November 26, 2011

နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့ (၄)

                                                    ဥရောပ မဲဇာ
                            နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်း လေဆိပ်သို့ (၄)


ဝါးတရိုက်ခန့် အမြင့်ရှိသည့် မှန်ကာကြီး၏ဘေးတွင် ကျနော် ထိုင်နေခဲ့သည်။ အပြင်ဘက် လေဆိပ်ကွင်းထဲက ဆိုက်ကပ်ထားသည့် လေယာဉ်တချို့နှင့် ကုန်ပစ္စည်းသယ်သည့် ကားငယ်ကလေးများကို ကျနော် တွေ့ရသည်။ အသံလုံ ခန်းမကြီးဖြစ်သဖြင့် အပြင်ဘက် လေဆိပ်ထဲက လေယာဉ်များ အဆင်းအတက်လုပ်သည့်အသံနှင့် အ ခြားအသံများကို ကျနော် မကြားရ။ ခန်းမထဲ လူသွားလမ်းဘေး မှန်ကာကြီးအောက်က ခုံတန်းကလေးပေါ်တွင် ကျနော် တစ်ယောက်တည်း။
ဘေးတွင်ချထားသည့် ရေပုလင်းလေးကို ကြည့်ကာ အတွေးအမျှင်တန်းရပြန်သည်။
ယခုအခါ ကျနော့် ပိုက်ဆံအိပ်ထဲ၌ ဘတ်ငွေ ၁၅၀ ရှိနေသေး၏။ တခြား နိုင်ငံခြားငွေ အမျိုးအစားဆို၍ ကျနော့် အိပ်ထဲ၌ တပြားတချပ်မျှ မရှိ။ အမေရိကန်ဒေါ်လာ ပိုက်ဆံဆိုလျင် ယခုထက်ထိ မြင်တောင် မမြင်ဘူးသေး။ ကျနော့် ခရီးစဉ်အားလုံး လေယာဉ်ခအားလုံး အတွက် ဘန်ကောက်မှာကတည်းက ပေးချေထားပြီးဖြစ်ခဲ့သည်။ လာအိုနိုင်ငံရောက်သည်အထိ ထိုင်းဘတ်ငွေဖြင့်သာ သွားလာနေထိုင်ခဲ့၏။ လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တွင် သုံးရက်ခန့် နေထိုင်စဉ် ထိုင်းဘတ်ငွေကိုသာ သုံးစွဲလို့ အဆင်ပြေခဲ့၏။ ဗီယက်ကျန်းလေဆိပ်တွင် လေယာဉ်ပေါ်တက်သောအခါ ကျနော့်အိပ်ခပ်ထဲ၌ ထိုင်းဘတ်ငွေ ၁၈၀ ရှိနေသေး၏။
လာအိုမှတဆင့် ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ရောက်သောအခါ ကျနော် ဗိုက်ဆာလာခဲ့သည်။ လက်ထဲတွင် ဘတ်ငွေ ၁၈၀ ရှိနေသေးသဖြင့် တခုခု ဝယ်စားပြီး ဗိုက်ဖြည့်ထားရလျင် ကောင်းမည်ဟု စဉ်းစားသည်။ လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ထဲက အခွန်လွတ် ဈေးဆိုင်များတွင် ဈေးချိုနိုင်သည်ဟုလည်း တွေးသည်။ ထို့ကြောင့် နီးရာ ဆိုင်တွင် ပထမဦးစွာ ရေတပုလင်း ဝယ်လိုက်သည်။ ကျနော်က ဘတ် ၅၀ တန်တစ်ရွက်ပေးလိုက်သည်။ ဆိုင်ရှင်ကောင်မလေးက ဘေးလူနှင့် စကားပြောရင်း ကျနော့်ကို ဘတ် ၂၀ ပြန်အမ်းလိုက်သည်။ ကျနော်က နောက်ထပ် ကျန်ငွေထပ်ပြီး အမ်းလိမ့်မည်ထင်ပြီး နေရာတွင်ပင် ရပ်နေသည်။ ဆိုင်ရှင်ကောင်မလေးက ဘေးလူနှင့်သာ စကားဆက်ပြောနေသည်။ ကျနော့်ကို တချက်မျှလှည့်ကြည့်သော်လည်း သူက ပြုံးရုံသာ ပြုံးပြပြီး တဖက်ကို ပြန်လှည့်သွားသည်။ ကျနော်က ဘာဆက်လုပ်ရမှန်းမသိအောင် တွေဝေနေမိသေးသည်။ 
ဘန်ကောက်မြို့ထဲတွင် ဘတ် ၁၀ သာ ပေးရနိုင်သည့် ရေတပုလင်းကို ဆိုင်ရှင်က ဘတ် ၃၀ ယူထားလိုက်ပြီ။ တခုခု မှားနေပြီလားလို့လည်း ကျနော် တွေးသည်။ သို့သော် ကျနော် စေါဒက မတက်ရဲ။ တကယ်ပဲ လေဆိပ်ထဲက ဈေးဆိုင်များတွင် သည်လိုပဲ ဈေးကြီးတတ်သည် မတတ်သည်ကိုလည်း တပ်အပ်သေချာ ကျနော်မသိ။ ကျနော် အသာလေး နောက်ကို ဆုတ်လာခဲ့သည်။ ခုန်တန်းလေးပေါ် နွမ်းချိစွာ ထိုင်သည်။ ဗိုက်ဆာသည့်တိုင် ကျနော့်တွင် ကျန်ရှိနေသေးသော ပိုက်ဆံနှင့် ကိုယ်မှာစားသည့်ပိုက်ဆံ မလောက်ငသည် ရှိခဲ့သော်…၊ ကျနော် တံတွေးကိုသာ မြိုချနေမိသည်။ နောက်ထပ်ပြီး ဘာကိုမျှ ဝယ်ပြီး မစားရဲတော့။ ထိုအခါကျမှ ကဗျာဆရာ မောင်လွမ်းဏီနှင့် ပန်းချီဆရာလေး ကိုဟန်ကို သတိရပြန်သည်။
ဘန်ကောက်မှတဆင့် လာအိုသို့မလာရောက်မီ တစ်ရက်အလိုက ကဗျာဆရာမောင်လွမ်းဏီက ဥရောပကို ခရီးထွက်မည့်သူဖြစ်သဖြင့် သူ့အား ဘီယာဖြင့် ဧည့်ခံနှုတ်ဆက်ဖို့ တောင်းဆိုခဲ့၏။ထိုစဉ်က ကျနော့်တွင် ဘတ်ငွေ ၁၀၀၀ ဝန်းကျင် ရှိနေသည်။ ကျနော့်တွင် လက်ကျန်ပိုက်ဆံ နည်းနေပြီဖြစ်သဖြင့် ဘီယာ မတိုက်နိုင်တော့သည့်အကြောင်း မောင်လွမ်းဏီကို ကျနော် တောင်းပန်၏။ သို့သော် မောင်လွမ်းဏီက လက်မခံပါ။ ဥရောပကို ခရီးထွက်မည့်သူ တစ်ဦးတွင် ခရီးစရိတ်ငွေ လုံလုံလောက်လောက် ရှိကို ရှိရမည်ဟု ယူဆပြီး ကျနော့်ကို မဖြစ်မနေ ဘီယာတိုက်ဖို့ တောင်းဆို၏။ နောက်ဆုံးတွင် မိမိအနေနှင့်ကလည်း ခင်မင်းရင်းနီးသူများကို ကျွေးမွေးပြုစုချင်သည့် ဆန္ဒကလည်း ရှိနေပြန်သဖြင့် မောင်လွမ်းဏီနှင့် ကိုမောင်ဟန်ကို ဘီယာ ဝယ်ပြီးတိုက်၏။ ဘတ်ငွေ ၅၀၀ နီးပါး ကုန်သွား၏။  
