လွန်ခဲ့တဲ့ လထဲက အင်တာနက် သတင်းဌါနတစ်ခုမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတပွဲ အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းတင် ဗီဒီယိုကို ကျနော် ကြည့်ရပါတယ်။
မီးစွဲ လောင်နေဆဲ ဖြစ်တဲ့ ကားတစင်း၊ မီးကျွမ်းသွားပြီး ဖြစ်တဲ့ နောက်ထပ် ကားတစင်း၊ မီးလောင်ထားတဲ့ ကားပေါ်မှာ အစိုးရ စစ်တပ်က သေဆုံးနေတဲ့ စစ်သားတွေ။ သူတို့ တကိုယ်လုံး မီးသွေးခဲလို ဖြစ်နေတာ၊ ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြတာ။ လမ်းဘေး တောစပ်မှာလည်း ဟို တလောင်း သည် တလောင်း။
ပြီးတော့ လက် နောက်ပြန်ကြိုး တုတ်ခံထားရတဲ့ အစိုးရစစ်သား သုံ့ပမ်း နှစ်ယောက်။ နောက်ထပ် လက်ရဖမ်းမိထားတဲ့ အစိုးရစစ်တပ် စစ်ဗိုလ်တစ်ဦး။ စစ်ဗိုလ်လုပ်သူက စကားကို ပီပီင်္သသတောင်မှ ပြောမထွက်နိုင်လောက်အောင် ထိတ်လန့်နေတဲ့ မျက်နှာ။
ဒီ အစိုးရစစ်သား အလောင်းတွေနဲ့ လက်ရဖမ်းဆီးမိခဲ့တဲ့ စစ်ဗိုလ် စစ်သားတွေဟာ ကချင် လက်နက်ကိုင် အဖွဲ့များရဲ့ ခြုံခိုတိုက်ခိုက်တာ ခံရတဲ့ သူတွေပါ။ ကချင် လက်နက်ကိုင် အဖွဲ့များရဲ့လက်မှာ ကျရောက်သွားတဲ့ အစိုးရစစ်သား သုံ့ပမ်းတွေပါ။
ဒီ ဗီဒိုယိုခွေကို အင်တာနက်ပေါ် တက်လာနိုင်တဲ့လူတိုင်း တွေ့နိုင်ကြမှာပါ။ တခြား ကြည့်ရှုခွင့် ရတဲ့ သူတွေ ဘယ်လို ခံစားကြရသလဲဆိုတာ မခန့်မှန်းတတ်ပေမယ့် ကျနော်ကတော့ သုံးလေးရက် အဲဒီ မြင်ကွင်းတွေကိုပဲ ပြန်ပြန် စဉ်းစားနေမိပြီး မေးခွန်းတချို့ကိုလည်း စိတ်ထဲက အထပ်ထပ် အခါခါ မေးနေမိပါတယ်။
ကျနော်တို့နိုင်ငံမှာ အခုလို အသေအကြေ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ဖို့အတွက် ဒီစစ်ပွဲဟာ တကယ်ကော လိုအပ်နေသေးလို့လား။ စစ်သားတွေကို စစ်တိုက်ဖို့ လွှတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခုလို စစ်သားတွေ စစ်မြေပြင်မှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြရတဲ့ ဒီ ဗီဒီယို အခွေကို ကြည့်ပြီး ဘယ်လို ခံစားချက်များ ရှိနေကြပါ့မလည်း။ ဒီလို အခြေအနေနဲ့ ဒီလို အချိန်အခါမျိုးမှာ စစ်သားတွေ သေဆုံးစေတဲ့ ဒီနည်းနဲ့ ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆီး ယူတယ်ဆိုရင်လည်း အဲဒီ ဆန္ဒဟာ ဘယ်လို ဆန္ဒ အမျိုးအစားမျိုး ပါလိမ့်။
