September 05, 2009

ဥရောပမဲဇာ အခန်း [ ၃ ]


မေပယ်လ်ရွက် ဘယ်ရီသီးအပြာ နှင့် ဥရောပ ကျေးလက် [ ၄ ]

အိပ်ခန်းကလေးကို တခါမက၊ အကြိမ်ကြိမ် အခါခါလှည့်ပတ်ပြီး ကြည့်သည်။ အိပ်ရာခင်းအဖြူပေါ်တွင် နီညိုရောင်နှင်းဆီ ပွင့်များ ကြဲပက်ထား၏။ အဖြူရောင် ခေါင်းအုံးစွပ်ကို ပန်းနုရောင်ပန်းပွင့်များနှင့် အနားကွပ်လျှက်။ ခြုံစောင်မှာ အစိမ်းရောင် ဖျော့ဖျော့။ ကုတင်ပေါ်တွင် ထိုင်ကြည့်သည်။ စားပွဲခုံဘေးက ကုလားထိုင်တွင် ထိုင်သည်။တံခါးပေါက်တွင်ရပ်ကာ ခန်းဆီး ပြူတင်း ပေါက်ကို ကြည့်သည်။ လုံခြုံအေးချမ်းနွေးထွေးသည့် အခန်းကလေး။ နော်ဝေးနိုင်ငံတွင် နေထိုင်စဉ် အော်စလို၏ တထောင့်တည ပုံပြင်များသည် ဤအခန်းကလေးမှာပင် အစပြုခဲ့ပြီဆိုသည်ကို ကျနော်သတိမပြုနိုင်ခဲ့။


အခန်းကလေးမှာ တိုက်ခန်းများ၏ ကျောဘက်တွင်ရှိနေသဖြင့် တိုက်၏မျက်နှာစာကိုမူ မမြင်နိုင်ပါ။ တိုက်၏နောက်ဖေး ဘက်၊ အခြားတိုက်ခန်းများ၏ နောက်ဖေးဆောင်များနှင့် တိုက်ခန်းများ၏ အလယ်မြေကွက်လပ်ကြီးကိုသာ မြင်နေရလေသည်။ တိုက်ခန်းအချို့ ၏ ၀ရန်တာတွင် စောင်နှင့် အ၀တ်အစားများ နေပူလှန်းထားသည်ကို တွေ့ နေရဆဲ။ နာရီကိုကြည့်တော့ ည (၉း၀၀) နာရီကျော်နေပြီ။ နေရောင်တွေကို တွေ့ နေရသည်။ နော်ဝေးနိုင်ငံ၏ ထူးခြားဆန်းကျယ်လှသည့် ရာသီဥတု ပဉ္စလက်ခန်းဆီးစကို ကျနော်ဆွဲကိုင်မိပြီလို့  ဆိုရမလားဘဲ။ သည်အကြောင်းကို အိပ်ရာမ၀င်ခင်၊ ဧည့်ခန်းတွင်စကားစပ်မိတော့ “ မနက်(၄း၀၀)နာရီ ကတည်းက နေထွက်နေတာဗျ။ ကျုပ်တို့ ဆီက (၈)နာရီ၊ (၉)နာရီလောက်ဖြစ်နေတဲ့သဘောပဲ ” ဟု ကိုမွန်းအောင်က(တေးသံရှင်မွန်းအောင်) ပြောခဲ့၏။ ကျနော် အံ့သြသွားရသည်။ ဗိုက်ကင်းတို့ ၏ နွေဥတုက နေ့ တာရှည်လွန်းပေစွဟု မှတ်ချက်ချမိသည်။ ထို့ ကြောင့် အော်စလိုသို့  ရောက်စရက်များတွင် ကျနော့်အဖို့  အိပ်ချိန်၊ ထချိန်များ တစုံတရာ တလွဲတချော် ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ၀ိုင်းပြီး ပြောခဲ့ကြ ၏။ ကျနော့်အဖို့ တော့ လေထဲတွင် ပေါလောမျောကာ၊ လမ်းလျှောက်နေသူတဦးလို ခံစားနေရသည်။ တချို့ အရာဝတ္ထုများ၊ ကျနော် နှင့် ဝေးသထက် ဝေးသွားနေစဉ် တချို့ က ကျနော့်ဆီ ပြေးလာနေကြ၏။ ကျနော်မြင်ခဲ့သမျှ။ ကျနော်ထိတွေ့ ခဲ့သမျှ မြင်ကွင်းများ၊ အရာဝတ္ထုများမှာ တချို့ မှုန်ဝါး၊ တချို့ ပြတ်သား၊ ကျနော့်မှာ အိမ်မက်ထဲတွင် စတင်လမ်းလျှောက်နေရသူပမာ…သည်လိုနှင့် ကျနော့်စိတ်တွေ…။ ဥရောပမြေပုံပေါ် ကျော်လာနေကြပြန်သည်။ အရှေ့ အလယ်ပိုင်းဒေသကို ကျော်လာရပြန်သည်။ ဟိမ၀န္တာ တောင်တန်းကြီးကို ကျော်ရပြန်သည်။ ထိုင်း--မြန်မာ နှစ်နိုင်ငံနယ်စပ်၊ သောင်ရင်းမြစ်ကမ်းပေါ် ပြန်ရောက်လာခဲ့ပြီ။ မာနယ်ပလော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုဌာနာချုပ်၊ ရုံးခန်း၏ နောက်ဖေး၊ အဆွယ်လေးအောက်က ကျနော် နေထိုင်အိပ်စက်ခဲ့သည့် အိပ်စင်ကလေး…။ ၁၉၉၃ ခု…။

