် ကျနော်လစာမအပ်သည်ကို တောင်းရကောင်းမှန်လည်း မသိ၊ ဈေး၌ သူ့ အတွက်အင်္ကျီ အ၀တ်အစားများ ၀ယ်ပေးလျှင် သူသည်အ၀တ်အစားများကို လက်ဖြင့်ပိုက်ကာ ကျနော့် လက်မောင်းကို ခလေးကလေးတယောက်လိုပင် တွယ်ကာဈေးထဲအနှံ့ လျှောက်လိုက်လေသည်။
တခါတွင် ဈေးဝ၌ သူသည် ကျနော့်လက်မောင်းကို ချိတ်တွဲထားရင်း “ ကိုကိုလစာတွေ အများကြီး ရတာဘဲနော် ” ဟုပြောလေသည်။
ကျနော်သည် သူ့ မျက်နှာလေးကို ပြန်လှည့် ကြည့်လိုက်မိ၏။
သူသည် ခလေးကလေးလိုပင် အပြစ်ကင်းစွာ ပြုံးထားသည်။
သူ့ လည်းပင်၌ ကျနော် မကြာသေးမီက ၀ယ်ပေး လိုက်သော ဆွဲကြိုးကလေးမှ လော့ကက်သီးသည် လှုပ်ယမ်းနေ၏။ သူသည်နှုတ်ခမ်းကို မဆိုးရံဆိုးရဲဖြင့်ခပ်ပါးပါး ဆိုးထားသည်။ သူ့ ထမီမှာမူ ကျနော် အတင်းအဓမ္မ ပြုပြင်ထားသဖြင့် အစရှည်ဖြစ်နေ၏။ သို့ သော်မသေသပ်ပေ။
“ လခဘယ်လောက်ရတယ်လို့  မင်းထင်သလဲ ”
“ မသိဘူးလေ၊ ကိုကိုကမှ မပြောတာ ”
“ အို...မေးထားမှပေါ့ ”
“ ဘာပြုလို့ လဲ ”
“ လခမေးနေရင်တော်ကြာရင် ခင်ဝေ့ ကို ပိုက်ဆံမက်တဲ့ မိန်းမလို့  ကိုကိုထင်နေမှာ ပေါ့ ”
“ ဖြစ်မှဖြစ်ရလေဝေရယ် ”
ဝေသည် ပြုံးရုံးသာ ပြုံးနေ၏။ ရင်ခွင်ထဲ၌ ပွေ့ ပိုက်လာသည့် အနီပေါ်၌ အညို အစက် အပြောက် ကလေးများဖြင့်ပိုးအင်္ကျီ ပိတ်ကလေးကိုသာ ကြည့်နေရင်း “ ခင်ဝေနဲ့ လိုက်မယ်နော် ” ဟုပြောနေသည်။
ကျနော်သည် ခေါင်းကိုသာ ညိတ်ပြလိုက်၏။ ကျနော်အပြုအမူများ မှားယွင်းနေခဲ့ပြီကို တွေးနေခဲ့၏။ ထိုနံနက်က ကျနော်သည်သူ၏ လန်းဆတ်လှပသော၊ ဖြူစင်သော၊ အပြုံးပန်းများ ဝေနေသောမျက်နှာလေးကို မကြည့်ရဲအောင် ဖြစ်ခဲ့ရလေသည်။
ဈေးဝ၌ မြင်းလှည်းပေါ်သို့ တက်လိုက်ကြသည် အထိကျနော်သည် သူ့ ကို စကားမပြော ဖြစ်တော့ပေ။ သူကသာအင်္ကျီပိတ်ကလေးကို တကိုင်ကိုင်လုပ်နေရင်း စကား တဖောင်ဖောင် ပြောလာခဲ့လေသည်။ မြင်းလှည်း ဆောင့်ရုန်း ထွက်ခွာလိုက်သောအခါ သူ့  ကိုယ်ကလေးမှာလည်း ယိမ်းထိုးသွားပြီး သူသည် ထိုသို့ ဖြစ်ရသည်ကိုပင် ရယ်စရာတခုလို ရယ်မောခဲ့လေသည်။
ဆောင်းရက်များသို့  ဆိုက်ရောက်လာသောအခါ သူသည် လစာကို ကိုင်သုံးနေသော တကယ့် အိမ်ထောင်ရှင်မကြီးတဦးဖြစ်လာရတော့သည်။
လစာထုတ်ပြီးစ လဆန်းရက်များ၌ သူသည် လစာငွေ များကို အိတ်ကပ်ထဲမှ ပူနေအောင်ထည့်ထားပြီး ညအိပ်ရာ ထဲဝယ်စာရင်းတွက်ချက်မဆုံးနိုင်အောင် ဖြစ်နေတတ်ပြန် သည်။ စောင်ခြုံထဲ၌ သူသည် မျက်နှာကလေးကိုသာ ကွက်ပြီး ဖော်ထား၏။
မီးရောင်ပျပျ၌ သူ့ မျက်နှာ ၀ိုင်းဝိုင်းကလေးမှာ ကြည်နူးလန်းဆန်းနေသည်။ မျက်နှာပေါ်၌ သနပ်ခါး အကြမ်းပွတ်ထားသည်။ သူသည် လက်များကို စောင်ခြုံထည်းမှ ထုတ်ပြီး တချောင်းချင်းချိုးကာ စာရင်းတွက်နေသည်။
ကျနော်လည်း သူ့ ဘေး၌ယှဉ်၍ အိပ်ရာ ခေါင်းမထူနိုင်အောင် အိပ်ချင်နေတတ်လေသည်။ သူက အတင်းနှိုးထားသဖြင့် ကျနော်သည် သူ့ ဘက်သို့ တစောင်း လှည့်အိပ်နေရ၏။
မျက်လုံးကို သူဖွင့်ထားခိုင်းသဖြင့် ဖွင့်ထားရာ အိပ်ချင်စိတ်အားကြီးလာလျှင် မျက်လုံးများသည် အလိုလိုပိတ်သွားတတ်၏။ ထိုအခါ၌သူသည် အတင်းအဓမ္မ လှုပ်နှိုးနေပြန်ေ်လသည်။
“အမဲသားက ငါးဆယ်သားနော်၊ အဲတာက နှစ်ကျပ်နော် မှတ်ထားအုံးကွယ်၊ မအိပ်ပါနဲ့ အုံး၊ အစောကကိုးကျပ်နဲ့ ပေါင်းရင် တဆယ့်နှစ်ကျပ် ရှိဘီနော်၊ ဆီငါးဆယ်သားက သုံးကျပ်၊ ဆယ့်တစ်ကျပ်နဲ့ ပေါင်းရင် ဘယ်လောက်လဲ၊ ဆယ့်လေးကျပ်နော်မှတ်ထား၊ ဒုက္ခဘဲလက်တွေလဲချိုးလို့ ကုန်ဘီ၊ ခြေထောက်ချိုးရတော့မလိုဘဲ ”
သူ့ စကားသံများသည် ကျနော့် နားထဲမှ ဝေးသွားပြန်လေသည်။ သူသည် လှုပ်နှိုးလိုက်ပြန်၏။ မျက်စိ ပြန်ကျယ်လာပြီး သူတိုင်ပင် တွက်ချက်နေသည်ကို အင်းလိုက် နေရပြန်သည်။
“ ဆီက ဆစ်ရင် ငါးကျပ်ခွဲလောက်ရမယ်နော် ”
“ အင်း...”
“ မနက်ဖြန်ကာ ရအောင်ဆစ်မယ် ”
“ ရန်ဖြစ်နေအုံးမယ် ဝေရာ ”
“ မဖြစ်ပါဘူးကိုကိုရဲ့၊ ဈေးဝယ်တယ်ဆိုတာကတော့ ၀ယ်တဲ့လူဘက်ကကြည့်ရင် ရနိုင်သလောက်ဆစ်ရမှာဘဲ၊ ရောင်းတဲ့လူကလဲ ၀ယ်တဲ့လူအပေါ် အမြတ် မတရားလိုချင်တာဘဲ၊ ၀ယ်တဲ့လူကလဲ အမြတ် တတ်နိုင်သလောက် မပေးရအောင် ဆစ်ရမှာပေါ့၊ ဒါ တရားပါတယ် ”
“ မဟုတ်ဖူး၊ ဝေ့ ဥစ္စာက နဲနဲလွန်သလားလို့ ပါ ”
“မလွန်ပါဘူး၊ ကဲ ပြောနေရင်း မျက်လုံးကြီးက မှိတ်သွားပြန်ဘီ ”
သူသည် ကျနော့် ဘက်လှည့်ပြီး ပခုံးကို ကိုင်လှုပ်နေ၏။ ကျနော်လည်း မျက်လုံးမဖွင့်ဘဲနှင့် ပြုံးကာသူ့ ပါးကလေးကို ငုံ့ ကိုက်ထားလိုက်လေသည်။
တခါတရံ ဈေးသို့ သူတယောက်တည်းသွားသည်။
တခါတရံတွင်ကား ကျနော်သည် သူနောက်မှ အဖော်အဖြစ်ဖြင့် တကောက်ကောက် လိုက်သွားရ၏။ နံနက် နှင်းလုံးမကွဲ သေးမီ မြို့ သစ်ကလေးမှ ထွက်လာသော မြင်းလှည်းပေါ်၌ မြောက်ပြန်လေ နှင်းလေးများ တ၀ှီးဝှီး တိုးဖြတ်နေသဖြင့်အေးကျင်နေသည်။
လခြမ်းကွေ့ လမ်းပေါ်တွင်ကား နှင်းများ တဖွေ့ ဖွေ့ ကြွေကျနေ၏။ နံဘေးရှိ တောင်ကုန်းကလေးများ သည်လည်းနှင်းထုထဲဝယ် နစ်မြုပ်နေသည်။ နံနက် နေခြည်များသည်လည်းဖြာကျစ။ အဝေးမှ လှမ်းပြီး မြို့ ပြင်ဈေးမှ အသံပလံများကို ကြားနေရ၏။
ဝေကား မြင်းလှည်းပေါ်တွင် ကုတ်ထိုင်နေရင်း သူဝယ်ခြမ်းမည့် ဈေးများကို စိတ်အာရုံ၌ မမေ့အောင် တွက်နေလေသည်။ သူ့ ခမျာ ကျောင်းမနေခဲ့ရ၊ စာမသင်ခဲ့ရသဖြင့် ဤစာရင်းကလေးမျှကိုပင် မတွက်ချက်တတ်။ သူ့ ကို ကျနော်သည် စာနာနေခဲ့မိလေသည်။သူ့ ကို စာသင်ကြားရန် ကြိုးစားသော်လည်း သူသည် သင်ကြားရန် စိတ်မ၀င်စား။ ကျနော့် လက်မှတ်ရေးထိုးသောအခါ သူသည် ဖောင်တိန်ကို တည့်တည့်ကောက်ကိုင်လိုက်ပြီ “ ခင်ဝေ” ဟု တလုံးစီ ရေးချလို်က်၏။ သူ၏ ဖောင်တိန် ကိုင်ထားသောလက်မှာ တုန်နေခဲ့၏။ သူသည် ဖောင်တိန်ကို ကြောက်ရွံ့ နေလျက်ကြားမှ စွန့် စားကိုင်တွယ်လိုက်ပုံ ရသည်။
ကျနော်သည် သူ့ မျက်နှာကလေးကို တစေ့တစောင်းကြည့်နေရင်း ရင်ထဲ၌ ဆွတ်ပျံ့ နာကျင်နေခဲ့လေသည်။ သူ့ ကိုစာတတ်ရန် ကျနော်ကြိုးပမ်းရလိမ့်ဦးမည်။ သူ့ ကိုတကယ့် မိန်းမကြီးတယောက် ဖြစ်လာစေရန် ကျနော် ကြိုးပမ်းရလိမ့်ဦးမည်။ ကျနော်ကား စိတ်မောနေရပြန်ပေသည်။
သူသည် သူအနှစ်သက်ဆုံး အနီထဲ၌ အညိုပြောက်နှင့် အင်္ကျီကလေးကို ၀တ်ထား၏။ စိတ်ကူး စာရင်းတွက်နေရင်းမှ ကျနော့် ကိုလှည့်ကြည့်လိုက်လေသည်။
ဈေးထိပ်၌ မြင်းလှည်းရပ်သောအခါ သူသည် သွက်လက်ဖျတ်လတ်စွာ ခုန်ဆင်းလိုက်လေသည်။
ကျနော့် တို့ သည် ဈေးထဲသို့ အတူတူဖြတ်လျှောက်ဝင်သွားကြ၏။ ဈေး၌ကာ လူအများ ကြိတ်ကြိတ်တိုး စည်ကားနေ၏။ မြေကြီးကွက်လပ်မကျန် လူများဖြင့် ညှပ်သိပ်နေ၏။
ထိုနေ့ နံနက်က သူနှင့်ကျနော်သည် ဈေးအ၀င်ကတည်းက လူချင်းကွဲသွားကြလေသည်။
ကျနော်သည် သူ့ ကိုမြင်နေရသော်လည်း လူများ တိုးမရဖြစ်နေ၏။ ခဏမျှ မျက်ခြည် ပြတ်သွားစဉ်တွင် သူဘယ်ရောက်သွားပြီကို မသိတော့ပေ။ ဈေးဝယ်ပြီးလျှင် ဆွဲကူရန် လိုအပ်သဖြင့် ကျနော်သည် လူအများကို တိုးဝှေ့ ပြီး သူ့ ကိုအနှံ့  လိုက်ရှာသည်။
နေမြင့်တက်လာသည်အထိ သူ့ ကိုရှာ၍ မတွေ့ တော့ပေ။ ဈေးကား တဖြည်းဖြည်းဖြင့် လူပါးစ ပြုလာလေသည်။
ကျနော်သည် အမဲသည်တန်းနှင့် မနီးမဝေး၌ လမ်းဘေးတွင်ထွက်ရပ်ပြီး သူ့ ကို စောင့်နေလိုက်သည်။ အနီရောင်အင်္ကျီနှင့် မိန်းမများကိုမြင်လျှင်သူဟုထင်မိလေသည်။သို့ သော်သူကိုမူမတွေ့ ။
အချိန်အတော်ကြာသော အခါတွင်ကား အမဲဈေးဆိုင်တန်းဘက်မှ သူ့ အသံကို ကြားရလေတော့သည်။ သူ့ အသံသည် တဝေါဝေါ အော်မြည်နေသော လူအပေါင်းကို ကျော်လွှားသွား၏။ လူအများသည် သူရှိရာ အမဲဈေး ဆိုင်တန်းဘက်သို့ အာရုံပြု လှည့်ကြည့် လိုက်ကြလေသည်။
တယောက်က “ရန်ဖြစ်နေတယ်” ဟု ပြောလေသည်။
“တောအုပ် မိန်းမတဲ့ဟယ်၊ သိပ်စွာတဲ့ ကောင်မလေး”ဟု မိန်းမကြီးနှစ်ယောက် ပြောသံ များလည်း ကြားရ၏။
“လားစမ်းပါ၊ သိပ်စကားများ မနေစမ်းပါနဲ့ ၊ ညည်းငါ့အမေလောက်ကြီးကို ဖနပ်နဲ့ ပါးရိုက်ပြမယ်၊ အမဲသယ်မက အမဲသယ်စကားပြော၊ အရိအရွဲမထဲ့ပါနဲ့ ဆိုတာ မ၀ယ်ချင်သွား ဘာညာနဲ့ ၊ ညည်းအမဲသားကို အလကား တောင်းစားနေတာမှုတ်ဖူး၊ ငွေပေးပီး ၀ယ်စားတာအေ့၊ လာပါ၊ ဆင်းခဲ့စမ်းပါ၊ ဆဲမနေပါနဲ့ ။ ညည်းနဲ့ ငါနဲ့ သတ်ကြရအောင်ပါ”
အမဲသည်တန်းသည် အနိမ့်ဘက်တွင် ဖြစ်သဖြင့် ဈေးဆိုင်တန်းရှေ့ုကို ကျနော့်နေရာမှ လှမ်းစီးမြင်နေရသည်။ ဝေသည် ဈေးဆိုင်ရှေ့၌ခါးထောက်ရပ်နေ၏။ ကျောဘက်မှ မြင်ရသော်လည်း ဝေ့အင်္ကျီအနီရောင်သည် လွင်နေ၏။ ဝေ့ကို သဲကွဲစွာမှတ်မိ၏။ ဝေသည် ထမီကို ပေါင်လယ်လောက်အထိ တိုတိုဝတ်လိုက်၏။ ဖိနပ် ချွတ်ကိုင်လိုက်၏။
အမဲသည်မသည် ဓားမကိုင်ပြီး ဆိုင်ပေါ်မှဆင်းရန် လုပ်နေသဖြင့် လူအများ ၀ိုင်းဆွဲထားသည်။
“ဓားနဲ့ မလုပ်နဲ့ ဗျာ၊ နဘမ်းသတ်ကြပါ” ဟုတယောက်ကအကြံပေးနေသံလည်း ကြားရ၏။ အချို့ က ရယ်လိုက်ကြလေသည်။
မကြားကောင်းမနာသာ ဆဲဆိုသံများ ပို၍ ကြားရလေသည်။ ဝေ၏ ရိုင်းပြလှစွာ ဆဲသံများမှာလည်း ပွက်ပွက်ညံနေသည်။ ပထမ၌ ကျနော်သည်ပင် ကြက်သေသေ ငေးနေခဲ့ လေသည်။ ကျနော်သည် ရပ်နေရင်းမှပြင်းထန်စွာ ရှက်ကြောက်နေမိလေသည်။ လူအုပ်ကြီး သည် အမဲတန်းဖက်သို့ ပြိုဆင်းသွား၏။ ရန်ဖြစ်နေရာ၌ မျောက်ပွဲကဲ့သို့ ဝိုင်းဝိုင်းလည်နေကြ၏။ ဝေ့ကို လူအများက ကွယ်သွားလေသည်။