သူတို့နှင့်လမ်းခွဲပြီး ကျနော် တည်းခိုနေသည့် အိမ်ကိုပြန်ရောက်တော့ ကျနော့်လက်ထဲတွင် ဘတ်ငွေ ၄၀၀ ကျော်သာ ကျန်ရှိတော့သည်။ လာအိုခရီးစရိတ်နှင့်နော်ဝေးအထိ လေယာဉ်ခများကိုမူ ပေးချေထားပြီး ဖြစ်သဖြင့်  ထိုစရိတ်များအတွက် ကျနော့်မှာ ပူပန်စရာမလို။ ထို့ကြောင့် ထိုငွေလက်ကျန်နှင့်ပင် လာအိုသို့  ကျနော် ခရီးထွက်ခဲ့သည်။ လာအိုတွင် သုံးရက်မျှ နေထိုင်စဉ် စားစရိတ် နေစရိတ်များမှာ ပေးချေထားပြီးဖြစ်သဖြင့် အခြား အသေးသုံးစရိတ်အနည်းငယ်မျှသာ ကျနော် လိုအပ်ခဲ့၏။ သည်လိုနှင့်  ဗီယက်ကျန်းလေဆိပ်တွင် လေယာဉ်ပေါ် တက်သောအခါ ကျနော့်လက်ထဲ၌ ဘတ်ငွေ ၁၈၀ သာ ကျန်ရှိတော့သည်။
ယခု ဗိုက်ဆာသဖြင့် ရေတပုလင်း ဝယ်လိုက်တော့ လက်ကျန်ငွေမှာ ဘတ် ၁၅၀ သာ ရှိတော့သည်။ ယုံချင်ယုံ မယုံချင်နေ ကျနော်ဆိုသော အနှီ ဥရောပခရီးသည်ကား နော်ဝေးနိုင်ငံသို့ ယင်း ဘတ်ငွေ ၁၅၀ ဖြင့် ချီတက်တော့မည် ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပေသည်။
သည်လို စဉ်းစားသည့်အခါ တဆက်တည်းဆိုသလို မာနယ်ပလောတွင် ရှိနေခဲ့စဉ်က ကျနော်တို့တတွေ အသုံးအစွဲ ချိုးခြံချွေတာခဲ့ကြပုံလေးကို သွားပြီး တွေးမိပြန်သည်။
ထိုစဉ်က ဒီမိုကရက်တစ်မြန်မာ့အသံ မာနယ်ပလော စတူဒီယိုတွင် ကျနော်တို့တတွေ တာဝန်ထမ်းဆောင်စဉ်က ဖြစ်သည်။ စတူဒီယို တာဝန်ခံမှာ ကိုစိုးဟန်( ရွှေအိမ်စည်) ဖြစ်သည်။ ကျနော် အပါအဝင် စတူဒီယိုတွင် အလုပ်လုပ်နေသူ ရဲဘော် ခြောက်ယောက်ရှိသည်။ ကျနော်က သတင်းထောက်တာဝန်ယူရသည်။ တစ်နေ့ ကျနော်က ထိုင်းဘက်ကမ်း သော်လည်းထ ဈေးကွက်ရွာမှ အပြန် ကျောင်းသားတပ်မတော်က ဖွင့်ထားသော ဈေးဆိုင်မှ လစဉ်ထုတ် မဂဇင်းတချို့ဝယ်လာခဲ့၏။ ထိုစဉ်က မာနယ်ပလော နယ်မြေအဖို့ ပြည်တွင်းမှ ထုတ်ဝေသည့်စာအုပ်များ အလွယ်တကူ ရရှိဝယ်ယူနိုင်သည့် အခြေအနေမျိုး ဒေသမျိုး မဟုတ်ပါ။ ထို့ကြောင့် ကျနော်က မဂဇင်းစာအုပ် ၂၅၀ ဘိုးအထိ ဝယ်ယူလာနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူစွာ စခန်းသို့ ပြန်လာခဲ့သည်။
