September 16, 2009

ကိုယ့်ကိုယ်ကို ဗုံတလုံးလို့ ယူဆထားတဲ့ ဗုံမဟုတ်တဲ့ ဗုံတလုံးရဲ့ ဗုံသံများကို စီဒီရိုက်ကြည့်ခြင်း


ကဘာကြီး
ခင်ဗျား
ကျနော့်ကို ကီးညှိနေတာကြာပြီ။

ကျနော့်ကို
ကဘာကြီးက
ဆ ၀ါး ကြည့်နေတာထက်
အခံရခက်တာ ဘာကမှမရှိဘူး။

ဒါနဲ့ ပဲ
ကျနော်
ကဗျာသားဖေါက်ဖို့ 
ပြန်ဆင်းလို့ မရတဲ့လှေကားပေါ် တက်ကြည့်တယ်။

ကဗျာဆိုတာ
ခေါင်းစဉ်မရှိတဲ့ ဘဝ
ပြီးတော့
ကြိုးစင်မရှိတဲ့ အလှတဲ့လား။

စကားလုံးတွေလား...
ချရေးနေရင်းက
ရက်လွန်မှိုတွေလို ရိရွဲပြိုကျသွားကြ။

တခုတော့ရှိတယ်
အိမ်သာရေ ဘယ်လောက်ချိုးချိုး
ကဗျာ ဆပ်ပြာရေကတော့ တကယ်တိုးတာ ယုံ။

ကျနော်တို့ 
မြင်ရတဲ့ အရာထက်
မမြင်ရထက် အရာ
ပိုပြီး မြင်ကြမယ်ဆိုရင်ပေါ့။

ကြားရတဲ့ အရာထက်
မကြားရတဲ့ အရာ
ပိုပြီး ကြားကြမယ်ဆိုရင်ပေါ့။

စဗက်ထရေဗါ ရေ
ကိုယ့်ကိုယ်ကို သတ်သေပြီးသည့်တိုင်
ကဗျာစက်တိုင်ပေါ်က
ခင်ဗျား...
ဘယ်တော့မှ ထ‚ မပြေးခဲ့တာ ကျနော်ယုံတယ်။

ချစ်သူတို့ 
မုန်းသူတို့ 
ကျနော်တို့ ရဲ့ ကိုယ်ရောင်ကိုယ်ရှိန်
မောင်လူမှိန် ကို အားနာ
တခဏလောက်ဖြစ်ဖြစ် သရောခိုင်းသင့်ကြတယ် ထင်ပ။

ဟိုမှာ...
အက်ခ်ျ ဘယ်ရီ
ခင်ဗျား
ကျနော့်ရဲ့အရှင်သခင်
သေချာပြီ
မနက်ဖြန်ဆိုရင်
ခင်ဗျား
ကျနော့်ရဲ့ နောက်က
ကြိုးတန်းလန်းနဲ့  တကောက်ကောက်လိုက်တဲ့ ခွေးကလေး။

ဟော...
နားထောင်ကြည့်စမ်း
ဂါဗရီရယ် အိုဂါရာ ရဲ့
ပြင်စလက်ဗုံသံလား
ခြံစည်းရိုးအပြင်ဖက်က ကြားလိုက်ရ
တော်ဝင် စိန်ဗေဒါ ရဲ့ ပတ်ဖျားသံများ
လမ်းမတော်ပေါ်က ကြားလိုက်ရ။

ဒါဆိုရင်
အောင်သာငယ် ရေ
(ခင်ဗျားလည်း)
ပတ်ရင်းဖက် တခါတိုး
နတ်ဒိုးသံ ပြ။ ။


အောက်ခြေရှင်းတမ်း
စဗက်ထရေဗါ...ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ ရုရှားကဗျာဆရာမ
အက်ခ်ျ ဘယ်ရီ...အမေရိကန်ကဗျာဆရာ
ဂါဗရီရယ် အိုဂါရာ... ပြင်စလက်ဗုံသံကဗျာ ကိုရေးခဲ့တဲ့ တောင်အာဖရိက လူမဲကဗျာဆရာ


ငြိမ်းဝေ
၁၆ ၊ ၉ ၊၂၀၀၉
(ကဗျာသရုပ်ဖေါ်ပုံကို ဂူဂဲမှ ရယူပါတယ်...)

4 comments:

  1. ဗုံမဟုတ် ပတ်မဟုတ်ဆိုရင် ရှမ်းအိုးစည်ဖြစ်ရမယ်။း-)

    ကျနော်ကတော့ လူရိုင်းတွေ ဗုံတီးပြီး အချက်ပြသလို အချက်ပြချင်နေပါတယ်။

    ReplyDelete
  2. ဗိန်းဗောင်းလေးနဲ့ အရင်စရင်ကောင်းမယ်ဗျ.. ကိုငြိမ်း
    ( မရောက်တာကြာသွားတယ်.. )
    လေးစားစွာဖြင့်

    ကျော်နိုင်

    ReplyDelete
  3. ကိုငြိမ်း လုပ်မှပဲ နတ်ဒိုး တီးရတော့မယ်...း)

    ReplyDelete
  4. ကဗျာဆရာကြီးတွေ အချင်းချင်း ညာသံပေး ကီးညှိ နေတဲ့ ကဗျာလှလှ ၀င်ရောက်ခံစားသွားပါတယ် ဆရာ ...း)

    ReplyDelete