September 27, 2009
အာဏာလွှမ်းမိုး ဆင့်ကာကြိုးလျင်
( ၁ )
ကောက်ရိုးခြောက်ခင်းထားသည့်အကျဉ်းခန်းရဲ့ထောင့်မှာ ထိုင်နေခဲ့သည်မှာ ရွှေဗဟိုစည် နှစ်ချက်တီးသာသာရှိရော့မည်။ မိုးချိန်းသံလိုထန်ပြင်းလှတဲ့ ဘ၀ရှင်ရဲ့ အမိန့် တော်ချမှတ်သံက နားထဲမှာ ပဲ့တင်ထပ်နေဆဲ။
ခေါင်းငုံ့ ထားရင်းက ရှင်သံခို ပြုံးမိသည်။ မျက်စေ့များကိုပိတ်ထားလိုက်၏။ သို့ နှင့်တိုင် ဘ၀ရှင်ရဲ့အပမ်းဖြေမဂ်လာမဏ္ဍပ်တော်အတွင်း ဖြစ်ပျက်ခဲ့သည်များကမျက်စေ့ထဲ အထင်အရှားပြန်လည်မြင်နေရပြန်သည်။ ရှင်သံခိုကြေကွဲစွာပြုံးမိသည်။ အော်...သူကတော့ မဟာဧကရာဇ်ပေပဲကိုး..ဟု တွေးမိသည်။
ယမန်နေ့ ကတည်းက ရတုကဗျာအသစ်တပုဒ် တင်ဆက်ရန်ရှိကြောင်း ဘ၀ရှင်ထံ လျှောက်တင်ခဲ့၏။ ဘ၀ရှင်က လက်ခံနားဆင်မည်ဖြစ်ကြောင်း ရွှင်မြူးအားရစွာ မိန့် ကြားခဲ့၏။ သူ့ အနေနှင့်လည်း “ လက်ဆောင်ယူမှူး ↔အဖြစ် အဆင့်ရာထူးတိုးမြှင့်ခန့် ထားခံရပြီးကတည်းက ရတုကဗျာအသစ် မတင်ဆက်နိုင်ခဲ့သေး။ ဘ၀ရှင်က သူ့ ရဲ့ ရတုကဗျာအသစ်ကို မဟာနန္ဒာဥယျာဉ်တော်နှင့်မနီးမဝေးတွင်ရှိသည့် သီရိမဂ်လာမဏ္ဍပ်တော်တွင် နားဆင်တော်မူမည်ဟု မိန့် ကြားခဲ့၏။
သည်ကနေ့ မနက် သီရိမဂ်လာမဏ္ဍပ်တော်အတွင်း သူဝင်လာတော့ မဏ္ဍပ်အတွင်း၌ ထူးထူးခြားခြား လူပရိဿဒ်များနေသလားဟု သူထင်၏။ သူ့ ဘေးတွင်ကပ်ထိုင်နေသည့် “ ပြည်ငထင်ငယ် ” အမတ်က ဒီကနေ တော့ မင်းမှုထမ်းများသာမက ဘ၀ရှင်ရဲ့ကိုယ်လုပ်တော် မေါင်းမမိဿံများ၊ အပျိုတော်များ၊ ပိဋိကဒ်တော်တိုက်မှအမှုတော်ထမ်းများပါ လာရောက်နားထောင်ရမည်ဟု ဘ၀ရှင်မိန့် တော်မူထားကြောင်း သူ့ ကိုရှင်းပြ၏။ သူ့ စိတ်ထဲ၌ ဘ၀ရှင်က ရတုကဗျာအသစ်ကို နားထောင်ထိုက်သည့်လူတွေအားလုံး နားထောင်ခွင့်ရအောင် ဆင့်ခေါ်ထားခြင်းဖြစ်မည်ဟု တွေးမိသည်။ မဏ္ဍပ်တော်အတွင်း ဘ၀ရှင် ကြွချီတော်မူလာပြီး ချက်ချင်းဆိုသလိုပင် “ လက်ဆောင်ယူမှူး စာဆိုတော် ရှင်သန်ခို ↔ရတုကဗျာဆက်သွင်းရန် သံတော်ဆင့်၏ ဆင့်ခေါ်သံကိုကြားကြရ၏။ လူတွေ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ဟု ထင်လိုက်ရ၏။ ရှင်သံခို ရှေ့ တော်သို့ တိုးကာ ပျဝပ်ကြိုးနွံစွာ ခစားသည်။ လက်ထဲက ပေရွက်ကို စပြီးဖတ်သည်...။