ကျနော်သည် ကမန်းကတမ်း လှည့်ထွက်လာခဲ့၏။ စိတ်၌မွှန်ထူနေလေသည်။ ကျနော်သည် ဤကဲ့သို့ ဖြစ်ရသည့် အတွက် စိတ်၌ ဒေါသပြင်းထန်စွာ မဖြစ်မိသော်လည်း ဝေ့အပေါ်၌ မကျေမနပ် ဖြစ်နေခဲ့၏။
ရက်အတန်ကြာ အထိ ကျနော်သည် မကျေနပ်သည်ကို ထုပ်မပြောဘဲ ကျိတ်မှိတ်နေ ခဲ့လေသည်။
ဤအကြိတ်အခဲကလေးမှာ တဖြည်းဖြည်း၌မူ သူ့ အလိုလိုကြေညက်သွားခဲ့ပေသည်။
ဝေ၏ ရုပ်ပုံလွှာထဲ၌ ဤကဲ့သို့ အကျင့်စရိုက် ကားချပ်ကလေးများးသည် ဟိုတကွက် သည်တကွက် ရှိပေသည်။ တခါတရံ၌ ဝေ့ကိုလူကြီးလားဟု တွေးရ၏။ တခါတရံ၌ကား ဝေသည် ငယ်ရွယ်လွန်းလှသော ခလေးကလေးအသွင်မျိုးလည်းဆန့် ကျင်ပြောင်းလဲ သွားပြန်သည်။
ဝေသည် သူ့ အမေကိုချည်း လွမ်းမနေတော့ပေ။ တဖြည်းဖြည်းနှင့် နေသားကျလာလေသည်။ အိမ်နီးနားချင်း ခလေးများနှင့် ပေါင်းသင်းကာ အိမ်ရှေ့ ၌ဇယ်တောက်တမ်း၊ ဖန်ခုန်တမ်း ကစားသည်။ သူသည် ကျနော်အလုပ်သွားနေချိန်၌ အိမ်တွင် ပျော်ရွှင်စွာ ဆော့ကစား ကျန်ရစ်ခဲ့သည်။
ကျနော်ပြန်လာသောအခါ၌ သူသည် မြေပြင်၌ တူးထားသော တွင်းတွင် ဇယ်စက်တမ်း ကစားနေရင်းမှ ခြံရှေ့ သို့ ထပြေးလာတတ်၏။
ခြံဝတွင် သူသည် ခလေးကလေးတယောက် အပြုအမူဖြင့် ပြေးထွက်လာပြီး ကျနော့်ကို သိမ်းဖက်လိုက်တတ်လေသည်။
ကျနော့် အဝတ်အစားများ၌ သူ့ လက်မှ ဖုံများဖြင့်ပေရေကုန်သည်။ ကျနော်သည် သူ့ ကိုတွန်းလွှတ်ပြီး နဖူးကို မနာမကျင်ခေါက်သည်။ အင်္ကျီ၌ပေနေသော ဖုံများကို လက်ဖြင့် အသာအယာ တောက်ခါပစ်သည်။
သူသည် သူ့ ကစားဖော် ခလေးများကို ပစ်ပယ်ကာ အိမ်ပေါ်သို့ ကျနော့် နောက်မှ လျှောက်လိုက်လာသည်။ ကျနော်သည် အိမ်ပေါ်၌သူ့ ပါးကလေးကို မနာမကျင်လိမ်ဆွဲလိုက်၏။
သူသည် ခလေးအပြုအမူဖြင့် သူ၏ ဖုံပေနေသော ပါးကိုရှေ့ုတိုးပေးလိုက်လေသည်။
“မွှေး”
သူက တလုံးတည်း တည်တည်ပြောလိုက်၏။
ကျနော်သည်လည်း အင်္ကျီကိုချိတ်၌ချိတ်ရင်းမှ သူ့ ကိုလှည့်ကြည့်ကာ တချက်မျှ ကျေနပ်အောင် နမ်းလိုက်ရ၏။
နွေဦးသို့ ဆိုက်လာလျှင် မြို့ သစ်ကလေးသည်လည်း အညာဓလေ့အတိုင်း ညစဉ်ပင် ခလေးအပေါင်း၏ ဆော့ကစားသံများဖြင့် ကျွက်ကျွက်ညံနေလေသည်။
ဟေမန်၏ ချစ်စဖွယ်ကောင်းသော ဗီဇစိတ်သည် ဝေ့စိတ်နှလုံးသား၌ အမြစ်တွယ်နေ၏။
ဟေမန်၌်ဆိုလျှင် ညလသာသာဝယ် ရွာ၏ တာရိုးကြီးပေါ်၌ဖြစ်စေ၊ မြစ်ခြေ သောင်ခုံများ၌ဖြစ်စေ၊ ကလေးလူကြီး အပျိုလူပျိုများပါ ထုတ်စည်းတိုးကစားလေ့ရှိပေသည်။
နွေဦးပေါက်ညများ၌ ဝေသည်လည်း ညစဉ် ညတိုင်းပင်ခလေးများနှင့် ကစားငြင်းခုံလျက်ရှိ၏။ တခါတရံ၌ ခလေးများနှင့် တုဖက်ပြီး ရန်ပင်ဖြစ်လေ့ရှိပြန်သည်။
အစပိုင်း ရက်များတွင် ဝေ၏ ကစားဖော် ကစားဖက်များထဲတွင် မြီးကောင်ပေါက်အရွယ် ကောင်ကလေးများ ပါလာသည်ကို သတိထားမိပြီး ကျနော့်စိတ်များမှာလည်း အထားအသို ရွေ့ လျောစ ပြုလာလေသည်။ ကျနော်သည် အိပ်ရာထဲ၌ လဲလျောင်းနေပြီး အလုပ် ပင်ပန်းလာခဲ့ရသည့် ကြားထဲမှပင် အိပ်မရစ ပြုလာခဲ့သည်။
တစတစဖြင့် ဝေ၏ ဆူညံစွာ ပျော်ရွှင်ကစားနေမှုများသည် ကျနော်၏ စိတ်အာရုံကို ပုတ်ခတ်ထိပါးလာသည်။ ကျနော်သည် စိတ်၌နောက်ကျိ ရှုပ်ထွေးစပြုလာလေသည်။ ဝေ့ကို ထားမြစ်ပိတ်ပင်ရန်ကား ကျနော်သည် သတိမရသေး။
ဤသို့ ဖြင့် မသေသပ်တော့သော ညများသည်လည်း ဖြတ်သန်းကုန်ကျွမ်းသွားကြလေသည်။
ဝေ၏ ခလေးများနှင့်အတူ ပျော်ရွှင်စွာ ကစားကြသံ၊ ဆူသံ၊ ညံသံ၊ ငြင်းခုံသံများ ကြားနေရစဉ် ည သန်းခေါင်ယံများ၌ ကျနော်သည် အိမ်ပြတင်းတံခါးကို အသာဖွင့်ထားပြီး တိတ်ဆိတ်နေသော အိမ်ပေါ်တွင် တယောက်ထီးတည်း အသာအယာ ငြိမ်သက်နေတတ်လာသည်။
ကျနော်သည် အိပ်ပျော်သွားရန် ကြိုးပမ်းကြည့်၏။ စိတ်အာရုံများကား ထွေးပြားလှုပ်ရှားလျက် ရှိပေသည်။
အိပ်ခန်းနံဘေး တဝက်ဟထားသော ပြတင်းဝမှ လရောင်ခြည်များသည် ကျနော်တယောက်ထဲ အိပ်နေရာသို့  ဖြတ်သန်းလာနေကြ၏။ တမာပန်းရနံ့ ၊ ဆိတ်ဖလူးရနံ့ ၊ ညဥ့်လေပြေ၊ ကြယ်ကလေးများ၊ အဝေးမှ ခွေးအူသံ၊ ဝေ၏ကစားဖော် လူပျိုပေါက်ကောင်ကလေးများ၏ ဟားတိုက် ရယ်မောလိုက်ကြသံ၊ ဝေသည်လည်း ထိုကောင်ကလေများနှင့် မတိမ်းမယိမ်းအရွယ် မိန်းကကလေးတဦးသာတကား။ ဝေသည်လည်း အိမ်ထောင်သည် ဖြစ်သော်လည်း စင်စစ်၌ အခြား ခလေးများနှင့် ခွဲခြားမရနိုင်သော ခလေးတဦးသာတကား။
တမာပန်းရနံ့ သည် ပြင်းပြလွန်းသည်ဟု ကျနော် တွေးနေပြန်သည်။ ကျနော့် လက်တဖက်ကို ဝေ မရှိသည့် သူ့ အိပ်ရာအပေါ်သို့ တင်ထားလိုက်၏။ ကျနော်ကား ဘာကိုမျှ ဆန်းစစ်တွေးတောမနေချင်။ ကျနော်သည်လည်း သဝန်တိုတတ်မှုမစ္ဆရိယစိတ် မဆိပ်မွှန်နေတတ်သော စိတ်ထား သေးသိမ်လွန်းလှသော လူတဦးပေတကား။
“ကျော်ရဲရင် ကျော်ကြည့်ပါလား”
“သတ္တိရှိရင် ကျော်လိုက်စမ်း”
“ဟေး ဟေး မိအောင်ဖမ်း ဟေး”
“နေအုံးဟေ့  နေအုံ့း၊ ထမင်းရေပူလောင်ဘီ”
“မလောင်ဘူး”
“လောင်တယ်ဟေ့၊ လောင်တယ်၊ ဒီမယ်ကြည့်၊ ဒီကကျော်ပြီး ဒီကိုနင်းတယ်၊ ဟောဒီမယ် တွေ့ လား၊ ခြေရာတွေ့ လား မမဝေ”
“ဟုတ်တယ်ဟေ့ တွေ့ တယ်”
“မဟုတ်ဖူး ဒီက ကျော်တာ”
“ဒါဖြင့် နင့် ဘုရားစူး”
“ပြန်ကျော်မယ်ဗျာ”
“မရဘူး၊ မရဘူး၊ အဲဒီလို လူလယ်လုပ်လို့ မရဘူး”
ခလေးသံများထဲ၌ ဝေ့အသံမှာ အကျယ် လောင်ဆုံးဖြစ်နေသည်။ ဝေသည် ထမီကို ကမန်းကတမ်း ပြင်ဝတ်လိုက်လျက် ဆံပင်ကို အရေးတကြီး ပြင်ထုံးလိုက်ပြီး ဇွတ် ငြင်းခုံတော့မည်။ ခလေးများနှင့် တုဖက်ပြီး ရန်ဖြစ်ချင် ဖြစ်တော့မည်။ ကျနော်သည်လည်း မျက်လုံးကို မှိတ်ထားရင်းပင် ပြုံးမိလေသည်။
ဆယ့်နှစ်နာရီ သံချောင်းခေါက်သံသည် အဝေးမှ ပေါ်လာ၏။ ခေါင်းရင်းမှ နာရီသည် တဒေါက်ဒေါက် မြည်နေသည်။ ဝေ အိပ်သင့်ပြီဟု ကျနော်သည် တွေးနေမိ၏။
“ငြင်းမနေကြနဲ့ ဟေ့ ၊ ပြန်စမယ်၊ လူပြန်ခွဲမယ်နော်၊ ကိုယ့်အတွဲနဲ့ ကိုယ် ရပ်ကြစမ်း။ သွားလေ နင်က ဟိုဘက်ကဝင်၊ နင်နဲ့ နင်နဲ့  နေရာချင်းပြန်လဲလိုက်၊ ကဲ ခွဲမယ်။ ကြိုက်ရာကောက် အရင်လူဗိတ် နောက်လူဗိုလ်”
“ဒီဘက်ကို ကောက်မယ်”
“ဟေး ဟေး မမဝေကြီးကွ၊ ဟေး မမဝေကြီးကွ”
ကျနော်သည် အိပ်ရာမှ စမ်းထလိုက်၏။ အိပ်ခန်းဘက်၌ မှုန်ရေးရေး အလင်းရောင်ရှိသော်လည်း ဧည့်ခန်းဘက်၌မူ တံခါးများ အလုံပိတ်ထားသဖြင့် မှောင်ပျနေသည်။ ဧည့်ခန်းကိုဖြတ်စဥ့် ဝေစားပြီး တန်းလန်းထားခဲ့သည့် စာပွဲခုံနှင့် ခြေထောက် ဝင်တိုက်မိသည်.။
ထမင်းစားပွဲခုံ မှောက်သွား၍ ပန်းကန်ပြားများ ကွဲကျသံ၊ ခုံမှောက်သံများ ဝေါကနဲ မြည်သွားသည်။ ကျနော်သည် နာကျင်သွားသဖြင့် ခြေထောက်ကို စမ်းပြီးနှိပ်နေမိ၏။
ကျနော်သည် ဖြေးဖြေး လျှောက်ဆင်းသွားပြီး ခြံဝသို့ ရောက်လျှင် ခြံတိုင်ကိုမှီပြီး အသာအယာငြိမ်သက်စွာ ရပ်နေလိုက်လေသည်။ ထိုနေရာ၌ တမာပင်ရိပ်သည် ကျနော့်ကို မမြင်နိုင်စေရန် လရောင်ကွယ်ပေးလျက်ရှိသည်။
အိမ်ရှေ့ ဘက် တမာပင်များ အုပ်ဆိုင်းနေသော လမ်း၌ဝေနှင့်ခလေးများသည် ပြေးလွှားဆော့ကစားနေ၏။ နေ့ လိုလင်းသော လရောင်အောက်တွင် ဝေသည်လည်း လန်းဆန်းလတ်ဆတ်နေ၏။
ဝေ ဖြတ်ကျော်မည့် စည်း၌ အပျိုပေါက်မလေးတဦး ဆီးထားသည်။ ဝေသည် ခုန်ဆွ ခုန်ဆွလုပ်ပြီး ချောက်လှန့်် နေသည်။ ဝေ၏ ဆံပင်များသည် ကျောပြင်၌ လှုပ်ယမ်းနေ၏။
ဝေသည် ထမီကို ခြေသလုံးသားပေါ် တင်းတင်းကျစ်ကျစ် ဝတ်ထားသည်။
ခြေသလုံးသားဖွေးဖွေး၊ ခါးသိမ်သိမ် ကိုယ်လုံးကိုယ်ပေါက် ကျစ်ကျစ်၊ သူ့ မျက်နှာပေါ်၌ ပန်းပွင့်သလို လန်းနေသောအပြုံး အားလုံးတို့ သည် လရောင်ထဲ၌ ပို၍ လှပ နုစိုနေလျက်။
သုတ်ကနဲ ထပျံလိုက်သည့် ငှက်ကလေးကဲ့သို့ ဝေသည် စည်းကို ဖျတ်ကနဲ ခုန်ကူးလိုက်၏။ လွတ်မြောက်လာသဖြင့် ဝေသည် လက်ခုပ် လက်ဝါးတီးကာ အားရဝမ်းသာဖြင့် အတားအဆီးမဲ့ ရယ်လိုက်လေသည်။
ထို့ နောက် ဝေသည် နောက်ဆုံးစည်းးကို ဖြတ်ကျော်ရန်ပြေးလိုက်၊ ချောက်လှန့် လိုက်လုပ်နေသည်။ ဖြတ်ပြေးသွားတိုင်း ဝေ့ ကျောပေါ်မှ ဆံပင်များသည် ပျံဝဲသွား၏။
သူ့ ရှေ့ စည်းမှစောင့်သူ လူပျိုပေါက်စ ကောင် က လေးသည်လည်း သူရယ်တိုင်း သူနှင့်အပြိုင် လိုက်ရယ်နေသည်။
ဝေသည် လျှပ်ပြက်သလို ဖျတ်ကနဲ လှမ်းခုန်လိုက်၏။
ကောင်းကလေးသည် လက်နှစ်ဖက်ဖြင့် ဝေ့ခါး သိမ်သိမ် ကလေးကို သိမ်းဖက်ထားပြီးသား ဖြစ်နေသည်။
သူတို့ နှစ်ယောက်သားသည် စည်းကြိုးပေါ်သို့  ပူးတွဲ ထပ်လျက် လဲကျသွားပြီး မျက်နှာချင်း ထပ်ကျသွား၏။ ဖောင်းမို့ သော ဝေ့ပါးပြင်ထဲသို့ ကောင်ကလေး၏နှာခေါင်းများ သည် ထိုခဏ၌ ဝင်ရောက်နစ်မြှုပ်သွား၏။ ထိုလျှပ်တပြက်၌ ဝေကော ကောင်ကလေးပါ မူပျက် သွားကြလျက် မျက်နှာများ နီမြန်းသွားကြလေသည်။
ဝေသည် ကမန်းကတမ်း လူးလဲထလိုက်၏။
“ငါသေဘီဟေ့....ငါ့မိသွားဘီ”
ဝေသည် အသံတုန်တုန်ဖြင့် အော်ပြောလိုက်ပြီး မျက်နှာတခုလုံး နီမြန်းနေကာ ရယ်စရာတခုဖြစ်ရသလို ရယ်လိုက်လေသည်။
ကျနော်သည် ဝေ့ကို အိပ်တော့ရန် မပြောဖြစ်တော့ဘဲ ခြံဝမှ လှည့်ထွက်လာခဲ့၏။ အိပ်ရာပေါ် သို့ ရောက်သောအခါ၌ကား ကျနော်သည် မတွေးတောချင်သည့် အရာများကို တွေးတောနေပြန်လေသည်။
