November 09, 2011

ရာသီဥတုအကြောင်း ပြောကြစို့



ငါတို့ စကားဝိုင်းရဲ့ ခေါင်းစဉ်အားလုံး
ပြောလို့ ပြီးသွားကြပြီ
အခု ငါတို့ ရာသီဥတုအကြောင်း ပြောကြစို့ရဲ့
တို့အထဲက ဘယ်သူများ ရာသီဥတုအကြောင်း စပြီး ပြောနိုင်မလဲ။

ငါကပဲ
စပြီး ပြောမယ်
ငါ့အထင် မိုးကတော့ ရွာလိမ့်မယ်
ဘာပြုလို့လည်း ဆိုတော့
တိမ်တိုက်ကြီးတစ်ခု ငါ့အိပ်မက်ထဲ
ငါ့ မျက်ခုံးပေါ် ဝဲ
မိုးရွာ ချ နေခဲ့လို့ပဲ။

တစ်စုံတစ်ယောက်ကတော့
ငါ့ကို ဆန့်ကျင်ပြီး ပြောလာတယ်
အမှန်စင်စစ် ရာသီဥတုက ကောင်းပါတယ် တဲ့
နောက်ထပ် ရာစုနှစ် သုံးခုအထိ ရာသီဥတုက ဆက်ပြီး ကောင်းနေဦးမှာပါ တဲ့
ကောင်းကင်ကြီး အရမ်း လင်းထိန် နေလိမ့်မယ်
ဒါကြောင့်မို့ ငါတို့ တစ်ယောက်ကိုတစ်ယောက် ရှင်းရှင်းလင်းလင်း မြင်နေရလိမ့်မယ်

မီးထွန်းဖို့တောင် မလိုလောက်အောင် ပါပဲ တဲ့။

တစ်စုံတစ်ယောက်ကတော့
သစ်ရွက်ကြွေ တစ်ရွက်အကြောင်း ပြောလာပြန်တယ်
အဲဒီသစ်ရွက်က
ပြောင်တလင်းခါ နေတဲ့ ငါတို့ အိမ်ရှေ့လမ်းတွေထဲ ပျံဝဲပြီး ကျလာလိမ့်မယ်
ဒါပေမယ့်
အဲဒီ ကြွေကျလာတဲ့ သစ်ရွက်ကို မိအောင် ဖမ်းလိုက်နိုင်တဲ့သူတော့
တစ်ယောက်မှ မရှိဘူး တဲ့
မနက်ဖြန် ဆိုရင် အဲဒီ သစ်ရွက်ကြွေတွေ
ငါတို့လမ်းထဲ ကျလာလိမ့်ဦးမယ်
ငါတို့ လသာဆောင်ဘက် ထွက်ပြီး
အဲဒီမြင်ကွင်း စေါင့်ကြည့်ကြရသေးတာပေါ့ တဲ့။

သည်လိုနဲ့ ငါတို့
စကားဝိုင်းကို ဆက် ပြောကြပြန်ပါတယ်
ငါတို့
တစ်ယောက်နဲ့တစ်ယောက် ငြင်းကြခုန်ကြ
အသံတွေ အကျယ်ကြီး ပြောကြ
ဒါကြောင့်မို့
ခရီးကက် ဘော်လုံးတွေ ငါတို့ကြား အဆက်မပြတ် ပြေးနေခဲ့ကြတယ်။

အဓိက အကြောင်းအရာကတော့
ငါတို့အတွင်း ဘယ်တော့မှ ရောက်မလာ ခတ်မဆိတ် ငြိမ်သက်။

အဲဒီ အဓိက အကြောင်းအရာဆိုတာ
ပျော်ရွှင်ချမ်းမြေ့စေနိုင်ဖို့ ဆီသို့ ဆိုတဲ့ အချက်ပါပဲ….။   
ငြိမ်းဝေ
 ( မှတ်ချက်။     ပြီးခဲ့တဲ့ အပတ်က ရူမေးနီးယားကဗျာဆရာ Marin Sorescu ရဲ့ ` စစ်တုရင်ကစားပွဲ ´ ကဗျာကို ဘာသာပြန်ဖေါ်ပြခဲ့ပါတယ်။ အခုလည်း အဲဒီကဗျာဆရာကပဲ ဒီကဗျာကို ရေးတာပါ။ ၁၉၆၄ ခုနှစ် အတွင်း သူတို့ဆီမှာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို အစိုးရက လွှတ်ပေးခဲ့ပါတယ်။ ပြီးတော့ လူထု ခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေ တွေ့ပြီး ရူမေးနီးယား နိုင်ငံရေးအပြောင်းအလဲအတွက် စကားတွေ ပြောကြပါတယ်။ အဲဒီအချိန်မှာ အာဏာရ တပါတီ အာဏာရှင်အစိုးရနဲ့ လူထုခေါင်းဆောင်တွေ အကြိမ်ပေါင်းများစွာ တွေ့ဆုံစကားပြောနေကြတာကို ရည်ညွှန်းပြီး စိုးရိမ်စိတ်နဲ့ ဒီကဗျာမျိုးတွေ ရေးခဲ့တာလို့ ယူဆရပါတယ်။ အခုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပိုင်း အစိုးရနဲ့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး စကားပြောနေတာတွေ မအောင်မြင်မှာကို စိတ်ပူပန်နေမိတဲ့အတွက် ဒီကဗျာကို ဘာသာပြန် ဖေါ်ပြလိုက်တာပါပဲ။ An Anthology of Contemporary Romanian Poetry စာအုပ်ထဲက ဘာသာပြန်တာပါ။ ဒီကနေ့ပဲ နေ့သစ် ဘလော့မှာ စန်းဒေဝီဦး ကလောင်အမည်နဲ့ ဒီကဗျာကို ဖေါ်ပြပါတယ်။)

1 comment:

  1. ဆည်းဆာချိန်၊ နွေဥသြ
    ရွက်ကြွေတောနဲ့
    ပြာသောကောင်းကင်
    နေဝင်ဆည်းဆာ
    လသာညများ
    ရှည်လျားလို့ဖြင့် သစ်ပင်ရိပ်တွေ။

    တိမ်ပလီနွေနှောင်း နှောင်းခဲ့ပြီနွေ
    ကမ္ဘာမြေဆီ ရာသီအိပ်မက်
    အဖက်ဖက်ကယ် လုယက်ကာကူး
    တိမ်လွင်ပြင်မြူးလွင့်တဲ့အခြေ
    လေရူးနဲ့ ပြေးတော့မှာလား
    ချစ်သောပုန်းညက် ခတ္တာ ဇီဇဝါရေ
    အပွင့်တွေ ဝေသာလာခဲ့
    နွေရဲ့အပူပြေးရတော့မယ်
    လွမ်းနေကွယ်... လွမ်းနေကွယ်တဲ့
    မိုးရဲ့ဧည့်သည်...
    စံပယ်ပွင့်ရဲ့ ရင်ခုန်သံအပြုံး
    အကြေကွဲဆုံးကိုလေ...
    နောက်ဆုံးနှုတ်ဆက်.....

    ဘာရယ်မဟုတ်။ ကဗျာဖတ်ရင်း ခင်ညွန့်ရည်ရဲ့ သီချင်းတပိုင်းတစကို သတိရမိသွားလို့ပါ။ အားလုံးပဲ မျှော်လင့်ချက်တွေ၊ စိုးထင့်မှုတွေနဲ့ ရင်မောနေကြတယ်ထင်ပါတယ်။

    ReplyDelete