“ သာလွတ်ထွတ်တင်၊မင်းသာရွှင်၍် ၊ သဘင်မပြတ်၊ နေ့ တိုင်းပတ်သား၊ ပြဿဒ်ပြောင်ရွှန်း၊ မြို့ ဘုံနန်းနှင့်၊ ရံဝန်းကိုးမည်၊ ရွှေသားလည်သည်၊ ပျော်မည်မှာဝေး တရေးရေးတည့်၊ မွှေးကျော်သတင်း၊ ပြည်ထောင်ချင်းတို့ ၊ ရန်တင်းမ၀ံ့၊ မာန်ကိုညံ့သည်၊ ပေါက်ပျံ့ သာသနာ၊ ကေတုမှာသို့ ၊ အာ ဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျင်၊ ဖြန့် တိုးဝှန့် လှိုက်၊ ဖြုန်းဖြုန်းပြိုက်သည်၊ ရီမိုက်မှိုင်းမျှ ဆွတ်ရှာ သော...”
ကေတုမတီ ရွှေပြည်ဌါနရဲ့ ကြက်ပျံမကျ စည်ကားလှစွာသော နွေမိုးဆောင်း ဘုရားပွဲတော်များ...။ ပြဿဒ်မွန်းချွန် တံခွန်ကုတ်ကား ၀င့်ကြွားတင့်တယ် ပျော်ဘွယ်ကောင်းတဲ့ ဇာတိမြေရဲ့ အလှအပများ...။ လက်ထဲကပေရွက်ပေါ်တွင် စာလုံးများကို သူမမြင်တော့။ သူ့ နားထဲ အိုးစည်ဗုံမောင်းတီးခတ်သံများ ကြားလာရ၏။ ၀တ်ကောင်စားလှများဝတ်ဆင်သွားလာနေကြသည့် ကေတုမတီ ရွှေပြည်ဌာနရဲ့ပြည်သူများကိုမြင်လာရ၏...။ ရှင်သန်ခို ရတုတပိုဒ်ဆုံးသည့်အခါ ပါတ်ဝန်းကျင်ကို အကဲခတ်သည်။ အင်းဝဘုရင်၏ရှေ့ မှောက်တွင် ကေတုမတီပြည်သားတဦးက အင်းဝ၏ စာဆိုအဖြစ် အမှုတော်ထမ်းနေရသည့်တိုင်...အင်းဝ၏ လက်အောက်ခံ မြို့ သိမ်မြို့ မွှားအဆင့်သာရှိတော့သည့် တောင်ငူမြို့ ကို ဘာ့ကြောင့်များ အခုလို တခမ်းတနား စာဆိုခဲ့မိပါလိမ့်...။ ရှင်သန်ခို ဒုတိယရတုပိုဒ်ကိုဆက်ပြီးဖတ်သည်။
“ ရှာဆွတ်လွတ်ကြင်၊ ဘယ်ခါတွင်မျှ၊ ပျော်ရွှင်မချပ်၊ စိတ်မလပ်တည့်၊ ထပ်ထပ်လွှမ်းစိုး၊ ပြေနိုးနိုးလျင်၊ လက်မိုးဆယ်ချောင်း၊ နေ့ တိုင်းတောင်းလည်း၊ ရှင်ကောင်းမွတ်ပြာ၊ မယ့်ရုပ်ဝါနှင့်၊ ပြည်ရွာကိုပစ်၊ အောက်မေ့လစ်သော် ၊ကြင်ချစ်စိတ်မှန်၊ နောင်ဘုန်းသန်လျင်၊ လွမ်းဟန်ထုံမွမ်း၊ ဗျာပါလွှမ်းခဲ့၊ မိုးချမ်းဆောင်းနွေ၊ ရာသီကျွေက၊ ထွေထွေဆင့်လောင်း၊ ဆွတ်မျှပြောင်းသည်၊ တသောင်းလုံး သူ့ နတ်မှာသော... ↔