ကျနော်သည် အိပ်ရာပေါ်၌ လဲလျောင်းလိုက်ပြီး မျက်စိကိုပြန်မှိတ်ထားလိုက်၏။ ရင်ထဲ၌ လှုပ်ရှားနေခြင်းမှာ မလိုတမာ မစ္ဆရိယစိတ်များ ဖြစ်ကြပေလိမ့်မည်။
ဝေတို့ ၏ ကစားဆူညံ့ကြသံများ ကိုကားကြားနေရဆဲပင်။
နောက်ထပ် နာရီမောင်း ခေါက်သံများသည်လည်း ကြားရ၏။ အဝေးမှ ကြက်ဖြိုင်ဖြိုင် တွန်ကြပြန်သည်.။ ညလေသည် အိမ်အပြင်ဘက်၌ ကစဥ့်ကလျား ဝှေ့ ယမ်း တိုက်ခတ်နေ၏။ ပြတင်းဝမှ မြင်ရသော ကောင်းကင်လယ်ဝယ် ကြယ်ကလေးများမှာလည်း ပရမ်းပတာ ပက်ကြဲထားရာမှ အသက်ရှင်လှုပ်ရှားလာကြသလို တဖျတ်ဖျတ် တလက်လက် တောက်ပ လာကြပြန်သည်။
ကျနော်သည် နောက်နေ့ ၌ အလုပ်ကိစ္စအတွက် တောဆင်းရမည်ဖြစ်သဖြင့် အိပ်ပျော်သွားချင်လေသည်။ ကြိုးဝိုင်း နံပတ်သုံးမှ ကျွန်းသစ်များ ခိုးထုတ်မှု တမှုကို ယခုလောလောဆယ်၌ ကျနော်လိုက်နေရသည်ကို တွေးမိပြန်သည်.။ သစ်ခိုးဂိုဏ်းကြီးမှာ ရှုပ်ထွေးနေ၏။ လက်နက်ကိုင် လူတစုပင် သစ်ခိုးဂိုဏ်းထဲ၌ ပါနေသဖြင့် ဖော်ထုပ်ရမည်ကို ကျနော်သည် ဝန်းလေးနေ၏။ နံနက်၌ သွားရမည့် ခရီးစဉ်များကို စိတ်ကူးထဲ၌ မှန်းဆကြည့် နေရင်း ကျနော်သည် ညအချိန်များကို ဖြုန်းတီးပစ်လေသည်။
နောက်ဆုံး၌ကား ဝေသည် အကစားရပ်ပြီး အိမ်ပေါ်သို့ တက်လာသည်။ အိမ်ပေါ်သို့  အတက်၌ ကျနော် မနိုးစေရန်သူ၏ ခြေဖွနင်းလာသံများသည် ကြားရသည်။ အိမ်မတံခါးကို ဖြည်းဖြည်းပိတ်သည်။ ဧည့်ခန်းအမှောင်ထဲ၌ သူထားပစ်ခဲ့သော စားပွဲခုံကို မနင်မိစေရန် ရှောင်ရှားပြီး အိပ်ခန်းဘက်သို့  ဖြည်းဖြည်းသာသာ လျှောက်လာသည်။
သူသည် ကုတင် ခေါင်းရင်းဘက်၌ ရပ်တန့် ကာ အမောတကော အသက်ရှူရင်း ဆံပင်ပြင်ထုံးသည်။ ကျနော့် မျက်နှာကို လရောင်ထဲဝယ် ငုံ့ ကြည့်လေသည်။
သူ၏ချွေးစေးများဖြင့် စီးထန်းနေသော လက်ကလေးဖြင့် ကျနော့် နဖူးပေါ်မှ ဆံပင်များကို အသာအယာ သပ်တင်ပေးလေသည်.။
အတော်ကြာမှ ကုတင်ပေါ်သို့ တက်အိပ်သည်။ ကျနော့်လက်တဖက်ပေါ်တွင် သူ့  ခေါင်းကို ချထားသည်။သူ၏ ဖောင်းမို့ နေသောပါးဖြင့် ကျနော့် ပါးပြင်ကို ကပ်ထားသည်။
သူ့ ထိုပါးကလေးမှာ အစောက ကောင်ကလေး၏နှာခေါင်းနစ်မြှုပ်ခဲ့သောပါး။ ကျနော်သည် ထိုအတွေးကို မတွေးသင့်ဘဲလျက်နှင့် တွေးနေမိပြန်သည်။
“ ကိုကို...ကိုကို...ကိုကို...အိပ်နေပလား ကိုကို”
ကျနော်သည် သူ့ ခါးကလေးပေါ်သို့ လက်တဖက်ကို ဖြေးဖြေး တင်လိုက်လေသည်။ မျက်လုံးကို ဖြေးဖြေး ဖွင့်လိုက်လေသည်။ အစောက စိတ်၌ ထင်ခဲ့သော မဖြစ်စလောက် ထိခိုက်လှုပ်ရှားမှုကလေးများသည် တငွေ့ ငွေ့ ပြယ်လိုက် လာကြလေသည်၊
ကျနော်သည် နှာခေါင်းကို သူ့ ပါးကလေးထဲ၌ အကြာကြီး နှစ်မြှုပ်ထားနေရပြန်သည်။
“ဝေဟာ ခလေးမဟုတ်တော့ဘူးဝေ၊ အိမ်ထောင်ရှင်ဆိုတဲ့အသိ ရှိနေသင့်ဘီ၊ အိမ်ထောင်သက် ခုဆို နှစ်နှစ်ထဲ ရောက်လာကြဘီ၊ ဒါပေမယ့် ဝေကတော့ ခလေးလိုတွေးတုန်း ပြောတုန်း၊ခလေးလို ကစားနေတုန်း၊ တောအုပ်ကလေးဟာ ခလေးကိုမုန့်ပေးခေါ်လာခဲ့တယ်လို့ ပြောနေကြဘီ”
“တော်စမ်းပါ” ဟု ပြောကာ သူသည် ကျနော့်ကို အားကုန် ဖျစ်ညှစ် ပြန်ဖက်ထားရင်း တိုးတိုးသက်သက် ရယ်နေခဲ့သည်။
September 23, 2009
နွေတည
( ၅ )
̔ အခု ခင်ဝေတို့ လာတာ အဝေးကြီးရောက်လာဘီ၊ ဘူတာတွေ ကျော်လာခဲ့ရတာ မနည်းတော့ဘူး၊ အစောတုန်းက ကိုကို အိပ်နေသလား၊ အမေက ခင်ဝေ့ ကို ညည်းယောက်ျားလာခေါ်လို့  လိုက်သွားပြီးရင် အမေ့ ကို မေ့နေမှာလို့ ပြောလိုက်သေးတယ်၊ အမေများပါလာရင် ဘယ်လောက် ပျော်စရာကောင်းမလဲနော်၊ အမေတော့ လွမ်းပြီး ကျန်ရစ်ခဲ့တာ၊ ဒီနေ့ ညတော့ ငိုနေမှာဘဲ၊ အမေက ခင်ဝေနဲ့ တခါမှ ခွဲဘူးတာမှုတ်ဖူး၊ ဟေမန်မယ်နေတုန်းက ရွှေကျင်က ကြီးကြီးစောတို့ ဆီ အလယ်ခေါ်သွားလို့  လိုက်သွားတာတောင် ဟိုမယ် နှစ်ညဘဲ အိပ်ရသေးတယ်၊ နောက်က ငိုပြီး လိုက်လာတော့တာဘဲ၊ အစောတုန်းက သူအိပ်နေတုန်း အဖွားကို အမှတ်ရလို့ အဖွားဆိုတဲ့ သီချင်းကို ပြန်ဆိုကြည့်နေတာ ̕
ရထားသည် အမှောင်ဖျော့ဖျော့ထဲဝယ် သစ်တောကြီးကို အလယ်မှ ခွဲဖြတ်ကျော်နေသည်။ သံဂုံးတွဲ၏ အပေါက်မှသစ်တောကို ဖြတ်ကျော်လာသည့် ည လေပြေများသည် တိုးဝှေ့ ဝင်ရောက်လာသည်။ ကျနော်သည် ဤ ရထားသံဂုံးတွဲထဲတွင် သူ့ ပခုံးကလေးကို ဖျစ်ညှစ် ဆုပ်ကိုင်ထားနေသည်။ အိမ်ထောင်ပစ္စည်းများ တင်ထားသည့် ဤသံဂုံးတွဲထဲတွင် သူနှင့် ကျနော် နှစ်ယောက်ထဲ ရှိနေရသောအခါ နှစ်ယောက်သားအခြားသော ကမ္ဘာတခုသို့ သွားနေရသည်ဟု ထင်မှတ်နေရသည်။ ထိုကမ္ဘာမှာ ပို၍ ပျော်မွေ့ ဖွယ်ရာ ကောင်းလိမ့်မည်။ သူ့ မျက်နှာမှ အပြုံးများမှာ အမှောင်တ၀က်ထဲတွင်ပင် ရွှင်မြူးတောက်ပနေသည်ထင်သည်။ သူက“ မလင်းခင် အတင်းပင်၊ ကိုရွှေလင်၊ ဆိုသရှင်၊ မြင်းကိုးစီး ၀ယ်လို့ ပြင် ̕↔ဟု အဖွားအို တဦး၏ အသံတုန်တုန် မေးရိုက်မေးဝဲသံဖြင့် ဆိုခဲ့လေသည်။
̒ ဒီ အဖွားအိုကလေးကတော့ မွှေးမွှေး ပေးဘို့ ကောင်းတော့တာဘဲ ̕ ကျနော်သည် ရယ်ပြီး ပြောလိုက်၏။
̔ အမေဆိုတာကို လွမ်းမနေတော့နဲ့ ဝေရယ်၊ အမေနဲ့ အတူတူနေခဲ့တာ နှစ်တွေကြာလှဘီ၊ ကိုယ်နဲ့ နေရတာက ဘာကြာသေးလို့ လဲ ဆိုတာကို ထည့်တွက်အုံးမှပေါ့၊ ကိုယ်တို့ သစ်တောဌာနက အပြောင်းအရွှေ့ ဘာရှိလို့ လဲ၊ အမှုထမ်းဆိုတာ ပြောင်းတော့ ပြောင်းရွှေ့ ရစမြဲပေါ့လေ၊ မီးရထားဌာနကမှ တကယ့်ကို အပြောင်းအရွှေ့ များတယ်၊ အစောက ကိုယ်ပြောခဲ့တဲ့ သိန်းဆွေကြီးဆိုရင် တော်ကြာ ပြောင်း၊ အခု ပြောင်းဘဲ၊ ကိုယ့်လူကြီးက ဘာပြောသလဲ သိလား၊ ဒို့ ကတော့ မိန်းမနဲ့ လစာပါရင် အမြောက်ထဲ ထည့်ပစ်လွှတ်၊ ကျတဲ့နေရာမယ် အလုပ်လုပ်မှာဘဲတဲ့၊ ဒို့ သိန်းဆွေကြီးဆီ ၀င်လည်းအုံးမယ်၊ ကိုယ့်ဝေလေး ဘယ်လောက်လှတယ်ဆိုတာ ၀င်ကြွားရအုံးမယ်၊ အမေကို လွမ်းမနေနဲ့ ၊ သူတို့ မပါဘဲ ဒို့ ချည့်ဆိုတော့ ဘယ်လောက် လွတ်လပ်သလဲ၊ ဘယ်လောက် ပျော်စရာ ကောင်းသလဲ ̕
̒ ပျော်ဘူး ̓
̒ဘာပြုလို့ ̓
̒ ကိုကိုက ခင်ဝေ့ ကို သားမှတ်မှတ် မယားမှတ်မှတ်နဲ့ ပေါင်းဘို့ ယူလာခဲ့တာတောင် ဟုတ်ချင်မှ ဟုတ်မှာကိုး၊ မိဖကို အသိပေး တောင်းရမ်းယူတာလဲ မဟုတ်ဖူး၊ ခိုးယူတာတောင်မှ မိဖကို ပြန်အပ် ကန်တော့ပီး ယူခဲ့တာ မဟုတ်သေးဘူး၊ ခင်ဝေ ကိုကို့ ကို မယုံဘူး။ တော်တော်ကြာ သူ မပေါင်းချင်တော့ရင် ခင်ဝေ့ကို အပြစ်မရှိ အပြစ်ရှာပီး ရိုက်နှက်လွှတ်လိုက်မယ့် လူမျိုး မဟုတ်ဖူးလို့ ဘယ်သူက အာမခံနိုင်မလဲ ̓
ထိုအခါတွင် အမှောင်ထဲ၌ ကျနော်သည် သူ့ ပခုံးကို ကိုင်ထားသည့်လက် ဖြေလွှတ်လိုက်လေသည်။ ကျနော်သည် သေးသေးသွယ်သွယ် သူ့ လက်ချောင်းကလေးများကို အမှောင်ထဲ၌ပင် စမ်းပြီး ဆုပ်နယ်နေသည်၊ ဝေ့လက်ဖ၀ါးမှာ အလုပ်ကြမ်း လုပ်ခဲ့ရသဖြင့် ကြမ်းထော်နေ၍ ထိုကြမ်းထော်နေမှုကပင် ကရုဏါသင့်စဖွယ် ဖြစ်နေပြန်သည်။
̒ အဲဒီလိုတော့ မပြောနဲ့ လေ....ဝေ၊ ချက်ခြင်း ထပြောင်းလာရပြီးတော့ မင်းကလဲ ပြန်ပြေးသွားနဲ့  ဆိုတော့ပြန်အပ်ဖို့ စီစဉ်ချိန်တို့  ဘာတို့ ညာတို့ ဒို့  ဘယ်လိုလုပ်ပီး စီစဉ်နိုင်တော့မလဲ၊ ကိုယ့်အယူအဆကတော့ အကြင်နာမေတ္တာတရားလောက် ခိုင်မြဲတဲ့ အာမခံ မရှိနိုင်ပါဘူး ဝေရယ်၊ ဒို့ က ဘယ်တော့မှ အကြင်နာမေတ္တာတရား ပျောက်ပျက်နိုင်ကြမှာမှ မဟုတ်ဖူး၊ ကံကောင်းလို့ နော်...ကိုယ်ခေါ်မိပေလို့ ၊ အနို့ မို့ ဆိုရင် ဝေမပါလာဘဲနဲ့ ဒီတွဲထဲမှာ ကိုယ်တယောက်ထဲ စီးလာရခဲ့ပြီး အဆွေးတွေ ရင်ဝယ်ပြည့်လို့ ရင်ထဲကအန်ကျမခန်းဖြစ်နေရှာရမှာ ̓
ကျနော်သည် ရထားလှုပ်ရှားသံများကို ကျော်လွန်သွားအောင် လွတ်လပ်စွာ ပျော်ရွှင်စွာ ရယ်လိုက်လေသည်။ သူသည် လမှောင်ထဲတွင် ကုလားထိုင်ပေါ်မှနေ၍ မျက်နှာကို ကျနော် ရှေ့ သို့  တိုးကပ်လိုက်သည်။
̒သူမလာရင်၊ လာမခေါ်ရင် ခင်ဝေ ကျိန်ဆဲတာနဲ့  တခုခုဖြစ်တော့မှာတော့  မသိဘူး၊ လမ်းမယ် တခုခုဖြစ်ပီး ဒုက္ခရောက်မယ်၊ လူကိုက ̓
မနေ့ ညက သူ့ ကို လိုက်၍ ခေါ်ခဲ့သည်ကို ကျနော်သည် အမှတ်တရ ဖြစ်နေသည်။
ဖွဲ့ ပြာ ခင်းထားသည့် စပါးစက်သို့ သွားရာ လမ်းကျဉ်းကလေးသို့  ရောက်သောအခါ နံဘေးနှစ်ဖက် သရက်ပင်များကြားတွင် ခိုအောင်းနေသော အမှောင်ထုသည် လမ်းကလေးပေါ်မှာ ပို၍ မှောင်နေပြီး လမ်းကို စမ်း၍ နင်းနေရသည်။
ကျနော့် လက်ထဲတွင် ဝေ့ သားရေသေတ္တာ ကလေးကိုလေးလံစွာ ဆွဲလာလျက် မိုးပေါက် မိုးစက်များသည် မိုးကာအင်္ကျီပေါ်တွင် တဖျောက်ဖျောက် ထိမှန်နေလျက်၊ ကိုခင်ထွန်းအိမ်ကို အရေးတကြီး သွားရှာခဲ့သော်လည်း နှစ်ယောက်စလုံးမရှိ၊ အချိန်ကလည်း မရှိတော့၍တယောက်တည်း စွန့် စားထွက်လာခဲ့ရသည့်တိုင်အောင် ဝေ့ မိဖများနှင့် မျက်နှာချင်း မည်သို့ ဆိုင်ရမည်ကိုလည်း တွေးတော၍ မရသေးပေ။ ဝေ့ ကိုကျနော်သည် တရားဝင် ဇနီးမယားအဖြစ် တောင်းရမ်း ယူခဲူ့သည်မဟုတ် သော်လည်း ဝေသည် ကျနော့်ကို ကြိုနေမည်၊ မြှော်လင့်နေမည်ဟူ၍သာ တဖက်ကစွဲမှတ်ထားရသည်။
အမှောင်လမ်းကျဉ်းကလေး၏တဖက်အစွန်းထိပ်တွင် ကျနော်သည် အချိန်ကြာညောင်းစွာ ရပ်ပြီး တွေဝေနေသည်။ ဝေ့ မိဖများနှင့် ရင်ဆိုင်ရမည်ကို ရင်မဆိုင်ရဲဝံ့တော့သလို ဖြစ်နေသည်။ လှည့်ပြန်သွားရလျှင်...