အိပ်စင်ကလေးပေါ်ကဆင်းပြီး ရုံးခန်းအမိုးစွန်းကို ခေါင်းငုံ့ ရှောင်ကာ၊ အပြင်ဘက်ကိုထွက်ပြီး ရပ်လိုက်သည်။ ကျနော့်ရှေ့  တလှမ်းသာသာတွင် မယ်တုက္ခီစမ်း ချောင်းကမ်းပါးစွန်း ရှိနေ၏။ စမ်းချောင်းရေစီးသံကို အတိုင်းသား ကြားနေရလေသည်။ ကျနော် က၊ ရုံးခန်းနှင့် ဗဟိုခန်းမဆောင်ကြား လူသွားလမ်းထိပ်က သစ်ခွပန်းများ ချိတ်ဆွဲထားသည့် သစ်ပင်သစ်ရိပ်တွင် သွားထိုင်လိုက် သည်။့် ဤသစ်ပင်သစ်ရိပ်အောက်တွင်၊ ၀ါးတန်းလျားလေးတခု၊ ကျနော်ကိုယ်တိုင် ခုတ်ဖြတ်တည်ဆောက် ကာ ချထားခဲ့သည့် ထိုတန်းလျားကလေးတွင် ထိုင်ကာ မယ်တုက္ခီ စမ်းချောင်းရေစီးသံကို ကျနော်နားထောင်သည်။ ကမ်းပါးအစွန်း ခြုံပုတ်များကြားက နှံပြည်စုတ်ငှက်ကလေး တကောင်၏ အော်မြည်သံကို နားစွင့်သည်။
ဝါးတန်းလျားကလေးတွင် နေ့ စဉ်ထိုင်ကာ စမ်းချောင်းရေစီးသံကို နားထောင်ခဲ့သော်ငြားလည်း အစပထမတွင် နှံပြည် စုတ်ငှက်ကလေးကို ကျနော်သတိမထားခဲ့မိပါ။ အမှတ်တမဲ့ ထိုင်ရာက ထကာ အိပ်စင်ကလေးဖက် ထွက်လိုက်ကာမှ ခြှုံပုတ်ထဲက ရုတ်တရက် ထပျံ်သွားသည့် သူ့ ကို ကျနော်သတိပြှုမိသွားခြင်းဖြစ်သည်။ သူသည် ဘယ်အချိန်ကတည်းက ကျနော့်ကို အစာ တောင်းနေခဲ့သည်မသိ။ ကျနော်က စားစရာတချို့ ကို ခြှုံပုတ်အစပ်တွင် ဖက်တရွက်ခင်းပြီး ချပေးလိုက်သည်။ ၀ါးတန်းလျားတွင် ပြန်ထိုင်လိုက်သည်။ ခဏကြာတော့ မာကျစ်ကျစ် အသံကလေးများကို ဆက်ကာဆက်ကာ အော်မြည်ရင်း သူပြန်ရောက်လာခဲ့သည်။ ကျနော်က မသိချင်ယောင် ဆောင်နေလိုက်ရ၏။ သူသည် အချိန်အတန်ကြာကြာ အော်မြည်စားသောက်ပြီးနောက် ခြှုံပုတ်ကလေး ဆီမှ ပျံထွက်သွားလေသည်။ ကျနော် ကောင်းကောင်းသိပါသည်။ မနက်ဖြန် မနက်ခင်းတွင်လည်း အချိန်မှန်မှန် သူရောက်လာပေ လိမ့်ဦးမည်။