တိတ်ဆိတ်ငြိမ်သက်နေသည့် မဂ်လာမဏ္ဍာပ်တော်အတွင်း ရှင်သံခို ၏ ရတုရွတ်ဆိုသံမှာ အတိုင်းသားကြားနေရ၏။ သူ့ အဖို့ မူသူ့ ရတုရွတ်သံ
ကို သူကိုယ်တိုင်ပြန်ပြီး မကြားနိုင်အောင်စိတ်လှုပ်ရှားနေ၏။ သူ့ မျက်စေ့ထဲ ကြက်ပျံမကျစည်ကားလျက်ရှိသည့် ဘုရားပွဲတော်လူအုပ်ကြီးမှာ တမဟုတ်အတွင်း လူသတ်ကွင်းကြီးတခုဖြစ်သွား၏။ နားထဲ မိန်းမတယောက်၏ ရင်ကွဲပက်လက်ငိုသံကိုကြားလာရ၏။ ကေတုမတီတပ်မှာ ရေအိုးကို ရိုက်ခွဲလိုက်သလို အကွဲကွဲ
အပြားပြား အလဲလဲအပြိုပြိုဖြစ်ကာ ခြေဦးတည့်ရာ ဥဒဟိုပြေးထွက်ကုန်၏။ ထိုစဉ်မှာပင် အင်းဝ ဘုရင် မဟာဓမ္မရာဇာဓိပတိ ၏ ရယ်မေါသံကိုကြားရ၏။ အောင်ပွဲခံ အင်းဝတပ်၏ တိုက်စည်တိုက်မေါင်းသံများကို နားကွဲလုမတတ်ကြားလိုက်ရ၏။
လွန်ခဲ့သော ရက်ပေါင်း သုံးရာကျော်က ကေတုမတီသား လူသူဆင်မြင်း အလုံးအရင်းကို ဘ၀ရှင်သည် သိမ်းသွင်းခေါ်ဆောင်ကာ အင်းဝသို့ ပြန်ခဲ့၏။ အောင်ပွဲခံ အင်းဝသားတို့ ၏ အလယ်တွင် စစ်ရှုံးသူ ကေတုမတီသားဟူသမျှ မည်သူမဆို ကျေးကျွန်ဘ၀ဖြင့် နေချင်ကြလိမ့်မည်မဟုတ်။
ရှင်သန်ခိုသည် အင်းဝ၏ စစ်သည်တော်များကြားမှ ခြေဒရွတ်ဆွဲလုမတတ် ခြေလှမ်းများဖြင့် ပင်ပမ်းကြီးစွာ လိုက်ပါလာခဲ့ရသည့်အဖြစ်ကို မေ့လို့ မရနိုင်ပါ။ ထိုအချိန် အဖိုးဖြစ်သူ လှော်ကား ၃၀၀၀ မှူး ကို သူတွေးမိသည်။ အဖိုး၏အဖြစ်က သူ့ အဖြစ်နှင့်တထပ်တည်းကျနေ၏။ တချိန်တုန်းက..အင်းဝ၏စာဆိုတဦးဖြစ်သူ သူ့ အဖိုးသည် စစ်ရှုံးအင်းဝသားတဦးအနေနှင့် ကေတုမတီသို့ လိုက်ပါလာခဲ့ရ၏။ သူ၏ ဦးရီးတော် မင်းဇေယျယနမိတ် သည်လည်း အင်းဝမှသည် ကေတုမတီတောင်ငူသို့ စစ်ရှုံးသူအဖြစ်လိုက်ပါခဲ့ရ၏။ သူ၏အဖိုးနှင့် ဦးရီးတော်တို့ သည် မည်မျှ ကြေကွဲဝမ်းနည်းခဲ့ကြရပါလိမ့်။ အခုတော့ သူက ကေတုမတီ၏စစ်ရှုံးအကျဉ်းသားတဦးအဖြစ် အင်းဝသို့ လိုက်ပါလာခဲ့ရပြန်ပြီ...