လှည့်ပြန်သွားချင်စိတ်များ ပေါ်နေသည်။ လှည့်ပြန်သွားလျှင် သူ့ မျက်နှာကလေးကို မြင်နိုင်တော့မည်၊ သူ့ အသံ ကလေးကို ကြားနိုင်တော့မည်မဟုတ်၊
ဤ ဆုံးဖြတ်ချက် ကလေးသည် ဝေ နှင့် ကျနော့်အား တကမ္ဘာစီ ခြားသွားစေလိမ့်မည်၊ ဝေ့ကို တွေ့ွမည်၊ သူက ကျနော်နှင့်ပြန်မလိုက်လိုဟု ဆုံးဖြတ် လိုက်လျှင်လည်း သူ့  သေတ္တာကလေးနှင့် သူ့ ပစ္စည်းကလေးများကို ပေးထားခဲ့မည်။ အဖြူနှင့်အမဲ၊ အမှောင်နှင့်အလင်း၊ တခုခုနှင့် တွေ့ ဆုံရန် လာခဲ့ခြင်သာဖြစ်သည်။
ကျနော့်ရှေ့ ၌ ချောင်းကျဉ်းကလေး တားဆီးနေသည်။ ဤဘက်ကမ်း လက်ျာဘက်၌ တဲတန်းလျားတခုရှိလျက် ကျနော်သည်လက်ရမ်းမဲ့ တန်တားကလေးပေါ်မှ ကျော်ပြီး ချောင်း၏တဖက်ကမ်း ဆန်စက်ဝင်းကြီးဆီ မျှော်ကြည့်နေသည်။
မိုးသည် ကျနော်တန်တားထိပ်ရောက်သောအခါတွင် တိတ်သွားလေသည်။ ပျဉ်ဆယ်ပြားခန့်  စပ်ခင်း ထားသော်လည်း လက်ရမ်းမဲ့တန်တားကလေးမှာ ယိမ်းခါနေကာ အောက်ဖက်ချောင်းကလေးထဲတွင် ရေများ ငြိမ်သက်စွာ စီးဆင်းနေသည်။
တဖက် ဆန်စက်ဝင်းထဲတွင် ဓာတ်မီးတိုင်များမှ အလင်းရောင်များ လင်းနေလျက် စပါးစက် ခုတ်မောင်းသံ၊ အလုပ်သမားများ၏ဆူသံ၊ စကားပြောဆို အော်ဟစ်နေသံ၊ စပါးသယ်အလုပ်သမား၏ ဂရို့ ချိုး ရေတွက်နေသံများသည် လက်ရမ်းမဲ့ တန်တားကလေးထိပ်သို့ ပြေးလွှားရောက်လာနေကြသည်။ ကျနော်ရပ်တန့် နေရာ တန်တားကလေးထိပ်သို့  စက်ဝင်းထဲမှအလင်းရောင်များ မှိန်မှိန်ဝါးဝါးပြေးလာနေသည်။
တန်တားနှင့် မနီးမဝေး၌ အလုပ်သမားများ၏ နုံချာလှသော တန်းလျားများမှာ အမှောင်ထုထဲတွင် အားကိုးမဲ့လျက်ငြိမ်သက်နေသည်။ မိုးဘက် ၀င်လာပြီဖြစ်၍ ဆန်စက် ပိုင်ရှင်သည် အလုပ်သမားများကို အပြေးအလွှားစီစဉ်နေသဖြင့်အလုပ်သမားများ၏ လှုပ်ရှားမှုများမှား ပျားပန်းခတ်မျှ ဖြစ်နေသည်။
ဓာတ်မီး တိုင်အောက်မှ စပါးသည် အလုပ်သမများ အတန်းအစီအလိုက် ဖြတ်သန်းသွားနေသည်။ သူတို့ သည်ထမီတိုတိုများဝတ်ထားကြ၍ သူတို့ ၏ ခြေသလုံးသားများမှ တောင့်ခိုင်သောကြွက်သားမြောင်းများကို မြင်နေရလေသည်.။ ̒ ကျမ ငါးဆယ့်သုံးခေါက်နော်...ဟိုလူကြီး ̓ ဟု အလုပ်သမတယောက်၏ ပြောလိုက်သံနှင့်ဆူညံ့စွာအော်ဟစ် ရယ်မောလိုက်ကြ သံများသည်လည်း တန်တားထိပ်ဖက်သို့  ရောက်လာနေသည်။
̒ ယိုးဒယားမထွား သုံးဆယ့်နှစ်ခေါက် ̕
ကရို့ ချိုးသူက ခါးစောင်းနေသည့်အမျိုးသမီး တယောက်ကို နောက်ပြောင်လေသည်။
̎မနောက်ပါနဲ့ ̎
̎ အေးကြည်သုံးဆယ်၊ အေးရီ သုံးဆယ့်ရှစ်ခေါက်၊ ခင်နု သုံးဆယ့်နှစ်ခေါက်၊ မသန်းညွန့် သုံးဆယ့်တခေါက်၊ မခွေးအခေါက် လေးဆယ့်တိတိ၊ ခင်ဝေ လေးဆယ့်တခေါက် နော် မငြင်းကြနဲ့  ̎
̎ ခင်ဝေ လေးဆယ့်တစ်ခေါက် ̎
ကျနော်သည် တန်တား ထိပ်မှ ခပ်သွက်သွက်ဆင်းပြီး ဓာတ်မီးတိုင်အလင်းရောင်ရှိရာဘက်သို့ သွားနေစဉ်ဝယ် ဝေ့ ကို ခိုးသည့်ညကနှင့်မခြား စိတ်လှုပ်ရှားနေသည်။
စပါးရွက်သွားနေသည့် အမျိုးသမီး အစီအတန်းကြီးထဲတွင် ဝေ့ ကို ခပ်ဝေးဝေးမှမသဲမကွဲ လှမ်းမြင် လိုက်ရ လေသည်။ သူသည် စပါး တောင်းကို ရွက် ထား လျက် အများနှင့် ရောနှောပြီး စက်ဝမှ စက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ ကျနော်လည်း ဓာတ်မီးတိုင်အောက်တွင် ၀င်ရပ်လိုက်ပြီး....
̎ ကျနော် မခင်ဝေနဲ့ တွေ့ ချင်လို့ ပါ၊ မခင်ဝေ့ အိမ်သားပါ ̎ ဟု အလုပ်သမားတဦးကို ပြောလေသည်။
သူသည် ကျနော့် မျက်နှာကို စေ့စေ့ စပ်စပ် ကြည့်သွားလျက် သူ့ မျက်နှာ၌ ပြုံးရိပ်သန်းသွားလေသည်။ ထို့ နောက် ခပ်ဝေးဝေးစက်ဝဘက်တွင်သူတို့ ၏တသောသောရယ်ပွဲ ဖွဲ့ လိုက်သံများသည် ဓာတ်မီးတိုင်ဘက်သို့ တဖန်ပြန်၍ ပြေးလွှား လာလေသည်။
စက်ဝမှဝေသည် ရှေ့ ဆုံးမှ ခေါင်းဆောင်လျက် ခပ်သွက်သွက်လမ်းလျှောက်ထွက်လာသည်။ ထမီတိုတိုဝတ်၍ တောင်းကိုလက်တဖက်မှ ဆွဲပြီး ပခုံးပေါ်၌ လုံချည်အစုတ် တခုတင်လျက် သူခပ်သွက်သွက် လျှေက်လာနေပုံမှာ အမြင် တမျိုးခြားနားနေသည်။ ဓာတ်မီးတိုင် အလင်းရောင်ဘက်နား နီးကပ်လာသောအခါ သူ့ မျက်နှာပေါ်မှ မသိမသာ အပြုံးရိပ်များကို လှမ်းမြင်တွေ့ ရသည်။
ဝေသည် မီးတိုင်အနား ရောက်သောအခါ ကျနော်ရှိရာဘက်သို့  ခပ်နှေးနှေးလျှောက်လာလျက် ခေါင်းကို မသိမသာ ငုံ့ လိုက်လေသည်။ ထိုခဏ၌ဖြူညက်နေသော သူ့ ပါးပြင်ပေါ်တွင် ရှက်စိတ်ဖြင့် နီထွေးသွားပြီး ̎ ခဏနေအုံးနော်၊ ဒီတခေါက်သယ်လိုက်ပီးရင် ခေါက်ရေသွားပေးလိုက်တော့မယ် ̎ ဟု တိုးတိုးပြောပြီး ပြန်လှည့်လိုက်သည်။ သူ့ နဖူးပေါ်၌ ချွေးဥကလေးများ စို့ နေသဖြင့် သူ့ အသားရောင်မှာ ချွေးဖြင့်ပို၍ လတ်ဆတ်နုစိုပြီး ချစ်စဖွယ် ဖြစ်နေသည်။ သူစကားပြောသွားသံမှာ အသံတုန်တုန်ယင်ယင် ဖြစ်နေသည်။ သူသည် လူအုပ်ထဲ ရောနှောသွားပြီး စပါးသယ်လျက် စက်ဖက်သို့  တခေါက်ပြန် လိုက်သွားပြီးမှ တခေါက်ပြန်လာသည်။
အလုပ်သမများသည် ကျနော့် ကိုကြည့်ပြီး တယောက်က ̎ ဝေလာပါဘီကိုကို ̎ ဟု မကြားနိုးနား ပြောလိုက်လျက် ၀ိုင်း၍ရယ်လိုက်ကြလေသည်။
ဝေသည် ဓာတ်မီးတိုင်အောက်ဖက် ကျနော့် ရှေ့ ၌ လာ၍ရပ်လေသည်။ ကျနော်သည် လည်း အလင်းရောင် မှုန် ပ် ပ် အောက်တွင် သူ့ မျက်နှာကလေးကို ငေး၍ကြည့်နေရင်း ရင်ထဲတွင် ကရုဏာ စေတသိက်တို့ ဖြင့် သိမ့်သိမ့်ခါနေသည်။
သနားစဖွယ် စက်တွင်း အလုပ်ကြမ်းသမလေး မခင်ဝေ၊ ပင်ပန်း ဆင်းရဲ လွန်းရှာသည့်မိန်းကလေး မခင်ဝေ၊ အစစအရာရာအောက်တန်း နုံ နဲ့ ရှာသည့် မခင်ဝေ၊ အစော်ကားခံ၊ လူအထင်သေးခံ လူတန်းစားထဲမှ ဝေ။
ဝေ၏ ပင်ပန်းစွာ၊ မောပန်းစွာ အသက်ရှူရှိုက်သံကို ကြားနေရသည်။ ဓာတ်မီးတိုင် အလင်းရောင် မှိန်မှိန် အောက်တွင်ဆေးရောင် ပျက်နေပြီး အဖာအထေးများဖြင့် သူ့ အင်္ကျီအစိမ်းရောင်မှာ နွမ်းကြေနေသည်။
̎ မနက်ဖြန်ကို ပြောင်းရတော့မှာ မို့ လို့  ကိုယ်လာခေါ်တာ ဝေ ၊ ဒီကနေ့ ဘဲရုံးက အမိန့် ထပ်ရတယ်၊ ကိုခင်ထွန်းကြီးတို့ မရွှေတို့ ကိုလဲ ရှာမရတာနဲ့  ကိုယ်တော့ မနဲကို စွန့် စားပြီး ကြောက်အားနဲ့ ရှေ့ မျက်နှာ နောက်ထားပြီး အရောက် လာခဲ့တာဘဲ ̎
ကျနော်သည် ပျော်ရွှင်စွာ ခပ်တိုးတိုး ရယ်လိုက်မိပြီး ထိုအချိန်တွင် စိတ်ထဲ၌ ပျော်ရွှင်ကြည်နူးနေမှုမှာ မနှိုင်းမဖော်ပြနိုင်အောင် ရှိနေသည်။
̎ မင်းဘာပြုလို့ စက်ထဲ ဆင်းနေရတာလဲ၊ ဒုက္ခဘဲ၊ မင်းယောက်ျားဟာ သစ်တောဘက်က အငယ်တန်း သစ်တောအုပ်ကလေးဆိုတာကော သိများမှ သိရဲ့ လား ဝေရယ်၊ တောအုပ်ကလေးမိန်မက စပါးစက်ထဲမယ် စပါးသယ်နေတယ်ဆိုတော့ လူကြားလို့ မှ မကောင်းတော့ဘူး၊ ကိုယ်က ပျော်မယားယူထားတာ ကျနေတာဘဲ၊ မင်း မသိမ်ငယ်ဘူးလား၊ ပြီးတော့ ဝေ မနေနိုင်လို့ ထွက်သွားချင်လဲ သွားတာပေါ့လေ၊ သွားရင်လဲအ၀တ်အစားလေး ဘာလေးတော့ ၀တ်စားသွားဖို့ ကောင်းတာပေါ့၊ အခုတော့ ဖိနပ်မပါ အင်္ကျီအဖာတရာနဲ့  မင်း ထွက်သွားတော့ မိုးရွာနေတုန်းမှုတ်လား၊ လူ ဘယ်လောက် အထင်သေးစရာကောင်းလဲ ဝေရယ်၊ လူတွေဟာ အထင်သေးလာရင် စော်ကား လာတတ်ကြတယ်၊ ကဲ မင်း လိုက်ခဲ့မယ်မှုတ်လား ဝေ ̎
သူသည် ခေါင်းကို ဖြည်းဖြည်း မော့လိုက်လေသည်။ နီမြန်းနေသည့် သူ့ မျက်နှာထက်မှ မှေးမှေးမှိန်မှိန် အပြုံးရိပ်များကို တွေ့ မြင်နေရသည်။
̎ အမေတို့ သွားပြီး နှုတ်ဆက်အုံးမှပေါ့ ̎ ဟု သူက တိုးတိုးပြန်ပြောသည်။
̎ ဖြစ်ပါ့မလား၊ ကိုယ်တို့ က နှစ်ဦးနှစ်ဖက် မိဖစုံရာနဲ့ တောင်းရမ်းထားတာလဲ မဟုတ်ဖူး၊ ပြီးတော့ ခိုးပြေး၊ ပြီးတော့လဲ ပြန်တောင် အပ်ရသေးတာလဲ မဟုတ်ဖူး၊ ဒီအတိုင်း ကိုယ် မျက်နှာပြောင်တိုက်ပြီး လိုက်လာရင် စော်ကားသလို ကျနေတော့မှာပေါ့၊ ကိုယ့်ဘက်က ချွတ်ယွင်းနေတော့ ရင်လဲ မဆိုင်ဝံ့ဘူး၊ ကိုယ်အပြင်ဘက်က စောင့်နေမယ်၊ မင်း သွားပြီး နှုတ်ဆက်လာခဲ့လေ ̎
̎ ကိစ္စမရှိပါဘူး၊ အမေ့ကို ခင်ဝေ ပြောထားပြီးသားဘဲ ကိုကို၊ အမေလဲ သူ့ သမက်ကို မြင်ဘူး တွေ့ ဘူးချင်မှာပေါ့၊ ကိုကို့ ကိုအမေလဲ မြင်ရင် ခင်မှာ စိတ်ချပါ၊ ပြောင်းသွားပြီင်္း ခါမှ ဒီကို တမင်သက်သက် လာတွေ့ ဖိုဆိုတာ မလွယ်ဘူး မှုတ်လား၊ ပီးတော့ ဦးလေးလဲ စက်ထဲ အလုပ်ဆင်းနေလို့  အိမ်မယ်မရှိဘူး၊ တန်တား ဟိုဘက်လမ်းက တန်းလျား၊ ဟိုမယ် မီးရောင်လက်နေတဲ့ အခန်းလေ ̎
ထိုနောက် သူသည် စကားပြောရင်း တန်းလမ်းမှ ကျနော့် လက်ထဲတွင် ကိုင်ထားသည့် သူ့ သားရေသေတ္တာကို မြင်တွေ့ သွားလေသည်။ ရုတ်တရက် သူ့ မျက်နှာမှာ မှိုင်းညို့ သွားလျက် အပြံးများ လွင့်ပြေးသွားက သူ့ မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ရစ်ဝိုင်းလာသည်။ ̎ ဒါက ဘာလုပ်တာလဲ ဟင်... ̎ ဟု သူသည် ကျနော့် မျက်နှာကို စေ့ စေ့ ကြည့်ပြီး မေးလေသည်။
̎သေတ္တာက ဘာလုပ်ဖို့  ယူလာတာလဲ၊ အော်...ခင်ဝေ့ ပစ္စည်းဆိုပြီး ခင်ဝေ့ ဆီ လာပို့ တာနော် ကိုကို၊ ပြောင်းခါနီးလာနှုတ်ဆက်ရင်း ခင်ဝေ့ ကိုမြင်လို့ အားနာပြီး သနားပြီး ခေါ်တာမှုတ်လား ̎
စက်ခုတ်မောင်းနေသံ၊ အလုပ်သမားများ၏ ဆူညံ့လှုပ်ရှားသံ၊ ချောင်းငယ်ကလေးမှ ရေစီးသံများအောက်တွင် သူ့ စကား ပြောသံမှာ တိမ်ဝင်သွားသည်၊ ကျနော်လည်း သူ့ ရှေ့ သို့ ခြေတလှမ်း တိုးလိုက်သည်။
̎ မဟုတ်ဖူးဝေ ၊ မင်း အဲဒီလိုချည့် မတွေးနဲ့ ၊ ကိုယ်ကလဲ ဝေကိုယ့်ကို သိပ်မုန်း၊ သိပ်နာကြည်းသွားဘီလို့ ထင်တာကိုး၊ ဝေပြန်လာတော့မှာ မဟုတ်ဖူးလို့ ထင်နေတာကိုး၊ မရအရတော့ ခေါ်မယ်၊ ကိုယ်တို့  ရုံးမှာ လက်မှတ်ထိုးထားတာ ရုံးကနေပြီး ဖြစ်ဖြစ် ခေါ်မယ်လို့ ကိုယ်ဆုံးဖြတ်ထားတယ်၊ ဒါပေမယ့် ဝေကများ လုံးလုံးခေါ်လို့ မရအောင် ဇွတ်ငြင်း နေမလားလို့ ထင်လာတာနဲ့  ̎
̎ ဒါဖြင့်ပြန်တော့၊ ခင်ဝေ မလိုက်ချင်တော့ဘူး ̎
̎ကဲ သွားမှာသာ သွားစမ်းပါ၊ နောက်မှ မကျေနပ်တာကို ပြောစမ်းပါ ̎
ဝေ သည် ကျနော့်ကို ကျော်ပြီး တန်တားဘက်သို့ သွက်သွက် လက်လက် လျှောက်သွားသည်။ သူ နှင့်ကျနော် တန်တားအပေါ်လျှေက်သွားသောအခါ စပါးသယ် အလုပ်သမများ၏ ပြောင်လှေင် ရယ်မောပျော်ရွှင်သံသည် နောက်ဖက်တွင် ဝေးစွာကျန်နေရစ်ခဲ့သည်။
လက်ရန်းမဲ့ တန်တားကလေးပေါ်တွင် အမှောင်ရိပ်ထိုးနေကာ အလင်းရောင်လဲ့လဲ့မျှသာရှိသည်။ ကျနော် သူ့ ကို ကျော်တက်သွားလျက် တန်တားအလယ်တွင် သူ့ လက်ကို ဖျတ်ကနဲ့ လှမ်းဆွဲလိုက်လျှင် သူသည် ဟန်လုပ်၍ ရုန်းနေသည်။ အသားကြမ်းပြီး မာနေသည့် သူ့ လက်ကလေးမှာ ကျနော့် လက်ထဲတွင် နစ်မြုပ်သွားလျက် သူ့ လက်မှ ထွက်နေသည့် ချွေးစေးများသည် ကျနော့် လက်ကို စွန်းထင်းကုန်သည်။
̎ ခဏရပ်စမ်းပါအုံး၊ ဒေါသချည့်ဘဲ ̎ ဟု ကျနော် ရယ်မောပြောလိုက်သံထဲတွင် ရင်ခုန်နွေးထွေးသံပါနေသည်။ ယိမ်းထိုးနေသော တန်တားကလေး၏အလယ်တွင် သူသည် ကျနော်နှင့် ဘေးချင်းယှဉ်၍ အသားချင်း ထိကပ်နေလျက် သူ့ အသက်ရှူသံမှာ လှိုက်မောသံပါနေသည်၊