စခန်းသို့ရောက်သောအခါ မဂဇင်းစာအုပ်များကို ကြမ်းပြင်တွင်ချပြီး စာရင်းရှင်း၏။ ထိုအခါ ရဲဘော်များ အားလုံးလိုလိုက ကျနော့်ကို ဝိုင်းပြီး ဝေဖန် အပစ်တင်ကြတော့၏။ ကျနော်သည် တော်လှန်ရေးပိုက်ဆံကို မလိုအပ်ပဲ ဖြုန်းတီးပစ်သူဖြစ်သည်အထိ ရဲဘော်ကိုစိုးမင်း(ယခု အမေရိကား)က ဝေဖန် ပြစ်တင်၏။ ကျနော့်မှာ မည်သို့မျှ မတုန့်ပြန်နိုင်ခဲ့ပါ။ ရဲဘော်တွေ ပြောသမျှ လက်တွေ့မှာ ကျနော် မငြင်းနိုင်သည့် အခြေအနေများကလည်း အထင်အရှားရှိနေသဖြင့် ခေါင်းငုံ့၍သာ ငြိမ်နေခဲ့ရ၏။
ထိုစဉ်က ကျနော်တို့အားလုံး ဒီမိုကရက်တစ် မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်နေကြသည်မှာ လစာ တပြားတချပ်မျှ ရကြသည်မဟုတ်ပါ။ လစာပေးနိုင်အောင်လည်း စတူဒီယိုအတွက် ရသည့်ငွေက လုံလောက်ခြင်းမရှိပါ။ ပြီးတော့ ကျနော်တို့ကိုယ်တိုင်ကလည်း ယင်းအလုပ်မှာ တော်လှန်ရေးတာဝန်ဖြစ်သဖြင့် လစာယူရမည့် အလုပ်တစ်ခုအနေနှင့်လည်း မစဉ်းစားခဲ့ကြပါ။ ထိုစဉ်က ရဲဘော်တစ်ယောက် တစ်လလျှင် သုခိတာ ဆေးလိပ် ၅၀ စီး တစ်စီးစီသာ ယူခဲ့ ရခဲ့ကြ၏။ သို့နှင့်တိုင် ယင်း သုခိတာ ခွဲတမ်းသည်ပင် လစဉ် ပုံမှန် ရတတ်သည် မဟုတ်ပါ။ သည်လို မရသည့်လများဆိုလျင်လည်း မည်သူကမျှ စေါဒက တက်ခဲ့ကြသည် မရှိပါ။ သည်လိုအခြေအနေမျိုးတွင် ကျနော်က ဘတ်ငွေ ၂၅၀ ဘိုး စာအုပ်များ ဝယ်လာခဲ့သည်မှာ မိုက်မဲရာ ကျကောင်းကျနေမလားဆိုသည့် အတွေးဖြင့် ကျနော့်မှာ စိတ်ကို ဖြေခဲ့ရ၏။
ယခုအခါ တော်လှန်ရေးတာဝန်ဖြင့်ပင် ဥရောပကို ကျနော် ခရီးထွက်လာခဲ့ပြီ ဖြစ်သည်။ နော်ဝေးနိုင်ငံတွင် အခြေစိုက်ထားသည့် ဒီမိုကရက်တစ်မြန်မာ့အသံတွင် အသံလွှင့်သမားအဖြစ် တာဝန်ထမ်းဆောင်ရန် ခရီးထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ထဲတွင် လေယာဉ်ထိုင်စေါင့်နေပြီ ဖြစ်သည်။ ယင်းအချိန်တွင် ကျနော့်လက်ထဲ ဘတ်ငွေ ၁၅၀ သာ ကျန်ရှိနေသေးသည့် အဖြစ်ကို သိတ်ပြီး မခံစားမိ မစိုးရိမ် ခဲ့မိပါ။ တချိန်တည်းမျာပင် ငါသည်ကား တော်လှန်ရေး ရဲဘော်တစ်ဦးသာဖြစ်သည်ဟူသည့် အသိကိုလည်း တွေးနေမိသောကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

ငြိမ်းဝေ
ဆက်လက် ဖေါ်ပြပါမည်…..

No comments:

Post a Comment