။ သူ့ အဖိုးသည် သူ့ လိုပင် စစ်ပွဲအတွင်းပျောက်ဆုံးသွားရသည့် လင်နှင့်သားအတွက် ရင်ပတ်စည်တီးဖြစ်ရသည့် သားပျောက်မိခင်များ၊ မုဆိုးမဒုက္ခသည်များကို မလွဲမသွေမြင်တွေ့ ခဲ့ရပေလိမ့်မည်။ ထိုအခါ စစ်သည်တဦးဖြစ်သည့်တိုင် စာဆိုတဦးလည်းဖြစ်သည့်သူ့ အဖိုးအနေနှင့် လူတွေရဲ့ဒုက္ခကိုသည်အတိုင်း ထိုင်ပြီးကြည့်နေနိုင်ရက်ပါ့မလား...။
မှန်သည်...၊ ရေမြေ့သခင်တို့ ၏ရှေ့ မှောက်၌် သည်အဖြစ်ကို စာဖွဲ့ ပြီးမှတ်တမ်းတင်ဖို့ ဆိုသည်မှာ ကိုယ့်လည်ပင်းပေါ် ကိုယ်ကိုယ်တိုင် ဓါးတင်ပြီးလှီးသလိုဖြစ်လိမ့်မည်ဆိုသည်ကို သူကောင်းကောင်းသိသည်။ သို့ သော်...ရှင်သန်ခို သူ့ နှလုံးသားကိုမထိမ်းနိုင်ပါ။ စစ်၏အနိဌါရုံများကို တကွက်တပြမျှသာဖြစ်ဖြစ် စာဖွဲ့ ဖြစ်အောင်ဖွဲ့ တော့မည်။ သို့ နှင့် ရှင်သန်ခိုသည် ထိုးဇာတ်တခုကိုဖန်တီးရတော့၏။ သူ့ ရတုထဲ
စစ်ရှုံးလို့ အင်းဝသို့ လိုက်ပါရသည့် မိန်းမငယ်တယောက်၏ ခံစားချက်ကိုဖွဲ့ ရန် သူစိတ်ကူးသည်။ အင်းဝရွှေပြည်၏ အလှအပများ စေတီပုထိုးများ ပွဲတော်များ ဘယ်လောက်ပင် ကြီးကျယ်ခန်းနားနေသည်ဖြစ်ပစေ ကေတုမတီတွင် ခွဲခွါကျန်ရစ်သည့်ချစ်သူကိုသာ တအောင့်မေ့မေ့ဖြစ်ရသည့် မိန်းမငယ်တဦးကို
ထိုးဇာတ်လုပ်ရန် ရှင်သန်ခို ဆုံးဖြတ်ခဲ့၏။ ဘ၀ရှင်၏အာရုံကိုလွဲအောင်ကြိုးစားကြည့်ခဲ့၏။ ရတု
၏ နောက်ဆုံးအပိုဒ်...ကို ရှင်သန်ခိုဆက်ပြီးဖတ်သည်။ သူ့ နားထဲ ၌ ကူပါကယ်ပါ တစာစာငိုကျွေးနေသည့် မိန်းမတယောက်၏ ငိုသံများကိုသာကြားနေခဲ့ရ၏။
“ ပြာလတ်မွတ်စင်၊ နောင်သာကြင်၍၊ ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်၊ တင့်နေကျစ်လျစ်၊ စံပယ်သစ်က၊ ကျွမ်းချစ်ရအောင်၊ ကြိုးသည့်နောင်မူ၊ ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ၊ မေတာအသက်၊ ပုံလျက်ဝေမှိုငိး၊ အဆိုင်းဆိုင်းတည့်၊ နေ့တိုင်းတန့်ဆည်၊ မခံ့သည်ကို၊ ရွှေပြည်မှာနတ်၊ သိပါတတ်လိမ့်၊ ပျောင်းညွတ်ယိမ်းယိမ်၊ အုံးရှာကြိမ်းသည်၊ တောင်တိမ်းကဲ့သို့  ညွတ်ကာသော..↔