တခါ သေဆုံးသွားကြရတဲ့ စစ်ဗိုလ် စစ်သားတွေရဲ့ ကျန်ရစ်သူ မိသားစုတွေက ဒီ ဗီဒီယိုအခွေကိုကြည့်ပြီး ဘယ်လို ခံစားနေကြရမလည်း။ ဒို့ခေါင်းဆောင် ဒို့ဗိုလ်ချုပ်ကြီးတွေအတွက် ဒို့လင်သားတွေ ဒို့ဖခင်တွေ အခုလို သေနေကြရတာ ဂုဏ်ယူစရာပါကွာ ဆိုပြီး လူပုံအလယ်မှာ ဝံကြွားနေကြလိမ့်မယ် ဆိုတဲ့ အတွေးကို တစုံတယောက်ကများ တွေးမိရင် အဲဒီလို တွေးတဲ့လူဟာ ကျန်းမာရေး ကောင်းတဲ့လူတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ဆိုကြရမှာပါ။ ဒီကြားထဲ ဒီကနေ့ စစ်သားတွေ သေကြရပြီး နောက်တနေ့ကျတော့ တခါ စိတ်ကူးပေါက်ပြီး အပစ်အခတ်ရပ်စဲတဲ့အလုပ်ကို ဒီ စစ်ဗိုလ်ချုပ်တွေကပဲ ကောက်ခါငင်ကာ ထလုပ်ချင် လုပ်နေဦးမှာ။ ဒါဆိုရင် အပစ်အခတ် မရပ်စဲခင် သေကြရတဲ့ စစ်သားတွေရဲ့အဖြစ်ကို ကျနော်တို့ ဘယ်လို မှတ်တမ်းတင်ကြမလည်း။ တကယ့်ကို အမြင် အသိ တိုလွန်း ကန်းလွန်းလှတဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို ခေတ်ကြီးမှာ စစ်ပွဲတွေကို အာသာ တငမ်းငမ်း ဖြစ်နေတယ် ဆိုတဲ့ အမြင်မျိုးနဲ့လည်း ကျနော် မပစ်မှား ရက်ပါဘူး။
ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ စစ်မြေပြင်မှာ လူတွေ စစ်သားတွေ သေကြေ ထိခိုက်နေတဲ့ နေ့စဉ် အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်စလုံးမှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အသံ ခတ်တိုးတိုးလေးပဲ ရှေ့ပြော နောက်ကြည့် အနေအထားမျိုးနဲ့ ပြောဆိုဆွေးနွေးကြရတဲ့ အချက်ပါပဲ။
ကျနော်တို့တိုင်းပြည်ရဲ့ လတ်တလော အရေးအကြီးဆုံး ပြဿနာတွေထဲမှာ လူတွေ နေ့တိုင်း သေနေကြရတဲ့ ဒီ ပြည်တွင်းစစ် ပြဿနာဟာ တကယ်တော့ နေ့ရွှေ့ ညရွှေ့လုပ်နေလို့ ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါဆိုရင် ဒီလွှတ်တော် နှစ်ရပ်စလုံးဟာ ဒီတိုင်းပြည်မှာ လူတွေ အချင်းချင်း သတ်ဖြတ်နေကြရတဲ့ အဖြစ်ကို ရှောင်ကွင်းပြီး ရပ်ကွက်ထဲက ကလေးတွေ မုန့်လုစားတဲ့ကိစ္စမျိုးလောက်ကိုပဲ ဖြေရှင်းပေးနိုင်တဲ့ လွှတ်တော်တွေများ ဖြစ်နေသလား။ ကျနော် အဲသလိုလည်း မယုံကြည်ချင်ပါဘူး။
သက်တော်ရှည် ငြိမ်းချမ်းရေးသမား ကဗျာဆရာကြီး ဒဂုန်တာရာက ဒီတိုင်းပြည်မှာ စစ်မက် ဖြစ်ပွါးမှုတွေ စပ်စဲဖို့ ကြေညာချက်ထုတ်တဲ့အခါ တပ်မတော်ထဲမှာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူ ရှိမယ်ထင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီစကားကို အခြေခံပြီး စဉ်းစားရင် လက်ရှိ စစ်ပွဲတွေ အပြင်းအထန် ဖြစ်ပွါး လာနေတာကို ထောက်တော့ လွှတ်တော် နှစ်ရပ်စလုံးရဲ့နောက်မှာ စစ်လိုလားသူ သိမ်းငှက်တစ်အုပ် ရှိနေတဲ့သဘောများလား။ အတော့်ကို စိတ်မချမ်းမြေ့စရာကောင်းတဲ့ အခြေအနေမျိုးပါ။