ထို အချိန်တိုကလေး၌ ကျနော့် စိတ်နှလုံးထဲတွင် သံသယသည် စက်ဆုတ်ရွံရှာဘွယ်ရာ ရေးရေး ၀ါးဝါး ပြန်ပေါ်လာရာမှ တဖြည်းဖြည်းထင်ရှားလိုက်လာနေသည်။ ခဏအတွင်းတွင် ကျနော့် မျက်နှာပေါ်မှ အပြုံးများ၊ ကျနော့် ရင်ထဲမှပြင်းထန် လှုပ်ရှားသော ချစ်အားလွန် စိတ်များသည် လျော့သွားပြန်သည်။ သူ့ လက်ကို ဆုပ်ကိုင်ထားသော ကျနော့်လက်များမှာအားအင် ကုန်ခန်းစွာဖြင့် တဖြည်းဖြည်း တစစ ပြေလျော့လိုက်လာနေသည်။ ဝေ့ ပါးပြင်ထက်တွင် လူးထားသည့် သနပ်ခါး ရနံ့ သည် ကျနော့်ကို တိုးဝှေ့ နေသည်။ သူ့ လက်ချောင်း သေးသေးသွယ်သွယ်ကလေများကမူ ကျနော့် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ဝေသည် မှောက်ပျပျထဲတွင် ကျနော့် မျက်နှာကို စိမ်းစိမ်းကြည့်ရှုနေလျက် စကားကို တိုးတိုး စတင်၍ ပြောလေသည်။ သူနှင့် ကျနော် အိမ်ထောင်သည် ဖြစ်ကြပြီးမှ သမီးရည်းစားစကားကို ပြောနေကြပြန်သည် ထင်သည်။
̎ ကိုကိုဟာ ဒီလိုချည့်ဘဲ၊ ဘယ်တော့မဆို လုပ်လိုက်ရင်လဲဘာမှ မစဉ်စားတော့ဘူး၊ ပြောလိုက်ရင်လဲ ဘာမှ မစဉ်းစားတော့ဘူး၊ မိန်းမလာခေါ်တာ အခုလို လာခေါ်တော့ မိန်းမပြန်လာတာကို၊ နောက်က အထုပ်အပိုးနဲ့ လို်က်ပို့ တာဖြစ်မနေဘူးလား၊ ဒီသေတ္တာကြီး ပါလာတာ အမေတို့ သိရင်တော့ဒုက္ခဘဲ၊ ပြီးတော့ ဟိုနေ့ ကလဲ သာသာကြည်ကြည် မေးရင် ခင်ဝေ ပြောပြမှပေါ့၊ ပြောပြလို့ မှ မကြေနပ်လဲ ရိုက်ချင်ရိုက် သတ်ချင် သတ်ပစ်၊ အခုတော့ မေးလိုက်ကတဲက ဒေါသနဲ့  မျက်မှောင်ကြီးကုတ်လို့ ၊ လူကို စွပ်စွဲပြီးသား တရားခံကြည့်ကြည့် တရားခံစစ် စစ်နေတာဘဲ၊ ခင်ဝေ ပြန်ပြောတော့လဲ သူကဘဲ ဒေါသဖြစ်ပြီး ရိုက်ပစ်သေးတယ်၊ သူ့ မယ်သာ ဒေါသရှိတာအောင်မေ့တယ်ထင်တယ်၊ အဲဒီနေ့ ကမုန်းလိုက်တာသေအောင် လို်က်ခေါ်လဲ ပြန်ကိုမလိုက်တော့ဘူးလို့  ဆုံးဖြတ်လာတာ↔
̎ အဲဒီနေ့ က ဈေးထဲမယ် တွေ့ တဲ့ ကိုတင်စိန်ဟာအမေ့ မောင် ခင်ဝေ တို့ ဦးလေးတော်သေးတယ်၊ ဒါကြောင့် အိမ်မယ် အမေ့အကြောင်း စုံစမ်းကြည့်တာ၊ တူမလင်ယူတာကို ဦးလေးကို ပြန် စုံစမ်းခိုင်းကြည့်တယ်ဆိုတာ ပြောရင် ခင်ဝေကို သူအထင်သေးသွားမှာပေါ့၊ ဦးလေးအရင်းတော့မဟုတ်ပါဘူး
ခင်ဝေအိမ်ပြန်လာတော့ သူရိုက်လိုက်တဲ့ ဒဏ်ရာတွေကို အမေ့ကို ဘယ်လို ပြောရမှန်းလဲ မသိဘူး၊ ဘာပြုလို့ ပြန်လာရတယ်ဆိုတာလဲ ဘယ်လို ပြောရမှန်း မသိတော့ဘူး၊ လမ်းမယ် ချော်လဲသွားလို့ နှုတ်ခမ်း ပေါက်သွားတယ်လို့ ပြောတော့ အမေက ဘယ်ယုံမလဲ ̎
̎ သူများ အိမ်မယ်နေရတာ ညတိုင်းငိုနေရတာဘဲ၊ ဦးလေးကလဲ ကိုကို့ ကိုသိပ်စိတ်ဆိုးတာ၊ အမေက မနဲ ချော့ထားရတယ်၊ ကိုကိုဟာ သိပ်ရက်စက်တယ်၊ အသနား အညှာတာမရှိဘူး သူများးကို ဒီလို ရက်ရက်စက်စက် လုပ်မှာတော့ မဟုတ်ဖူးလို့ ထင်ခဲ့တာ၊ ညားကြလို့ လင်မယားလို့ တောင်ခေါ်လို့ မရသေးဘူး၊ သေကောင်ပေါင်းလဲရိုက်တာဘဲ၊ နောက်လဲဒီလိုဘဲနေမှာပါဘဲ ဒီလူ၊ သူများ ပြန်မလိုက်ချင်တော့ဘူး၊ မလိုက်ရဲတော့ဘူး၊ ကိုယ့်ဘာသာ ပြန်ပြီး ဘယ်ကို ပြောင်းပြောင်း ပြောင်းသွားတော့၊ ဘယ်က မိန်းမ ယူ ယူ ယူတော့ ̎
သူ စကားပြောနေစဉ်တွင် ကျနော်သည် သူ့ ခါး သိမ်သိမ်ကလေးကို လက်ဖြင့် တပတ်ရစ် ဖက်ထားလျက် သူ့ ပါးကို မထိတထိ နမ်းနေသည်။ သူ့ စကားလုံး အချို့ သည် နားထဲမှလျှံ ထွက်သွားနေသည်။သူ့ အသားမှာ နွေးပူနေလျက်၊
̎̎ တဖက်သတ်ချည့် ပြောလို့ တော့ ဘယ်ဖြစ်မလဲ ဝေရယ်၊ ကိုယ် အမှန်ပြောရရင် သဘောထား မသေးတတ်ပါဘူး၊ ဘယ်ယောက်ျားတွေနဲ့ ဘယ်မိန်းမတွေ ဘာဖြစ်နေ ဖြစ်နေ ကိုယ်ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် ဝေနဲ့ ဆိုရင်တော့ သ၀န်တိုတာ၊ သံသယဖြစ်တာ အမြဲတန်း ဖြစ်မိမှာဘဲ၊ ဘာကြောင့်လဲဆိုတော့ ဝေ့ ကို ကိုယ်ချစ်တာက သူတကာတွေ ချစ်တာထက် ရှစ်ဆတောင်ပိုတာကိုး၊ ပြီးတော့ ကိုတင်စိန်ဟာ ဝေ့ ဦးလေးတော်သေးမှန်းသာ မသိတာ၊ အဲဒီလူ ပွေတာ ရှုပ်တာကိုယ်ကသိတော့ အဲဒီလူနဲ့ စကားပြောတာ အသာဖယ်ထားလို့ ပြံးပြတာကလေးတောင်မှ ကိုယ့်အတွက် သံသယ ဖြစ်ကိုဖြစ်မှာဘဲ၊ ကိုယ့်စိတ်ထဲက ဘယ်လိုနေမလဲ၊ ဝေ မှန်းဆကြည့်စမ်း ̎
̎ကိုကိုကတော့ လွန်ပါတယ်၊ လွှတ်အုံးကွယ်၊ အခန်းကိုသွားကြရအောင်၊ ဒီသေတ္တာကြီးက ယူခဲ့လို့ လဲမကောင်းဘူး၊ တန်တားအောက်မှာ ဖွက်ထားခဲ့ရင်လဲ ရွှံ့ တွေနဲ့ ၊ ကဲလေ မထူးတော့ပါဘူး၊ ယူခဲ့၊ အိမ်အပြင်ဘက်မှာ ချထားလိုက်တာပေါ့ ̎
ကျနော်တို့ ဖြတ်လျှေက်သွားကြသောအခါ ဤချစ်စဖွယ်ကောင်းသည့် တန်တားကလေးသည် ပုခက်လွှဲသလို ယိမ်းထိုးလှုပ်သွားလေသည်။
တန်တားထိပ်တွင် “ကိုကို ခဏနေခဲ့အုံးနော်၊ ပြီးတော့မှခင်ဝေလာခေါ်မယ် ↔သူသည် တိုးတိုးပြောသွားပြီး တန်တားနှင့်တန်းလျားဆက်ထားသော နင်းကြမ်းပေါ်မှ စမ်းနင်း၍အမှောင်ထဲတွင် တန်းလျားပေါ်သို့ တက်သွားလေသည်။
ခဏကြာလျှင် အမှောင်ထဲ၌ တန်းလျား၏ ရှေ့ ကြမ်းပြင်အတိုင်း ပြန်လျှောက်လာပြီး သူသည် ကျနော့် ကို တီးတိုးခေါ်သွားပြန်သည်။
ထို့ နောက် သူ့ နောက်ဖက်မှကပ်ပြီးတန်းလျားရှေ့ စွတ်စိုပြီး အပေါ်က်အပဲ့ များ ရှိနေသည့် ကြမ်းပြင်အတိုင်းနင်းပြီး မီးခွက်မှိန်မှိန်တခွက် ထွန်းညှိထားရာ တန်းလျား၏ အလယ်ဘက်အခန်းသို့ လျှောက်လာခဲ့လေသည်။ တန်းလျား၏အောက်ဖက်မှ ရွှံ့ ဗွက်ရနံ့ များသည် ကြမ်းပြင်တွင် လာ၍ နံနေပြီး ချောင်းရေကျသံသည် မလျော်မလိုက်ဖက်သော ဂီတတေးသံတခုနှင့် တူနေသည်။
သူသည် မီးရောင်မှိန်မှိန် အလယ် ခန်းဝတွင် ရပ်ပြီး “လာလေကိုကို ↔ဟု တိုးတိုးခေါ်လိုက်ပြန်သည်။
အခန်းကျဉ်းကလေးထဲတွင် လေတိုးလျှင် ယိမ်းနွဲ့ လှုပ်ရှားနေသည့် မီးခွက်တခုမှ အလင်းရောင်မှိန်ပျပျသာလျှင် မထင်မရှား လင်းနေသည်။ ပေါ်က်ပဲ့ နေသော ထရံအဆွေးများကို ကျော်ပြီး မီးဖိုခန်းဘက်ကို လှမ်းမြင်နေရသည်။
ဤအခန်း ကျဉ်းကလေးထဲ၌ချေးညှော်နံ့ ၊ ချွေးနံ့ များနံနေသည်။ တဖက်ထောင့်၌ ပေါက်ဗြဲနေသော ခြင်ထောင်တလုံးကို တပိုင်းပစ်တင်ထောင်လျက် ဖျာပေါ်တွင် စောင်အစုတ်များ၊ အ၀တ်အစား ဟောင်းများ၊ ချေးတက်နေသော ခေါင်းအုံးများရှုပ်ထွေးပွရောင်းနေသည်။ ထရံ၏ တဖက်၌ ပြုံးရွှင်စွာရယ်မောနေသော ဝေ့ ဓာတ်ပုံသုံးပုံကို မီးရောင် မထင်မရှားဖြင့် မြင်နေရသည်။
ဝေသည် ကလေး ကလေးကဲ့သို့  အပြေးအလွှားသွားလျက်ထောင့်မှ သင်ဖြူးဖျာတချပ်ကို ယူလာခဲ့ပြီး ချေးညှော်များတင်နေသည့်ကြမ်းပြင်ပေါ်၌ ဖြန့် ခင်းလိုက်လေသည်။
သူသည် ဖျာတဖက်၌ပုဆစ်ဒူး တုပ်ထိုင်ပြီး “လာ...ထိုင်လေ ကိုကို ↔ဟုပြောသည်။
̎ ကိုကိုခဏလေးထိုင်နှင့်အုံးနော်၊ အမေဟိုဘက်အခန်းမယ်၊ ခဏလေးနော်၊ ခင်ဝေ သွားခေါ် လိုက်အုံးမယ်၊ အမေ့ကို ခင်ဝေပြောထားပြီးသားပါ၊ ကိုကိုနဲ့ ခင်ဝေကို အမေ သဘောတူပါတယ်၊ သဘောမတူရင်တော့ ခင်ဝေငိုမှာဘဲ ̎
မီးရောင်ဖျော့ဖျော့တွင် သူ့ မျက်နှာကလေးပေါ် ၀ယ် အားငယ် သိမ်ငယ်မှုများကို ဖော်ပြနေသည် ဟု ထင်နေရသည်။ သူသည် နုံ ချာစုတ်နုတ်မှုအတွက် သနားစဖွယ် အားငယ်နေရှာနေသည်။ ထို့ နောက် အိနြေ္ဒမရသော ကလေးလို အခန်းထဲမှ သွက်လက်စွာထွက်သွားပြီး အပြင်ဘက် အမှောင်ထဲတွင်ပျောက်ကွယ်သွားပြန်သည်။
ရေနံဆီ မီးခွက်မှ အလင်းရောင်သည် သနားစဖွယ် ကောင်းသည့်ဝေ့ ဘ၀အခြေခံကို ထွန်းညှိပြပေးနေသည်။ မီးဖိုဘက်မှ ရုန်ရွဲ့ နေသောကြောင်အိမ်၊ ချေးညှော် လူးနေသည့် မှောက်ထားသော အိုးခွက်ပန်းကန်များ၊ အမြီးကျိုးနေသည့် ကြေးဇွန်းနှစ်ချောင်း စသည့် အရာဝတ္ထုအပေါင်းပေါ်သို့  မီးရောင်မှိန်မှိန်ကျနေသည်။ ဝေ နှင့်ကျနော့်ကို ကျနော့် မိခင်သည် သဘောတူလိမ့်မည် မဟုတ်ပေ။
ဝေသည် နွံတောထဲတွင် ပေါက်သောကြာပန်း အဖြစ်နှင့် အလှပေါင်းစုံစုနေသည်။ နွံ၏ရနံ့ နှင့် ကြာပဒုံတို့ ၏ ရနံ့ မှာရောထွေးနေပေသည်။
ဝေ အခန်းဝမှာသူ့ မိခင်နှင့်အတူ ပြန်ဝင်လာချိန်တွင်ကျနော်သည် ခေါင်းကိုငုံ့ ထားလျက် ငြိမ်သက်နေသည်။ ဝေ့ အမေမှာ အသက်သုံးဆယ်ခြောက်နှစ် မျှထက် ပိုဦးမည်မဟုတ်။ ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့်၊ ကိုယ်လုံးသွယ်သွယ်နှင့် အင်္ကျီ အထူစားကိုပင် ၀တ်ထားလျက် မိန်းမလှတဦးပင် ဖြစ်လေသည်။ သူသည် အိပ်ရာနံဘေး၌ ကိုယ်ကို တစောင်းလှည့်ထိုင်ပြီး နံရံကိုကြည့်၍ အချိန်ကြာမြင့်စွာ ငေးနေသည်။ သမီးဝေနှင့် ခွဲရတော့မည်ကို တွေးနေပေမည်။
̎̎ကိုကိုက မနက်ဖြန်ကာပြောင်းရတော့မှာတဲ့အမေ၊ မြို့သစ်ကလေးဆိုတာ သိပ်မဝေးဘူးတဲ့၊ ဒါကြောင့် ခင်ဝေ့ ကိုလာခေါ်တာ၊ မနက်ဖြန်ညနေဘက်ရထားနဲ့ ပြောင်းဖို့ မနက်ကထဲက စီစဉ်ရမှာတဲ့၊ သမီးမကြာမကြာ လာလည်မှာပေါ့အမေ ̎
ဝေက တိုးတိုးပြောသည်။
̎ ကျနော်တို့  မကြာမကြာ လာလည်ပါမယ်၊ ဝေလာလည်ချင်တယ်ဆိုလဲ ကျနော်အမြဲလိုက်ပို့ ပေးပါမယ်၊ ပြောင်းဖို့ ကအရေးတကြီးဖြစ်လာတော့ ကျနော်လဲ ဘာမှ မစီစဉ်နိုင်တာ့ပါဘူး ̎
စင်စစ်ဝေ့ အား မိသား ဖသားပီပီ တောင်ရမ်းမယူနိုင်ဘဲ လမ်းမှာတွေ့ သည့်ခလုတ်ကိုတိုက်သလို စီစဉ်နေသော ကျနော့် အစီစဉ်များမှာ ဝေရော ဝေ့ အမေကိုပါစော်ကား နိုင့်ထက်ကလူပြုရာ၊ အထက်စီးယူလွန်းရာ ကျနေကာ ကျနော် သည်စကားပြောနေရင်း စိတ်ထဲ၌ မချမ်းမြေ့နိုင်တော့ပေ။
ဝေ့ အမေသည် ဝေ့ ကိုစကားတိုးတိုးပြောပြီး ငိုက်ရှိုက်နေ၏။ သူ့ ငိုရှိုက်သံကြားထဲတွင် ကျနော်နှင့် ဝေသည် မီးရောင်မှိန်မှိန်အောက်ဝယ် စိတ်မချမ်းမြေ့ စွာနှင့် ကန်တော့နေကြလေသည်။ “အမကြီး သမီးလေးဟာ ကလေးအရွယ်လေးရှိပါသေးတယ်ကွယ်၊ ကွယ်ရာမယ်တော့ မနှိပ်စက်ပါနဲ့  ↔ဟုပြောနေသံမှာလည်း စိတ်မချမ်းမြေ့ ဖွယ်ရာ ဖြစ်နေသည်။
ကျနော်တို့ သည် ဤကျဉ်းကျပ်သည့် တန်းလျားကလေးမှ ထွက်လာပြီး အပြင်ဘက် ကြမ်းပြင်အတိုင်း အမှောင်ထဲတွင်စမ်းပြီး နင်းလျှောက် လာကြသောအခါ ဝေသည်ကျနော့်ဘေးမှ လိုက်ပါလာ၍ ကျနော့်လက်ထဲမှ၊ သူ့ သေတ္တာကို သူ့ ခေါင်းပေါ်သို ပြောင်းရွှေ့ ရွက်လာနေသည်။
̎ ကိုကိုခင်ဝေ့ ကို အမှတ်တောင် မရဘူးမှုတ်လားဟင် ̎ ဟု ဝေသည် တန်တားထိပ်သို့ ရောက်သောအခါ မေးနေ၏။
̎ ခင်ဝေကတော့ နေ့ တိုင်းညကျရင် ငိုရတာဘဲ ၊ အခုလေစက်က ကောင်မတွေက ခင်ဝေ့ ကို အပေါင်းအသင်း မလုပ်ကြတော့ဘူး၊ သူတို့ က ခင်ဝေ့ကို အလကားကောင်မလို့  ထင်နေကြတယ်၊ ဘာပြုလို့ လဲဆိုတော့ ကိုကိုလို တောအုပ်တယောက်က ခင်ဝေ့ ကို အတည်ကြံတာမဟုတ်ဖူး အပျော် ကြံတာတဲ့လေ၊ ဒါကြောင့် သူတို့ ကို ကြွားပြမလို့  ကိုကိုလာခေါ်ကို နေ့ တိုင်းစောင့်နေတာ၊ ကိုကိုလာခေါ်လိမ့်မယ်လို့  သူတို့ ကိုလဲ ပြောထားတယ်၊ အမေ့လဲပြောထားတယ်၊ တကယ်လို့ ကိုကိုများလာမခေါ်ဘဲနဲ့ ခင်ဝေ့ ကိုပစ်ပြေးသွားရင် ကိုယ့်ကိုကို သတ်သေပစ်လိုက်မလို့ ၊ အိမ်ကဆင်းလာခဲ့တုန်းကတော့ စိတ်သိပ်နာတာဘဲ၊ တော်ရုံတန်ရုံခေါ်တာနဲ့  ဘယ်တော့မှ ပြန်မလိုက်ဖူးလို မရမကလာခေါ်မှ ပြန်လိုက်တော့မယ်လို့  ဆုံးဖြတ် ထားတယ်၊ အခု စက်ထဲဆင်းနေတာ ဟိုနေ့ က အိမ်ပေါ်ကဆင်းလားပြီးပြီးချင်း ဆင်းတာဘဲ၊ ဆယ်ရက်တိတ်ရှိသွားဘီ၊ ငွေငါးဆယ်ကျော်နေဘီ၊ အမေ့ကိုပေးပစ်ခဲ့လိုက်တယ်နော် ̎
ကျနော်သည် သူ့ ကိုယ်လုံးကလေးကို ဆွဲပွေ့ လိုက်ပြီး လက်ရန်းမဲ့ တန်းတားကလေးထိပ်တွင် စိတ်လှုပ်ရှားစွာဖြင့် ဖျစ်ညှစ်နေမိပြန်သည်။
̎ ကိုကို ပျော်ဘူးလားဟင် ̎ဟု သူကလည်း အသံတုန်တုန်ဖြင့် တိုးတိုးမေးသည်။
̎ ဝေလဲပျော်တယ်မှုတ်လား ̎
̎ ပျော်ပါဘူး ̎
ကျနော်သည် အသံကိုထိန်း၍ ရယ်နေ၏၊ ထို့ နောက် သူ့ ပါးပြင်ကို နမ်းလိုက်သောအခါ မျက်ရည်များဖြင့် ပူနွေးနေလေသည်။ သူ နှင့်ကျနော်သည် ဓာတ်မီးတိုင်မဲ့ လမ်းကျဉ်းကလေးထဲတွင် နှစ်ယောက်ပူးကပ်လျှောက်လာကြစဉ် “နောက် ခင်ဝေ့ ကို ကိုကို မရိုက်ပါနဲ့ နော် ↔ဟု တိုးတိုးပြောနေသည်။
ယခုလည်း...