ရတုရွတ်သံဆုံးသွာခဲ့ပြီ။ မဂ်လာမဏ္ဍပ်တခုလုံး ချောက်ချားဖွယ်တိတ်ဆိတ်လျက်ရှိ၏။ မဟာနန္ဒာ ဥယျာဉ်တော်ဖက်ဆီက ကျေးငှက်မြည်သံများသည်ပင် ထူးထူးခြားခြားတိတ်ဆိတ်လျက်။ တခဏမျှအကြာတွင် ဘ၀ရှင်၏ ဒေါသနှောသည့်အသံက မဏ္ဍပ်တခုလုံးကို လွှမ်းသွား၏။
“ ဟဲ့ ရှင်သံခို နင့်ရတုထဲမှာ နင့်အသက်ကိုနှုတ်ယူသွားနိုင်တဲ့ စားသားတွေပါနေတာ နင့်ကိုနင် သိမှသိရဲ့လား ”
ရှင်သံခိုဆီမှ မည်သည့်အသံမျှပြန်ပြီးမကြားရ။ ပလ္လင်ထက်ဆီက ဘ၀ရှင်၏ ခန္ဒာကိုယ်လှုပ်ရှားသည့်အသံကိုကြားရသည်။
“ ဘာတဲ့လဲ..ပြေရွာကိုပစ်...အောက်မေ့လစ်သော်...ကြင်ချစ်စိတ်မှန်...နောင်ဘုန်းသန်လျင်..တဲ့လားကွ၊ ပြီးတော့ တင့်နေကျစ်လျစ်...စံပယ်သစ်က...ကျွမ်းချစ်ရအောင်...ကြိုးသည့်နောင်မူ...တဲ့လားကွ↔
သည့်နောက်ပိုင်းတော့ ဘ၀ရှင်သည် သူ့ အပေါ် သေဒါဏ်ပေးခဲ့၏။ သူသည် အင်းဝဘုရင်ရှေ့ မှောက်ရောက်နေသည့်တိုင်၊ အင်းဝဘုရင်၏ အမှုတော်ထမ်း စာဆိုဖြစ်သည့်တိုင် ဘ၀ရှင်၏ ကိုယ်လုပ်တော်နှင့် တောင်ငူ ဘုရင်ငယ် နတ်ရှင်နောင်တို့ ၏ မပြတ်နိုင်သည့်နှောင်ကြိုးကို ရတုရေးဖွဲ့ ရကောင်းလားဟုဆိုကာ ဘ၀ရှင်သည် သူ့ အပေါ် အပြင်းအထန်ရာဇမာန်တင်းတော့၏။
ရှင်သန်ခို ငြင်းပါသေးသည်။ သူရေးဖွဲ့ သည့် ရတုကဗျာအပေါ် ဘ၀ရှင်၏အကောက်အယူ လွဲခြင်းသာဖြစ်သည်ဟု ပြန်လည်လျောက်တင်၏။သို့ သော် မည်သည့်အဓိပါယ်နှင့်ရေးဖွဲ့ ခဲ့ခြင်းဖြစ်သည်ကိုမူ တလုံးတပါဒမျှ မဖွင့်ဟပဲ ဘ၀ရှင်ပြောသမျှ လည်စင်းလျက် သာ ငြိမ်ခံနေခဲ့၏။ ဤကဲ့သို့ အဓိပါယ်ဖွင့်ဆိုရမည့်အလုပ်မှာ စာဆိုတို့ ၏အလုပ်မဟုတ်ဟုဆိုကာ ဘ၀ရှင်၏ သေဒါဏ်အမိန့် ကို မတုန်မလှုပ်ခံယူခဲ့၏။
မွန်းလွဲ ရွှေဗဟိုစည် သုံးချက်တီးသံကြားရသည်။ မကြာမှီ တောင်စွယ်တွင် နေကွယ်တော့မည်။ အချိန်အနည်းငယ်အတွင်း အကျဉ်းဌါန အစေါင့်တပ်သားများနှင့် သူသတ်သမားများရောက်လာကာ သူ့ အား လူသတ်ကုန်းသို့ ခေါ်ကြပေတော့မည်။