တခါတရံ ငှက်ဖျားတက်ပြီး အိပ်ရာက စောစောမထနိုင်သည့် ကျနော့်ကို သူသည် ခြှုံပုတ်ကလေးထဲကတဆင့် တကျစ် ကျစ် အသံပေးနေခဲ့၏။ ခှုံပုတ်ကလေးထဲက အရဲစွန့် ထွက်လာကာ လူသွားလမ်းထိပ် သစ်ပင်သစ်ကိုင်းများပေါ် ရောက်လာခဲ့၏။ ကျနော့် အိပ်စင်ကလေး၏ ရှေ့ မှဖြတ်ပျံပေတော့မည်။ ထိုအခါ ကျနော့်မှာ အိပ်ယာမှ လူးလဲထကာ သူ့ ကို ကိုယ်ယောင်ပြရတော့ သည်။ အစာတချို့  ချကျွေးလိုက်ရသည်။ ထိုသို့ သော အချိန်မျိုးတွင် သူ့ အသံ မာကျစ်ကျစ်ကလေးများသည် တမျိုးတဖုံ အသံ ပြောင်းနေသလားဟု ကျနော်ထင်မိသည်။ ကျနော့်ရင်ထဲ ဘာကြောင့်ရယ်တော့မသိ ကြေကွဲနေမိ၏။
နှံပြည်စုတ်ကလေးနှင့် ကျနော်၏ ဆက်ဆံရေးအခြေအနေကို စာရေးဆရာနိုင်ဝင်းဆွေနှင့် တွေ့ ဆုံသည့်အချိန်တိုင်း ကျနော်ပြောပြခဲ့ဖူးသည်။ နိုင်ဝင်းဆွေက ကျနော့်စကားများကို လေးလေးနက်နက်ထားပြီး နားထောင်ခဲ့၏။ ပြီးတော့မှ ကျနော်နှင့် နှံပြည်စုတ်ကလေး၏ ကြားတွင်ရှိနေသည့် မမြင်ရသည့် သံယောဇဉ်ကြှိုးမျှင်ကို သူကထောက်ပြလေသည်။ လူနှင့် တိရိစ္ဆာန်တို့ ၏ ကြားက ထူးဆန်းလှသည့် “မေတ္တာ”ကို သူ့ အနေနှင့် ထိတွေ့ နားလည်နိုင်စွမ်းရှိကြောင်း ဆိုလာလေသည်။ ကျနော် သူ့ ကိုစူးစိုက်ပြီး ကြည့်မိသည်။ ၁၉၇၈ ခုနှစ် ၀န်းကျင်…။ ‘ လူတန်းစားမေတ္တာ ’ ကလွဲ၍၊ မည်သည့်မေတ္တာအမျိုးအစားကိုမျှ မယုံကြည်နိုင်ဟု ဆိုခဲ့ဖူး သည့် စာရေးဆရာနိုင်ဝင်းဆွေက၊ လူသားနှင့် တိရိစ္ဆာန်တို့ ၏ကြားက မမြင်ရသည့် မေတ္တာကြိုးမျှင်၏အစကို ဆွဲထုတ်ကိုင်တွယ်ပြခဲ့ ပါပြီကော။ နိုင်ဝင်းဆွေ၏ ပြောင်းလဲတိမ်းညွှတ်မှုကြီးပေလော…။ ကျနော် အံ့သြသွားရ၏။

အော်စလိုမြို့  ကျနော်နေထိုင်ခွင့်ရသည့် အခန်းကလေးကိုကြည့်ကာ မာနယ်ပလောမှာကျန်နေရစ်သည့် ကျနော့် ၀ါးအိပ်စင်လေးကို လွမ်းနေမိပြန်သည်။

ငြိမ်းဝေ

ချစ်သူ ရဲဘော်များခင်ဗျား...
ကျနော့်ဘလေါ့မှာ ကျနော့်ရဲ့ တော်လှန်ရေးရှေ့ တန်းခရီးအတွေ့ အကြုံများနဲ့ ဥရောပခရီးသွားအတွေ့ အကြုံများကို အဆငိပြေသလို ဖေါ်ပြသွားချင်ပါတယ်။ဒီတခါတော့ ဥရောပ ခရီးသွားဆောင်းပါးတပုဒ်တင်လိုက်ပါတယ်။ဒီဆောင်းပါးတွေကတော့
ဥရောပမဲဇာ ဆိုတဲ့ခေါင်းစဉ်ကြီးအောက်က ခေါင်းစဉ်ငယ်တခုဖြစ်တဲ့ မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့်ဥရောပကျေးလက် ခေါင်းစဉ်ခွဲ(၄)အနေနဲ့ ဖေါ်ပြလိုက်တာပါ။

No comments:

Post a Comment