“သူမလာရင် လာမခေါ်ရင် ခင်ဝေ ကျိန်ဆဲတာနဲ့ တခုခုဖြစ်တော့မှာတော့ မသိဘူး၊ လူကိုက ↔ဟုဝေသည် ပြောနေ၏။
အမှောင်နှင့် အလင်း ရောစပ်နေသည့် ကြယ်ရောင်ခြည်အောက် ချိုမြစွာ ပြုံးရွှင်ထားသော သူ့ မျက်နှာရှေ့ မှောက်၊ သံဂုံးတွဲ၏ တဂျောင်းဂျောင်းမြည်သံ၊ ရထားခုတ်မောင်းသံ၊ ရထားဥသြ ဆွဲသံများအကြား၌ နှစ်ခြိုက်လွတ်လပ်စွာ ရယ်မောနေသည်။
September 21, 2009
မွှေးရီ ပွင့်နီ ဝေဒနာ
၁။
“မာနယ်ပလော” သို့ ရောက်လာခဲ့သည်မှာ (၆)လခန့် ရှိပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးခန်း၏ နောက်ဖက် အမိုးစွန်းကလေးအောက်တွင် အခန်းဖွဲ့နေထိုင်ခဲ့သည်မှာ (၃)လ ရှိပြီ။ မယ်တုက္ခီစမ်းချောင်း ရေစီးသံကို နှစ်ဆယ့်လေးနာရီမပြတ် ကျနော်ကြားနေခဲ့ရ၏။ တခါတရံ စမ်းရေစီးသံများကို နာရီအတော်ကြာ နားစိုက်ထောင်ခဲ့ ဖူး၏။ ကျနော့်မှာ မယ်တုက္ခီစမ်းချောင်း၏ အင်္လကာဆန်သောရေစီးသံများကို နားထောင်၍ပင် မတင်းတိမ်နိုင်ခဲ့။
ဌာနချုပ်ရုံး၏ မြောက်ဖက်က သစ်ပင်ချုံပင်များ၊ ငှက်ပျောပင်ရိုင်းများကို ခုတ်ထွင်ရှင်းလင်းရင်း မယ်တုက္ခီစမ်းချောင်းဆီက ရေစီးသံကို ကျနော်ကြားနေရသည်။ သောင်ရင်းမြစ်ထဲစီးဝင်ပေါင်းစပ်ရန် ကွေ့တကွေ့အလိုတွင်ဖြစ်သဖြင့် စမ်းချောင်းမှာ ၀ါးတထောက်မျှ နိမ့်ဆင်းနေလျှက်၊ ကျောက်တုံးကျောက်ခက်များနှင့် ပြည့်နေလေသည်။ ထို့ကြောင့် ရေစီးသံမှာ ပိုပြီး အသံ ကျယ်လောင်နေခဲ့၏။
ဌာနချုပ်ရုံးသို့ ရောက်ရှိလာကတည်းက ဆန်အိတ်ထမ်း၊ သန့်ရှင်းရေးလုပ်၊ ထမင်းချက်၊ ထင်းပေါက်သည့်အလုပ်များကို ကျေနပ်နှစ်သိမ့်စွာ ကျနော်လုပ်ခွင့်ရခဲ့၏။ ထိုအလုပ်များမှာ ကျနော့်စိတ်ကို ပိုမိုကျိုးနွံပျပ်ဝပ်စေကာ၊ တန်ဘိုးရှိသော ဘ၀ အတွေ့အကြုံများကို ရရှိစေခဲ့၏။ မယ်တုက္ခီစမ်းချောင်းရေစီးသံများသည် ကျနော့်ဘ၀ အလှည့်အပြောင်းတခု၏ ၀ါကျများကို ပုဒ်ဖြတ်ပေးခဲ့ကြ၏။
တနေ့ … ၊ စားဖိုဆောင်ဘေး မယ်တုက္ခီစမ်းချောင်းထဲက ကျောက်တုံးတခုပေါ်တွင် ကျနော်ထိုင်နေခဲ့သည်။ ရေစီးသံ များကို နားထောင်ရင်း စမ်းချောင်း၏အထက်အောက်နှင့် ဘေးနှစ်ဖက်ကို ကြည့်ရှုမှတ်သားနေမိ၏။ စမ်းချောင်း၏တဖက်တွင် မြင့်မြင့်မတ်မတ်ရှိနေသည့် ရဟန်းပျိုသမဂ္ဂကုန်းတော်ကို မော့ကြည့်သည်။ ကုန်းတော်၏အောက်ဖက် သစ်ရိပ်ဝါးရိပ်များ ကြားတွင် ကရင်တပ်မှူး ဗိုလ်ကြာယုံ၏အိမ်ကို လှမ်းမြင်နေရသည်။ ကောင်းကင်ကို မော့ကြည့်တော့ မိုးပြာရောင်ပိတ်ဖျဉ်ပေါ်တွင် ၀ါဂွမ်းဆိုင်များ အဆုပ်လိုက်ဖူးပွင့်နေကြသည်ကို တွေ့လိုက်ရ၏။ အထက်ဖက် ၀ါးနှစ်ရိုက်သာသာ အကွာတွင် မယ်တုက္ခီ စမ်းချောင်း၏ အမြီးသည် ခေါင်းလောင်းငယ်များ စုပြုံတီးခတ်ကာ တောအုပ် တောတန်းထဲ တိုးဝင်သွားနေ၏။ ထိုစဉ်မှာပင် ရေစီးသံများနှင့်ရောကာ ထူးခြားသည့် အသံ တခုကို ကျနော်ကြားလိုက်ရလေသည်။
ကျနော့်ခန္ဓာကိုယ်မှာ အလိုလိုထရပ် လိုက်မိသားဖြစ်သွား၏။ ခေါင်းကိုဆန့်ကာ ရေစီးသံနှင့်ရောထွေးပြီး ကြားလိုက်ရသည့် အသံကို စစ်ပြီးနားထောင်သည်။ မာကျောသည့် သံသတ္တုတခုနှင့် မြေကြီးထိတွေ့လိုက်သည့်အသံကို တချက်နှစ်ချက်မျှ ကျနော်ကြားလိုက်ရ၏။ ကျောက်တုံးတခုမှတခု ခုန်ကူးကာ အထက်ဖက်ကို ကျနော်ရောက်လာခဲ့သည်။ ချောင်းကွေ့နားကို ရောက်တော့ မြေကြီးကို ပေါက်တူးနှင့်ပေါက်သည့်အသံကို ပီပြင်စွာကြားလာရ၏။ သို့သော် ချောင်းကွေ့ထဲသို့ ၀င်မည်ပြုစဉ် မှာပင် ပေါက်တူးသံများ ရပ်သွား၏။ ကျနော်က ချောင်းကွေ့ထဲမှထွက်ကာ ကျောက်တုံးတခုပေါ်တွင် တက်ရပ်လိုက်သည်။ ကျနော်နှင့် ၀ါးတရိုက်အကွာတွင် လူတယောက် ပေါက်တူးတလက်ကိုင်ကာ ရပ်နေလေသည်။ သူသည် ချောင်းဘေး မြေကွက်လပ်ပေါ်တွင် ခြေနှစ်ဖက်ကို အနည်းငယ်ခွဲကာ ခတ်မတ်မတ် ရပ်နေ၏။ ကျနော့်ကို ကျောပေးထားသဖြင့် သူ့နောက် မလှမ်းမကမ်းတွင် ရောက်နေသည့် ကျနော့်ကို သူမမြင်။ ပေါက်တူးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ရပ်နေပုံမှာ တစုံတရာ အန္တရာယ်ကျရောက်လာလျှင် ခုခံကာကွယ်ရန် အဆင်သင့်ပြင်ပြီး ရပ်နေသည့်ပုံစံမျိုးဖြစ်၏။ မြေကွက်လပ်ပေါ် သူရပ်နေပုံမှာ တသက်လုံး ဘယ်တော့မှ ရွှေ့လို့မရတော့သည့် ရပ်နေပုံမျိုး။
နေရောင်ခြည်မှာ သူ့ခန္ဓာကိုယ်ပေါ်၊ သူ့လက်ထဲက ပေါက်တူးပေါ်၊ ဆွလက်စ မြေကြီးခဲများပေါ်၊ သစ်ပင်တောတန်း ကလေးပေါ် ငွေစများ တဖွဲဖွဲကြဲချသလို တလက်လက် ဖြစ်နေ၏။ လေပြေတချက်တိုက်ခတ်လာစဉ် လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော် ကတည်းက ကျနော့်ရင်ထဲတွင် တိတ်ဆိတ်စွာ သိမ်းဆည်းထားခဲ့မိသည့် ၀တ္ထုတိုလေးတပုဒ်ကို သတိရလာခဲ့သည်။ စာရေးသူက သူ၏ “အလှဆည်းဆာ” ဟု အမည်ပေးထားသည့် ယင်း ၀တ္ထုတိုလေးထဲတွင် ဖခင်က သားထံရေးသည့် စာ တစောင်အဖြစ် ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ထိုဝတ္ထုလေးထဲက စာသားတချို့မှာ ကျနော့်နှလုံးသားပေါ် ဖ၀ါးပြည့်ချနင်းပြီး လျှောက်လာ နေကြလေပြီ။
ငါတို့ဟာ စစ်ကြေညာလိုက်ပြီးပြီ။ ငါတို့ဟာ နီးကပ်လာပြီဖြစ်တဲ့ သူတို့ကို စိုက်ကြည့်နေတယ်။
သူတို့ကလည်း ပြန်ကြည့်ပြီး လျှောက်လာနေပြီ။ သူတို့ဖိနပ်သံတွေ နီးကပ်လာနေပြီ။ သူတို့ဖိနပ်ကြီးတွေဟာ ဖုန်ထဲနစ် မြုပ်သွားလိုက်၊ ဖုန်ထဲမှာ ပြန်ပေါ်လာနေလိုက်နဲ့။
တလှမ်းချင်း တလှမ်းချင်း စက္ကန့်ချင်း နီးကပ်လာနေပြီ။
ငါတို့ဟာ ကျောက်သားရုပ်တုတွေ၊ သံမဏိရုပ်လုံးတွေလို ငြိမ်နေကြတယ်။
မုန်တိုင်းကျတော့မယ်။ ငါတို့ ငြိမ်နေကြတယ်။
ငါတို့ငြိမ်နေကြတယ်။ မုန်တိုင်းကျတော့မယ်။
သူတို့ အနားရောက်လာနေပြီ။ ငါတို့ ငြိမ်နေကြတယ်။
ငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ။
အခုလည်း သူဟာ ရုတ်တရက် ကျရောက်လာတော့မယ့် မုန်တိုင်းတခုရဲ့ အနံ့ကိုရလို့ ခုခံတိုက်ခိုက်ဖို့ရာ အဆင်သင့် ရပ်နေတဲ့ပုံမျိုးနဲ့ ရပ်နေသလားပဲ။ ပြီးတော့ အဲဒီဝတ္ထုလေးထဲမှာပဲ ကံအားလျော်စွာ တိုက်ပွဲတခုကို ရှောင်နိုင်ခဲ့ပြီးတဲ့အခါ သူရေး လိုက်တဲ့ စာကြောင်းကလေးတကြောင်း … ။
ခဏအတွင်းမှာပဲ အနောက်ဖက် ပေါက်ပင်တော ခင်တန်းကြောဖက်က ဆည်းဆာဟာ တောက်ပလာတယ်သားရယ် … တဲ့။
ကျနော့်နှလုံးသားတွေ တုန်တုန်ရင်ရင် ဖြစ်လာနေတဲ့အခိုက်မှာ ကျနော့်ခြေထောက်တွေဟာ စမ်းချောင်းရဲ့အောက်ဖက်ကို ပြန်ဆုတ်လာခဲ့၏။ သူ့ကို နှုတ်မဆက် အသံမပေးဘဲ ပြန်လည်နောက်ဆုတ်လာသည့်တိုင် သူ့ပုံပန်းသဏ္ဍန်က ကျနော့် မျက်စေ့ထဲက ပျောက်မသွား။
မူလထိုင်နေခဲ့ရာ ကျောက်တုံးပေါ် ရောက်သည်အထိ ပေါက်တူးသံများကို မကြားရတော့။ သူသည် သူနှင့်မလှမ်းမကမ်း ကမ်းပါးယံထိပ်ပေါ်က သူ၏ တဲအိမ်ကလေးဆီ ပြန်တက်သွားပြီလား။ ဒါမှမဟုတ် နေပူထဲတွင် သည်အတိုင်း ရပ်နေခဲ့သည်လား ဆိုသည်ကိုမူ ကျနော်မသိ။
၂။
ရဟန်းပျိုသမဂ္ဂကုန်းတော်ထိပ်က သူ၏ ကျောင်းသင်္ခမ်းလေးကို ကျောပေးကာ မြေလှေကားထစ်များအတိုင်း ဆင်းလာ သည့် အချိန်တိုင်း သူ့အတွက် ကျနော့်မှာ ကြေကွဲနေမိသည်။ သူ့ကို ကျနော် အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သမျှ သဲထဲ ရေသွန် ဖြစ်ရတော့မည်လားဟုတွေးလျှင် ကျနော့်မှာ ရင်တုန်ပန်းတုန်ဖြစ်ကာ လှမ်းနေသည့်ခြေလှမ်းများပင် အလိုလိုရပ်တန့် သွားရ၏။ ယခုအချိန်၌ သူ၏ကျန်းမာရေးအနေအထားမှာ သိသိသာသာဆိုးရွားနေပြီဟု ကျနော်သိလာရသည်။ မနေ့တုန်းက ကျနော့်ထံ လူကြုံနှင့် သူရေးပေးလိုက်သည့် စာတစောင်ကို ဖတ်ခဲ့ရ၏။ ဒီကနေ့ သူနှင့် စကားစမြည်ပြောခဲ့သည်။ သူ့ကို နှုတ်ဆက်ပြီး တောင်ကုန်းပေါ်ကဆင်းတော့ ကျနော့်ထံ လူကြုံနှင့်ရေးပေးလိုက်သည့် သူ့စာရွက်ကလေးကို ထုတ်ကြည့်မိသည်။ ကျနော့်မှာ အဆုံးအထိ မဖတ်နိုင်တော့။
ပထမအဆင့်အနေနှင့် သူ့ကို ရဟန်းဝတ်မှ လူဝတ်လည်းဖို့ တိုက်တွန်းရမည်။ ထို့နောက် အကူအညီပေးနိုင်သူတို့၏ အကူအညီနှင့် ဇင်းမယ် (သို့မဟုတ်) မဲဆောက်သို့ပို့ကာ ဆေးကုသစေမည်။ ဒေါ်ဂျုံကလည်း ကျနော်၏ အကြံပြုမှုကို လက်ခံ သည်။ သဘောပေါက်သည်။ သို့သော် ကိုတိုက်အောင်က လက်မခံ။ သူ့ကို ကျန်းမာရေးမကောင်းဖြစ်နေသည်ဟု ပြောလျှင်ပင် ကိုတိုက်အောင်က ရှူးရှူးရှဲုရှဲုဖြစ်ကာ လက်မခံ။ သူချစ်ခင်လေးစား ကြည်ညိုရသူ “သူ့” ကို သိက္ခာချသည်ဟုပင် စွပ်စွဲပြောဆိုလာ ခဲ့၏။ သည်ကြားထဲ သူကလည်း အဓိဌာန်မပြည့်သေးဟုဆိုကာ လူဝတ်လည်းရန် ငြင်းဆန်လျက်ရှိ၏။ ဆေးကုသမှုခံယူရန်ကိုမူ စကားပင် ဟလို့မရ။ ထိုရက်များအတွင်း သူသည် ရက်ပေါင်းများစွာ မအိပ်ပဲနေခဲ့သည်ဟု ကြားလာရသည်။ သူ့ထံ မကြာခဏ သွားရောက်တွေ့ဆုံနေခဲ့သဖြင့် တနေ့တခြား ပိန်ချုံးကျလာနေသည့် သူ၏အခြေအနေကိုကြည့်ကာ ကျနော့်မှာ စိတ်မကောင်း ဖြစ်ခဲ့ရ၏။ တခါတရံ ကျောင်းသင်္ခမ်းလေးရှေ့ သွားရပ်လိုက်သည့် ကျနော့်ကို သူက လက်ခံစကားမပြောပဲ နေလေသည်။
ရဟန်းဝတ်မှ လူဝတ်လဲလိုက်ပြီး နောက်ပိုင်း သူသည် ဧည့်သည်များကို ခြွင်းချက်နှင့်သာ လက်ခံစကားပြောတော့၏။ ငှက်ဖျားတက် ခြင်း မရှိတော့သဖြင့် သူ့ခန္ဒာကိုယ်မှာ ကျန်းမာရေးကောင်းသလို ရှိသော်လည်း သူ့မနောမှာမူ မတည်ငြိမ်ချင်တော့။
သည်လိုနှင့် သူ့ကို လေးစားချစ်ခင်ကြသည့် ပုဂ္ဂိုလ်တချို့က အမျိုးမျိုးချော့မော့ဖြောင့်ဖျသဖြင့် သူသည် ကိုမိုးသီးဇွန်တို့ထံ (လော်ကွားလူ)ံ သို့ သွားနေခဲ့၏။ သူစိတ်ချမ်းသာသလို နေခွင့်ပြုပြီးမှ သူ့ကို ဆေးကုသပေးရန် ရည်ရွယ်ပြီးမှ ခေါ်ထားခြင်းဖြစ်သည်။ တလခန့်အကြာတွင် လော်ကွားလူမှ မာနယ်ပလောသို့ ပြန်ရောက်လာခဲ့ပြန်သည်။ သူ့ကျန်းမာရေး အခြေအနေမှာ ပို၍သာ ဆိုးရွားလာနေခဲ့ပြီ။ သူသည် ကိုတိုက်အောင် အပါအ၀င် သူ့ဇနီးဒေါ်ဂျုံနှင့် သူ၏သား မောင်ဆန်း မှလွဲ၍ မည်သူနှင့်မျှ လက်ခံစကား ပြောဆိုခြင်းမရှိတော့။ တခါတရံ နေ့ရောညပါ အစာရေစာမစားပဲ ထိုင်နေခဲ့၏။ တခါတရံ သူ့တဲကလေးဘေး၊ မယ်တုက္ခီစမ်းချောင်းအစပ်တွင် ပေါက်တူးတလက် နှင့် ငြုပ်ပင်၊ ပဲပင်ကလေးများစိုက်နေ၊ ပေါင်းသင်နေသည်ကို တွေ့ကြရသည်။