ရှင်သန်ခို သည် အကျဉ်းခန်းထောင့်တွင် ထိုင်နေရာက ထရပ်လိုက်၏။အချိန်ကြာမြင့်စွာ ပျံ့ လွင့်နေခဲ့သည့် သူ့ စိတ်မှာ ယခုအခါ သူ့ ခနာကိုယ်ဆီပြန်ရောက်လာခဲ့ပြီ။ သူ သည်စာဆိုတဦးမျှသာဖြစ်သည်။ စာဆိုတဦးအနေနှင့်စာဆိုတို့ လုပ်ရကိုင်ရမည့်အလုပ်ကို သူလုပ်ခဲ့ပြီးပြီ။ ယခုအခါ သူ့ အနေနှင့် သေမင်းကိုရင်ဆိုင်ရုံမှအပ ဘာမျှမရှိ။
အချုပ်ခန်းတံခါးဖွင့်သံကြားရသည်။ သူက အခန်းပေါက်ဝကို တည်ငြိမ်စွာကြည့်ရင်းက မတ်မတ်ရပ်သည်။ အချုပ်ခန်းထဲသို့ လူတယောက်ခေါင်းငုံ့ ပြီးဝင်လာ၏။ အစေါင့်စစ်သားမဟုတ်။ သုဘရာဇာလည်းမဟုတ်။ တာဝန်ကျ သူသတ်သမားများလည်းမဟုတ်။ ရှင်သန်ခို မဝေခွဲတတ်အောင်ဖြစ်နေစဉ် အချုပ်ခန်းအတွင်း ခေါင်းငုံ့ ပြီးဝင်လာသူက ငုံ့ ထားသည့်ခေါင်းကိုမေါ့လိုက်၏။
“ ငထင်ငယ် ↔
ရှင်သန်ခို နေရာတွင်ပင် ခြေစုံရပ်ရင်းက အံ့သြသွားရ၏။
( ၂ )
“ ဘာ ဘ၀ရှင်က ငါ့ကို သေဒါဏ်ကလွှတ်လိုက်ပြီ ↔
“ ဟုတ်တယ် ရှင်သံခို ၊ ငါ နင့်ကို သေဒါဏ်ကလွှတ်ဖို့ ဘ၀ရှင်ဆီမှာလျှောက်တင်ခဲ့တာပဲ၊ နင်လည်းသိတာပဲ၊ ဘ၀ရှင်က သာမာန်လူမှမဟုတ်တာ၊ သူက ပညာရှိတွေ သူရဲကောင်းတွေကို မွေးတဲ့သူ၊ နားလည်တဲ့သူ၊ပြီးတော့ ခံစားတတ်တဲ့သူ၊ ဒီလို ဘ၀ရှင်ဆီ ငါဘာပြုလို့ မလျှောက်တင်ရဲရမှာလဲ၊ ဒါကြောင့်မို့ နင့်အတွက်ငါ အတွင်းတော်ထဲဝင်ပြီးလျှောက်တင်ခဲ့တာပဲ ↔
ရှင်သံခို အိပ်မက်မက်သလို ဖြစ်နေသည်။ ပြည်ငထင်ငယ် က သူ့ ရှေ့ တွင် စကားကို တလုံးချင်းရှင်းပြနေသည့်တိုင် သူ့ မှာ ဇဝေဇ၀ါဖြစ်နေ၏။
“ တကယ်တော့ နင်အံ့သြသလို ငါလည်း ဘ၀ရှင်ရဲ့ ပြင်ဆင်တဲ့အမိန့် တော်ကိုကြားတုန်းက အိပ်မက်မက်နေသလိုပဲကွ ”
“ အေးလေ အခုလိုကြားရတော့ ငါလူ့ ပြေမှာ ကြာကြာထပ်ပြီး နေရအုန်းတော့မှာပေါ့၊ ဒါပေမယ့် နင် ဘယ်လိုစကားမျိုးပြောပြီး ဘ၀ရှင်ဆီမှာ လျှောက်တင်ခဲ့တာများလဲ ↔
“ နင်က ကေတုမတီတင်မက တခြားတိုင်းနိုင်ငံတွေထိအောင် ကျော်ကြားတဲ့ စာဆိုအမတ်၊ ပြီးတော့ နင့်ရတုထဲက နောင် ဆိုတဲ့စကားလုံးက နတ်ရှင်နောင်ကိုဆိုလိုတာမဟုတ်ပဲ ကိုယ့်ထက်အသက်ကြီးသူကိုဆိုလိုတာဖြစ်ကြောင်း၊ ဒီအထဲက ကေရှင်မြခက် ဖြာစရွက်ဆိုပြီးရေးတဲ့ မိန်းကလေးဆိုတာကလည်း တောင်ငူကဘ၀ရှင်သိမ်းပိုက်လာတဲ့ ကိုယ်လုပ်တော်ကိုရည်ညွှန်းတာ မဟုတ်တဲ့အကြောင်း ရတုကဗျာဆိုတာ တကြောင်းထဲကိုအသေယူလို့ မရတဲ့အကြောင်း အကြိမ်ကြိမ်လျှောက်တင်ရတာပေါ့ ”
ရှင်သန်ခို က ပြည်ငထင်ငယ်၏ မျက်နှာကို စေ့စေ့ကြည့်၍့ ပြုံး၏။
“ ဘ၀ရှင်ကို နင်တကယ်ပဲ ဒီလောက်ပဲ လျှောက်တင်ခဲ့တယ်ဆိုတာ ငါမယုံဘူး ငထင်ငယ် ၊ နင်ဟာ ငါလို စာမဆိုပေမယ့် စာဆိုတယောက်ထက်ပိုပြီးခံစားတတ်တာ ငါသိနေတာပဲ၊ ပြီးတော့ နင်နဲ့ ငါနဲ့ က အင်းဝသားမဟုတ်ကြဘူးလေ၊ နင်က ပြည်ကပါလာတဲ့ကျွန်၊ ငါက တောင်ငူ..၊ ဘ၀တူတွေဖြစ်ကြတဲ့အပြင် နင်က အချိန်တိုင်းလိုလို ငါနဲ့ အတူတူရှိနေတဲ့သူ၊ ရတုကဗျာတွေရဲ့အနက်ကို ငါ့ထက်တောင်မှ ပိုပြီးခံစားနားလည်သူလို့  ငါသိထားတာပဲ၊ ဘ၀ရှင်ကို နင်ဒီလောက်ပဲ လျှောက်တင်ခဲ့တယ်ဆိုတာ ငါမယုံဘူး ငထင်ငယ် ↔
ရှင်သန်ခို နှင့် ပြည်ငထင်ငယ် တို့ အချုပ်ခန်းဆောင် သစ်တပ်ဝန်းအပြင် ဘက်ကိုရောက်တော့ နေလုံးကြီးမှာ ဧရာဝတီမြစ် အနောက်ဖက် တောင်စွယ်အောက်သို့ ရောက်သွားခဲ့ပြီ။
ရှင်သန်ခို လမ်းလျှောက်လာရင်းက ပြည်ငထင်ငယ် ပြောလိုက်သည့် စကားများကိုတွေးကာ ကြေနပ်စွာပြုံးမိလေသည်။ ။
ကိုးကား။ ။ ( ၁ ) အမြင့်သို့ အာရုံညွန့် တက်ခြင်း ( တက္ကသိုလ် ဘုန်းနိုင် )
( ၂ ) မြန်မာစာပေသမိုင်း ( ဦးဖေမောင်တင် )
( ၃ ) မြန်မာစာညွန့် ပေါင်းကျမ်း(ဒု)
( ၄ ) မဟာရာဇ ၀င်ကြီး ( ဦးကုလား )
( ၆ ) စာဆိုတော်များအထုပတ္တိ (မောင်သုတ/ ဗိုလ်မှူးဘသောင်း)
(သရုပ်ဖေါ်ပုံက images,objects, and ideas စာအုပ်မှ ယူသုံးထားတာပါခင်ဗျား)
ငြိမ်းဝေ
၂၆ ၊ ၉ ၊ ၂၀၀၉
1 comment:
  1. ဟား...အမှန်အတိုင်းဝန်ခံရရင် စကားလုံးတွေ ရေးဟန် နံမည်တွေ နန်းတွင်းဝေါဟာရတွေ အထာတွေ သမိုင်းမှုတွေ တခုမှနားမလည်ဘူးဗျာ။ နားလည်ဖို့လေ့လာမယ်ဆိုရင် phd တသက်စာလောက် ဖြစ်သွားမလားပဲ။ လေတယ်ဗျာ။
    ReplyDelete