ကျနော်သည် သူ့ထံ သူနှင့်တွေ့ဆုံစကားပြောခွင့်ပြုရန် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် သူကမူ လက်ခံတွေ့ဆုံခြင်းမပြုခဲ့။ ထိုအချိန်ကမူ သူ့ဘ၀သူ့အခြေအနေများသည် မကြာမီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟုတော့ ကျနော် မ၀ံ့မရဲ မျှော်လင့်နေခဲ့မိလေသည်။
၃။
၁၉၉၅ …၊ ဇန်န၀ါရီလ …၊ ၂၀-ရက်၊
“ဖွေးဘောလူ” ရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သည့် “ဗိုလ်ချုပ်ကြီး စောဘိုမြ” ၏ မွေးနေ့ပွဲမှအပြန် သူ့ထံကျနော် ၀င်တွေ့ဘို့ကြိုးစားသည်။ သူ့အိမ်ရှေ့တွင် သားဖြစ်သူ “မောင်ဆန်း” ကို တဦးတည်းသာ တွေ့ခဲ့ရ၏။ ဒေါ်ဂျုံက “ပလောင်ကုန်း” ဘက်သို့ သွားနေသည်ဟု သိရ၏။ “ကိုတိုက်အောင်” က ရလလဖ နယ်မြေသို့ ထွက်သွားသည်မှာ တလကျော်ရှိခဲ့ပြီ။ (၃)နှစ်မျှ အတူနေခဲ့သူ ကဗျာဆရာ ကိုတိုက်အောင် မရှိတော့သဖြင့် သူ့အဖို့ လက်ကတုံးတောင်ဝှေးတခု ပြုတ်ကျသွားသလိုဖြစ်ရ၏။
သူ့အိမ်ပေါ် ကျနော်အတက်တွက် သူက စကားမပြောချင်ဘူးဟုဆိုကာ အိမ်ခန်းထဲသို့ ၀င်သွားလေသည်။ သူ့ကျောပြင်ကိုသာ ကြည့်ကာ အိမ်ပေါ်မှဆင်းခဲ့ရ၏။
တဲပေါ်က အဆင်းတွင် လက်နက်ကြီးပစ်ခတ်သံများကို ကြားရလေသည်။ “နော်တ” နှင့် “ထွီးပါးဝီးကျိုး” နှစ်နေရာစလုံးဆီက ကြားလိုက်ရခြင်းဖြစ်၏။ ခြံရှေ့ကိုရောက်တော့ တို့ကရင်အချင်းချင်း သေနတ်မပေါက်ချင်ဘူးဟုဆိုကာ “နော်တ” ခံစစ်ဒေသမှ ပြန်ဆင်းလာကြသည့် KNU စစ်သားတချို့ကို တွေ့ရလေသည်။
၎။
၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၂-ရက်၊ တနင်္ဂနွေနေ့။
ပဒိုမန်းရှာထံသွားကာ “ပဟေလူရွာ” တွင် အိမ်တလုံး ငှားရမ်းပေးပါရန် အကူအညီတောင်းခဲ့ရ၏။ ဒီမိုကရက်တစ် မြန်မာ့အသံ “ရွှေဗဟိုစည်” စတူဒီယိုကို ပဟေလူရွာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့၏။
ပဒိုမန်းရှာအိမ်မှအပြန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးရှေ့မှဖြတ်ကာ သူ့အိမ်ကလေးရှေ့ တွင် ကျနော်ရပ်သည်။ သူ့ကို ၀င်တွေ့ဖို့ စဉ်းစားနေမိသေးသည်။ သို့သော် သူသည် သူမတွေ့ချင်သည့်သူများကို ခြံဝန်းထဲသို့ပင် ၀င်ခွင့် မပြုတော့ဟု ကျနော်ကြားထားရ၏။ ၀င်လာလျှင်လည်း ရန်မူသည်အထိ ဖြစ်လာလေသည်။
အိမ်ကလေးဆီက မည်သည့်အသံမျှ မကြားရ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ကျနော်က စိတ်ကိုဖြေကာ သူ့အိမ်ရှေ့က ဆက်လျှောက်လာခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်” လမ်းကလေးထဲသို့ တိုးဝင်တိုက်ခတ်လာနေသည့် လေနုအေးမှာမူ ကျနော့်ရင်ကို မအေးမြစေနိုင်ခဲ့တော့။
၅။
၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၃-ရက်၊ တနင်္လာနေ့ … ။
သည်ကနေ့မနက် ခတ်စောစောအိပ်ရာထသည်နှင့်တပြိုင်နက် လက်နက်ကြီး ပစ်သံများကို ယခင်နေ့ထက်ပိုပြီး အနီးကပ်ကြားနေ ခဲ့၏။ လက်နက်ကြီးပစ်သံများမှာ ပိုပြီးစိပ်လာလေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးဖက်သို့သွားကာ သတင်းစုံစမ်းရန်ထွက်လာစဉ် မီးစက်ကမ်းပါး အကွေ့တွင် ကိုသက်စိုးလွင်နှင့် ကိုတင့်ဆွေကို တွေ့၏။ သူတို့နှစ်ဦးစလုံး မျက်စေ့မျက်နှာ ပျက်လျက်ရှိ၏။
“အခြေအနေမကောင်းတော့ဘူး၊ ချက်ချင်း အထုပ်အပိုးပြင်ပြီး ထိုင်းဖက်ကမ်းကို ကူးဖို့ KNU က လာပြောတယ်။ အဲဒါ ဦးခွန်မားရ် ကိုဘန်းနဲ့ ခင်ဗျားဆီကို လာပြောတာ”
ချက်ချင်းဆိုသလို စတူဒီယိုသို့ပြန်ကာ ရဲဘော်တချို့နှင့်အတူ အသံဖမ်းစက်များနှင့် ပစ္စည်းပစ္စယများကို ထုပ်ပိုးပြင်ဆင်ရ၏။ ကံအားလျော်စွာ လှည်းတစီးငှားလို့ရသဖြင့် သောင်ရင်းမြစ်ကမ်းသို့ ပစ္စည်းအားလုံး ရောက်သွားခဲ့၏။ နေ့လည် (၂)နာရီခန့်တွင် ပဒိုမန်းရှာ ၏ ဇနီးအနော ( နမ့်ကျင်ရွှေ) ၏ ကူညီစီစဉ်ပေးချက်အရ သောင်ရင်းမြစ်အထက်ဖက် ကွေ့နှစ်ကွေ့အလွန် ထိုင်းနိုင်ငံဖက်ကမ်း တောင်ခြေသို့ လှေကြုံနှင့် ကူးလာခဲ့ကြ၏။ ကျန်ရစ်သည့် ပစ္စည်းတချို့ကိုသယ်ရန်နှင့် ထိုင်းနိုင်ငံ အတွင်းဖက်သို့ ဆက်လက်ထွက်ခွာရန် ပဒိုမန်းရှာထံ တင်ပြမည်ဟုဆိုကာ ကရင်ရဲဘော်လေး “ကွယ်သာထူး” နှင့် “မိုးကျော်” (ABSDF) တို့က မာနယ်ပလောဖက် ပြန်ကူးသွား ကြ၏။
ညနေမိုးချုပ်မှပင် ထင်းခြောက်တချို့ကောက်ယူကာ သောင်ရင်းမြစ်ရေနှင့် ဆန်ဆေးပြီး ထမင်းချက်၏။ မြစ်ဘေး တောင်ခြေအစပ် တွင် ပစ္စည်းများကို ဖြစ်သလိုစုပုံထားရှိကာ ဖျာတချပ်ကို အမိုးလုပ်ပြီး အိပ်ရာထိုင်ခင်း ပြင်လိုက်၏။ အနော (နမ့်ကျင်ရွှေ) က ခူးပေးလိုက် သည့် ပဲလင်းမြွေသီးကို ချက်စားရန်စီစဉ်၏။ နေ၀င်ရီတရောအချိန် ဘောနော်လေးတောင်ကြီးကိုကျော်ပြီး ရောက်လာသည့် လက်နက်ကြီးပစ်သံများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေ၏။ လူသံကြားလို့ အထက်ဖက်ကိုလှည့်ကြည့်တော့ ချိုင်းထောက်တချောင်းကို ထောက်ကာ၊ ခြေထောက်တဖက်မရှိသည့် လူတယောက်၊ ကလေးတယောက်နှင့်အတူ လမ်းလျှောက်လာနေသည်ကိုတွေ့ရ၏။ သူတို့နှစ်ဦးစလုံး နွမ်းလျသောခြေလှမ်းများလှမ်းကာ အောက်ဖက်တောစပ်သို့ ၀င်ရောက်သွားခဲ့ကြ၏။ သူတို့ဘယ်ဆီ ထွက်ခွါသွားကြသည် ကိုမူ ကျနော်မသိ။
မှောင်သွားသည့်အခါ လှေတစင်း ကပ်လာသည်ကို လရောင်မှုန်ပြပြအောက်တွင် မြင်ရ၏။ ရန်သူမိတ်ဆွေခွဲခြားရန် ခက်သဖြင့် ကျနော့်မှာ ထိတ်လန့်သွားရ၏။ လှေပေါ်က လူတယောက်ဆင်းလာ၏။ ထိုသူက ကျနော်တယောက်တည်း စိတ်မချသဖြင့် အနော (နမ့်ကျင်ရွှေ) က အဖော်အဖြစ်အိပ်ရန် လွှတ်လိုက်သူဖြစ်ကြောင်း ကရင်သံဝဲ၀ဲနှင့်ပြောမှ ကျနော့်မှာ စိတ်အေးသွားရလေသည်။ အနောကိုလည်း ကျေးဇူးတင်လို့မဆုံးတော့။
လရောင်မှုန်ပြပြအောက်တွင် ကျနော်နှင့်ကရင်ရဲဘော်လေးတို့ ထမင်းစားကြသည်။ လက်နက်ကြီးပစ်သံများမှာ ညဥ့်နက်မှပင် ပိုပြီး နီးကပ်လာနေသည်ဟု ထင်ရ၏။ ထိုအခါကျမှပင် “နိုင်ဝင်းဆွေ” အတွက် စိတ်ပူလာရပြန်သည်။ သူ၏အခြေအနေမှာ ထိုင်းနိုင်ငံဖက်ကမ်းသို့ အလွယ်တကူလိုက်ပါလာနိုင်သည့်အခြေအနေမျိုး မဟုတ်သဖြင့်လည်း ကျနော့်မှာ ကြေကွဲတုန်လှုပ်နေမိ၏။
၆။
“ပဟေလူ” ရွာကို ရောက်ရန်၊ ကျနော့်နောက်ဖက်က တောင်ကြောကို ကျော်ရဦးမည်ဟု သိရ၏။ မနက်မိုးလင်းကတည်းက “ကွယ်သာထူး” နှင့် “မိုးကျော်” တို့ကို ကျနော်မျှော်နေမိသည်။ မိုးလင်းသည်နှင့်တပြိုင်နက် ညက ကျနော်နှင့်အဖော်လာအိပ်ပေးသည့် ကရင် လူငယ်လေးက၊ မာနယ်ပလောဖက်ကမ်းသို့ လှေဖြင့် ပြန်ကူးသွားခဲ့၏။ မနက် (၁၀)နာရီအထိ “ကွယ်သာထူး” တို့ ရောက်မလာသေး။
လက်နက်ကြီးပစ်သံများမှာ နေထွက်ကာစက ခေတ္တခဏရပ်သွားသလိုရှိရာက၊ နေမြင့်လာတော့ အသံပိုစိပ်လာသည်ဟု ထင်ရ၏။ ဝေးရာက နီးလာသည်ဟု ထင်လာရ၏။ မနေ့တုန်းက “နော်တ” ၊ “ထွီးပါးဝီးကျိုး” ၊ “ဆင်ဖြူတောင်” ဖက်ဆီကသာ ကြားခဲ့ရသည့် လက်နက်ကြီးပစ်သံများမှာ ယခုအခါ သောင်ရင်းမြစ်အထက်ဖက်ဆီကပါ ကြားလာရ၏။
ကျနော်က ညနေကတည်းက ၊ DVB (ဒီမိုကရက်တစ် မြန်မာ့အသံ)၊ရွှေဗဟိုစည်စတူဒီယိုပစ္စည်းများကို မြစ်ဆိပ်နှင့် မလှမ်းမကမ်း၊ မိုးမခပင်အုပ်များကြား ဆွဲသွင်းထားခဲ့၏။ မြစ်ထဲတွင် စက်လှေများ၊ လက်လှေများ လူးလာခေါက်တုန့် အလျှင်အမြန် သွားနေကြ၏။ စက်လှေများပေါ်တွင် ပစ္စည်းအပြည့်၊ လူ့အပြည့်။
ဒီကနေ့မနက်ကြတော့ မိမိစိတ်ကပဲ ထင်လို့လားတော့မသိ။ တခါတရံ လက်နက်ကြီးပစ်သံများကြားတွင် လက်နက်ငယ်ပစ်ခတ်သံ များကိုပင် ကြားလာရသည်ဟု ထင်မိ၏။ ခြုံစပ်တွင် တယောက်တည်းထိုင်နေရသည်မှာ လုံခြုံမှုမရှိဟု စိတ်ပူနေစဉ်၊ ကမ်းစပ်သို့ လှေတစင်း ဆိုက်လာခဲ့၏။ စက်လှေပေါ်က လူနှစ်ယောက်ခုန်ဆင်းလိုက်၏။
“ကိုငြိမ်း ၊ စက်လှေလာပြီ၊ ဒီတောင်ကြောကို ကျော်ပြီး ပစ္စည်းတွေဘယ်လိုမှသယ်နိုင်မှာမဟုတ်ဖူး၊ စက်လှေပေါ်ပစ္စည်းတွေ ပြန်တင် ပြီး၊ ပဟေလူရွာကို အောက်ဖက်က ချောင်းထဲကတဆင့်သယ်မယ်”
သူတို့ကို ကျနော် အထွေအထူးမေးမြန်းမနေတော့ပဲ စက်လှေပေါ်ပစ္စည်းတွေဝိုင်းတင်၏။ မာနယ်ပလောကို ဖြတ်ကာ “ပဟေလူ” ချောင်းထိပ်သို့ ရောက်လာကြ၏။ သောင်ရင်းမြစ်ထဲမှတဆင့် “မာနယ်ပလော” ကို မော့ကြည့်ခဲ့ရသည်မှာ ရင်ထဲ၌ ကြေကွဲနေမိ၏။ သောင်ရင်းမြစ်ထဲသို့စီးဝင်ရာ “ပဟေလူ” ချောင်းထဲသို့ ကွေ့ဝင်လာစဉ် စက်လှေများ၊ လက်လှေများ ချောင်းလုံးပြည့် လှုပ်ရှားနေသည်ကို ဘွားကနဲ တွေ့လိုက်ရ၏။ ကမ်းပေါ်တွင်၊ လှေများပေါ်တွင် လူတွေ၊ အထုပ်အပိုးကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြ၏။ “ပဟေလူ” ရွာခြေ တွင် စက်လှေပေါ်က ပစ္စည်းများကိုချတော့ ညနေ (၄)နာရီခန့်ရှိပြီ။ သောင်စပ်နှင့်ရေစပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ ရဲဘော်များ သုံးယောက်တွဲ၊ ငါးယောက်တတွဲ ၀ိုင်းစုထိုင်နေကြသည်ကိုတွေ့ရ၏။ တချို့က သောင်ပြင်ပေါ်တွင်ပင် တုံးလုံး ပက်လက်အိပ်နေကြ၏။ ပစ္စည်းများချပြီးသောအခါ ညနေစာချက်စားရန် ပြင်ဆင်ရပြန်လေသည်။
ညကြတော့ သောင်ပြင်ပေါ်တွင်ပင် ဖျာများ၊ ပလပ်စတစ်များခင်းကာ အိပ်လိုက်ကြ၏။ ပစ္စည်းများ သယ်ပိုးရွှေ့ပြောင်းခဲ့ရသဖြင့် ကျနော့်တကိုယ်လုံး ကိုက်ခဲနာကျင်လျက်ရှိ၏။ သည်နေရာရောက်တော့ မရေမတွက်နိုင်လောက်အောင် မြင်နေရသည့် စစ်ပြေးဒုက္ခသည်များ ကို တွေ့ရသဖြင့် ပူပန်စိတ်လျော့သွားရ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက၊ လက်နက်ကြီးပစ်သံများမှာမူ ပိုမိုနီးကပ်လာနေလေ သည်။
၇။
“ဖွေးပေါလူ” ရွာ ကမ်းစပ်တွင်၊ ပစ္စည်းများ စုပုံထားရှိပြီးသည့်အခါ ရွာထဲသို့ ဦးစွာပထမ သွားနှင့်ပြီးမှ နေရာထိုင်ခင်းစီစဉ်ရန် ဆုံးဖြတ်၏။ ပစ္စည်းများကို “ကွယ်သာထူး” တို့နှင့် ထားနှင့်ကာ ကုန်းပေါ်သို့တက်လာခဲ့၏။ လမ်းတွင် မျက်နှာသိတချို့ကို လူအုပ်ကြားထဲ၌ တွေ့ခဲ့ရ၏။ လူတိုင်း အထုပ်အပိုးကိုယ်စီ။ တကိုယ်လုံး ဖုံအလိမ်းလိမ်းဖြင့် … ။ စကားကိုပင် သွက်လက်ကျယ်လောင်စွာ မပြောနိုင်၊ နှုတ် မဆက်နိုင်ကြတော့။ လူတိုင်း၏ မျက်နှာများပေါ်က သောကလက်ရေးများကို ကျနော် ကောင်းစွာဖက်ရှုနိုင်ခဲ့၏။ ပတ်ဝန်းကျင်တခွင်လုံး၊ မိုး ကောင်းကင်တခုလုံး အုံ့မှိုင်းပြာနှမ်းနေသည်လောဟုပင် ထင်မိ၏။
“ပဟေလူ” ရွာနှင့် မျက်စေါင်းထိုးတဖက်ကမ်း၊ “ဖွေးပေါလူ” ရွာမှာ၊ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ နေထိုင်သည့်ရွာဟု သိရ၏။ “မာနယ်ပလော” နှင့် လက်နက်ကြီးတကမ်းစာတွင် ရှိသော်လည်း ထိုင်းနိုင်ငံဖက်ကမ်း၊ ထိုင်းနိုင်ငံနယ်မြေဖြစ်သဖြင့် နအဖစစ်တပ်များ၏ ရန်ကိုသိပ်ပြီး မစိုးရိမ်ရ။ သို့သော် ထိုင်းနယ်ခြားစောင့်တပ်များ၊ ညကတည်းက ရောက်လာနေသည်ဟု ကြားခဲ့ရသဖြင့် စိတ်ပူနေမိသေး၏။ နယ်မြေ အနေအထားမှာ လူသွားလမ်းမှအပ မည်သည့်ဆက်သွယ်ရေးလမ်းမျှ မရှိသည့်နေရာဖြစ်သဖြင့် ထိုင်း နယ်ခြားစောင့်တပ်များ အလုံးအရင်းနှင့်တော့ ရောက်မလာနိုင်ကောင်းရဲ့ဟု စိတ်ကိုဖော့ပြီး တွေးထားရ၏။ အခြေအနေပေးပါက “ဖွေးပေါလူ” ရွာတွင် တရက်နှစ်ရက်တန်သည် နားကာ ၊ သောလဲထရွာ၊ မယ်စာရင်းရန်းမြို့အထိ ဖောက်ထွက်နိုင်ရန် နည်းလမ်းရှာမည်ဟု တွေးထား၏။
“ဖွေးပေါလူ” ရွာ ကမ်းပါးပေါ်အတက်တွင် အလွန်နီးကပ်သောတနေရာမှ၊ လက်နက်ကြီးပေါက်ကွဲသံထွက်ပေါ်လာသဖြင့် လူတွေ အားလုံး နေရာတွင်ပင် ၀ပ်ကာနေရာယူလိုက်ကြ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက ပေါက်ကွဲခြင်းဖြစ်ကြောင်း ချက်ချင်းသိကာ ခရီးဆက်ကြရ၏။ လူအုပ်ကြားထဲတွင် လမ်းလျှောက်လာရင်း အသိမိတ်ဆွေများကို ကျနော်ရှာနေမိသည်။ တွေ့လျှင် သူတို့နှင့် ညှိနှိုင်းတိုင်ပင်ကာ နေရာထိုင်ခင်းကိစ္စ စီစဉ်မည်ဟုတွေး၏။ ထိုစဉ်မှာပင် လူအုပ်ထဲ၌ အမျိုးသမီးတဦးကို မမျှော်လင့်ပဲ ကျနော်တွေ့လိုက်ရလေ သည်။
ခေါင်းပေါ်တွင် လင်ဗန်းတချပ်ကိုရွက်ထားသည့် အမျိုးသမီးတဦး။ လင်ဗန်းပေါ်တွင်မူ ဟင်းသီးဟင်းရွက်လိုလို၊ အကြော်လိုလို အရာဝတ္ထုများကို မျက်နှာသုပ်ပုဝါ အစုပ်တထည်နှင့် အုပ်ထား၏။ လူအုပ်ကိုကျော်ပြီး ကြည့်ရသဖြင့်၊အမျိုးသမီး၏မျက်နှာကို သဲကွဲစွာ ကျနော် မမြင်ရ။ ကျနော့်ရှေ့က လူတချို့ကို အလျင်အမြန်ကျော်တက်ကာ၊ ကျနော်တွေ့လိုက်ရသည့် အမျိုးသမီးဆီလှမ်းလာခဲ့သည်။ သို့သော် လူအုပ်ထဲတွင် ထိုအမျိုးသမီးကို ကျနော် မတွေ့ရတော့။ လူတချို့မှာ အုပ်စုလိုက်ခွဲကာ ရွာထဲသို့ဝင်သွားနေကြ၏။ အချိန် တော်တော်ကြာသည်အထိ ထိုအမျိုးသမီးကို ကျနော်ရှာနေမိသည်။ သို့သော် လုံးဝမတွေ့လိုက်ရတော့။
“ဒေါ်ဂျုံကတော့ ဆရာနိုင်ဝင်းဆွေနဲ့ အတူတူမရှိတော့ဘူးဗျ၊ ဆရာကလည်း ဒေါ်ဂျုံတို့ခေါ်ရာ မလိုက်တော့ဘူးတဲ့၊ ဒေါ်ဂျုံတို့ သားအမိလည်း ဆရာနိုင်ဝင်းဆွေကိုထားပြီး ဒီဖက်ကမ်းကိုကူးလာကြတာ၊ ဒေါ်ဂျုံကတော့ အကြော်ရောင်းပြီး စားစရိတ်၊ ခရီးစရိတ်ရှာနေရ တယ်လို့ ပြောတာပဲ ကိုငြိမ်း၊ ဒါပေမယ့် ပဒိုမန်းရှာကတော့ ဆရာ့ကို ရအောင်ခေါ်လာရမှာပဲလို့တော့ ပြောတယ်လို့ ကျနော်ကြားခဲ့ရတယ်
ကျနော် … အသက်ရှူမ၀နိုင်အောင် ကြေကွဲနေမိသည်။ ဆရာ “နိုင်ဝင်းဆွေ” တယောက် ရန်သူသိမ်းပိုက်တော့မည့် “မာနယ်ပလော” က၊ အိမ်ကလေးတလုံးထဲ၊ တယောက်တည်း ရှိနေခဲ့ပြီလား … ။ ကျန်နေရစ်ခဲ့ပြီလား။ သူ့ကို ဘယ်သူမှ ကယ်ထုတ် မလာနိုင်ကြတော့ဘူးလား။
“ဖွေးပေါလူ” ရွာ ကမ်းပါး၊ လူသွားလမ်းဘေး၊ ဖုန်ထုကြီးအောက်တွင် ကျနော်တယောက်တည်း ထိုင်နေစဉ် “ပဟေလူ” ရွာကအထွက်၊ လမ်းတွင် ရဲဘော် ကိုစိုးဝင်းညိုပြောခဲ့သည့် ဆရာနိုင်ဝင်းဆွေမိသားစု၏ သတင်းကို ကျနော့်နားထဲ၌ ကြားနေခဲ့လေသည်။
၈။
၁၉၉၅-ခု … ဖေဖော်ဝါရီလ … ၆-ရက်၊ တနင်္လာနေ့၊ ထိုင်းနိုင်ငံနယ်စပ်၊ ဖွေးပေါလူရွာ။
သူ့ကို ဘုရားစင်အောက်တွင် တယောက်တည်း တင်ပလ္လင်ခွေထိုင်ကာ တရားအာရုံပြုနေသည်ကို ကျနော်တွေ့ရသည်။ ထို့ကြောင့် အနှောက်အယှက်မပြုဘဲ နောက်ဖေးခန်းသို့ ကျနော်ဝင်လာခဲ့သည်။ မီးဖိုချောင်ထဲတွင် ရဲဘော်ဆယ်ယောက်ခန့် ထမင်းစားနေ သည်ကို တွေ့ရ၏။ ဗိုလ်မှူးချစ်မောင် (ရလလဖ အတွင်းရေးမှူး)နှင့် တွေ့ရန် အိမ်ရှေ့ဖက်သို့ ပြန်ထွက်ခဲ့သည်။ ဗိုလ်မှူးချစ်မောင်နှင့်တွေ့ကာ သူ၏ ကျန်းမာရေးအခြေအနေကိုမေးသည်။ ဗိုလ်မှူးချစ်မောင်မှာ ကျနော့်ကို လက်ခံစကားပြောဘို့ပင် အချိန်မရရှာပါ။ သူ့ကျန်းမာရေး အခြေအနေမကောင်းသည့် အကြောင်းကိုသာ ပြောပြနိုင်၏။ သူ့ကို ပဒိုမန်းရှာ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံဖက်ကမ်းအထိ ခေါ်လာနိုင်ခဲ့သည် ကိုပင် ကံကောင်းသည်ဟု ဆိုရပါမည်။ ဗိုလ်မှူးချစ်မောင်တို့အဖွဲ့သည်လည်း သည်ကနေ့ ညနေမှာပင် တပ်မဟာ (၆)နယ်မြေသို့ ဆုတ်ခွါ တော့မည်ဖြစ်ကြောင်း သိရ၏။ သူ့အတွက် ဘယ်လိုအစီအစဉ်ရှိသလဲဟုမေးတော့ ဗိုလ်မှူးချစ်မောင်မှာ ရေရာတိကျစွာ ဖြေနိုင်ခြင်းမရှိ။
ဧည့်ခန်းထဲသို့ဝင်ကာ သူ့ရှေ့တွင် ကျနော်ထိုင်ချလိုက်သည်။ လက်ထဲတွင်ပါလာသည့် ကင်မရာနှင့် သူ့ကိုချိန်လိုက်သည်။ ထိုအခါ ကြမှပင် သူသည် ရုတ်တရက် ကျနော့်ကို ခုန်အုပ်တော့မလို ထရပ်လိုက်၏။ မျှော်လင့်မထားသဖြင့် ကျနော့်မှာ လက်ထဲက ကင်မရာကို အယောင်ယောင်အမှားမှားနှင့် ဘေးသို့ချထားလိုက်ရ၏။ သူသည် ဘုရားစင်အောက်တွင် ပြန်ထိုင်ကာ မျက်လုံးစုံမှိတ်လျက် ငြိမ်သက်သွားလေသည်။
ထိုနေ့ညက ဗိုလ်မှူးချစ်မောင်တို့အဖွဲ့ လုံခြုံရာနေရာသို့ ဆက်လက်ထွက်ခွါသွားကြကြောင်း သိရ၏။ သူကမူ မည်သူနှင့်မျှစကား မပြော။ ထမင်းမစား။ ဘုရားစင်အောက်မှာပင် တဦးတည်း တရားထိုင်နေခဲ့လေသည်။
၉။
၂၀၀၅-ခု …၊ ဧပြီလ၊ ၁၈-ရက်၊ တနင်္လာနေ့။
စာအုပ်စင်ပေါ်က စာအုပ်(၈)အုပ်ကို ရွေးပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ သူ၏ရင်သွေးများဖြစ်သည့် “မဟူရာမေတ္တာ” ၊ “မသိန်းရှင်ဆီပို့ပေးပါ” ၊ “နွေတည” ၊ “ည အသင်္ချေ” ၊ “မြစပယ်ရုံ” ၊ “အချစ်ည” ၊ “ဘ၀စာမျက်နှာများ” နှင့် “ရေဆန်လမ်း” စာအုပ်များကို တအုပ်ချင်းကိုင်တွယ်ကြည့်ရှုရင်း “သူ့” ကို သတိရနေသည်။ သူကွယ်လွန်ခဲ့သည်မှာ (၁၀)နှစ် တင်းတင်းပြည့်ခဲ့ပြီ။ သူ့ကို လေးစားချစ်ခင်သူ တစုက သူကွယ်လွန်ခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကဗျာစာအုပ်ထုတ်ဝေခဲ့၏။ “ရေဆန်လမ်းသို့အပြန်” ဟု အမည်ပေးခဲ့၏။ ယင်း စာအုပ်တွင် သူကွယ်လွန်သည့်နေ့ကို အတိအကျဖော်ပြသည်ကို တွေ့ရသည်။ ( ၂၄-၂-၁၉၉၅)
ကျနော့်အသိထဲတွင်မူ သူကွယ်လွန်သည့် “လ” နှင့် “ခုနှစ်” ကိုသာ အတိအကျသိရှိနိုင်ပြီး နေ့ရက်ကိုမူ မည်သူမျှအတိအကျ မသိရှိနိုင်ဟု ယူဆနေမိသည်။
အမှန်တကယ်အားဖြင့် “ဖွေးပေါလူ” ရွာတွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် စစ်ပြေးဒုက္ခသည်များ၊ စစ်ရှုံးရဲဘော် များထဲ၌ သူ့ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ဟု သိသူ တယောက်မျှမရှိ။ ထိုင်းနိုင်ငံနယ်စပ် တောအုပ်များ၏အလယ်တွင် စိတ်ဝေဒနာခံစားနေရသူ “သူ့” ကို နားလည်ခွင့်လွှတ်ကာ ကူညီဖေးမပေးနိုင်မည့်သူ တဦးမျှမရှိနိုင်။ နအဖတပ်များ၏ လက်နက်ကြီး တကမ်းစာအကွာ ထိုင်းနယ်ခြားစောင့်တပ်များ ခြေချင်းလိမ်ရှိနေပြီး တော်လှန်ရေးရဲဘော်များ ၀ါးအစည်းပြေသလို လက်နက်မဲ့ ဥဒဟို ထွက်ပြေးတိမ်းရှောင်နေကြရသည့် ခေတ်ပျက်ကာလတခုတွင် သူ့ကို လူဆိုးလူကောင်း ခွဲခြားဆက်ဆံရန်မှာလည်း သူ့ကျန်းမာရေး အခြေအနေက အကူအညီမရနိုင်တော့။
ကျနော့်အတွေးထဲတွင် ၁၉၁၇-ခုနှစ်၊ အောက်တိုဘာတော်လှန်ရေးအပြီး၊ အာဏာရှင်စက်ကွင်းမိလျက် ဆိုက်ဗေးရီယားမဲဇာတော တွင် မထင်မရှားသေဆုံးသွားရသည့် ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ကို တွေးနေမိသည်။ ကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” မည်သည့်နေ့က မည်သည့်နေရာတွင် မည်သည့်အတွက် သေဆုံးခဲ့ရသည်ကို ယခုအထိ မည်သူမျှအတိအကျ ပြောမပြနိုင်ခဲ့။
“နိုင်ဝင်းဆွေ” သည်ကော … ။
မုန်တိုင်းတခုအောက်တွင် ကြွေရွက်တချို့လွင့်ပါ ပျောက်ကွယ်ရသည်မှာ ဘာမျှတော့မဆန်း။ သို့သော် ဤသစ်ရွက်တရွက် ကြွေလွင့်သွားရပုံမှာ တကယ့်ကို ဂန္တ၀င်မြောက် ရောမန္တိက ဆန်လွန်းလှချေ၏။ ။
(ဒီဝတ္ထုလေးကတော့ ဆရာနိုင်ဝင်းဆွေနှင့်ကျနော် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ အချိန်ကို မှတ်တမ်းတင်တဲ့ သဘောပါပဲ။ ဆရာနိုင်ဝင်းဆွေ အပေါ်မှာ စိတ်ဝင်စားကြသူတွေ သူ့ဝတ္ထုတွေကို နှစ်သက်ကြသူတွေအတွက် ဒီဝတ္ထုတိုလေးက တစုံတရာ မှတ်တမ်းမှတ်ရာ တခုအဖြစ် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။)
(ဒီဝတ္ထုတို ကို ကျနော့်ဘလော့မှာ တင်ထာခဲ့ပြီးပါပြီ။အခုထပ်ပြီး ဆင်ဖြူတော်မှီပြီးကြံစုတ်တဲ့အနေနဲ့ ထိုးဇာတ်သဘော ကြားညှပ်ပြီးတင်လိုက်တာပါ)ီ
ငြိမ်းဝေ