မှန်ပါတယ်။ ကျနော်တို့နိုင်ငံက ပြဿနာတွေဟာ တနေ့တည်း တရက်တည်းနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတွေဖြစ်တယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမယ့် လက်ရှိ တိုင်းပြည်မှာ အာဏာ အရှိဆုံး ပုဂိုလ်တွေဟာ ဖြေရှင်းရခက်တဲ့ ပြဿနာတွေကို အခု ဖြစ်နေတဲ့ စစ်ပွဲတွေက ပိုပြီး ခက်ခဲ ရှုပ်ထွေးအောင် လုပ်နေသလို ဖြစ်နေတယ်ဆိုတာ မတွေးမိကြလို့များလား။ ဒီလိုလည်း မဖြစ်နိုင်ပါဘူး။ သူတို့က တိုင်းပြည်ကို နှစ်ပေါင်း ရာစုတဝက်ကျော် အုပ်ချုပ်လာခဲ့ကြသူတွေပဲဟာ။ ဒါဆိုရင် ဘာပြုလို့ ပြည်တွင်းစစ်မီးကို ဓါတ်ဆီထပ်လောင်း နေကြတာများလည်း။ ပိုပြီး စိတ်မသက်မသာ ဖြစ်စေတဲ့အချက်က ` ဝ ´ လို လက်နက်ကိုင် အဖွဲ့မျိုးကြတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကို ဘေးချိပ်ပြီး နယ်ခြားစေါင့်တပ် အသွင်ပြောင်းရေး မလုပ်ခိုင်းတော့ဘူးဆိုပြီး လက်မှတ်ထိုး သဘောတူလို့ ရတယ်ဆိုရင် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ဘာပြုလို့ အဲသလို ဖြေရှင်းဖို့ မလုပ်နိုင်ကြတာလဲ။ ဘာပြုလို့များ စစ်သားတွေကို သတ်ကွင်းထဲ ဆင်းသွားဖို့ အမိန့်ပေးခဲ့ကြတာလည်း။ ကျနော် မတွေးချင်လောက်အောင်ကိုပဲ ထိတ်လန့်မိတယ်။ စိုးရိမ်မိတယ်။ ကျနော်တို့တိုင်းပြည်ဟာ တကယ့်ကို ကံဆိုးလှပါတယ်။
ခေတ်မမီတော့ပါဘူး။ သဘောထားကွဲတဲ့ တိုင်းရင်းသားတွေကို စစ်တိုက်ပြီး အညံ့ခံခိုင်းတဲ့ လုပ်ရပ်မျိုးကို ပြည်ထောင်စု မပြိုကွဲရေးအတွက် လုပ်ရတာ ဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှုမျိုးဟာ တကယ့်ကို တန်းမမီ လှတော့ပါဘူး။ ဒီလို အယူအဆ ဒီလိုနည်းဟာ တိုင်းပြည်တခုရဲ့ ခေါင်းဆောင် တာဝန်ရှိသူများအဖို့ မကိုင်စွဲသင့်တဲ့ ခတ်တိမ်တိမ် ခတ်တုံးတုံး အယူအဆပါ။ အတွေးအခေါ်တွေ နည်းပညာတွေ ကမ္ဘာနဲ့ချီပြီး အခုလို အလျင်အမြန် ခုန်ပျံ ပေါက်ကွဲ ထွန်းကားနေတဲ့ အခြေအနေမျိုးမှာ ကိုယ့် ရှိတဲ့ သေနတ် အစုတ်ကလေး ခါးခြားက ခဏခဏ ထုတ်ချိန်ပြရတာကို ကျေနပ်နေတဲ့ အဲသလို ဒဿနမျိုး အဲသလို ပြဿနာ ဖြေရှင်းနည်းမျိုးဟာ ပေမီ ဒေါက်မီတဲ့ အလုပ် ကြပ်ပြည့်တဲ့ အလုပ် မဟုတ်တော့ဘူးဆိုတာ ဘယ် ပညာတတ်မဆို သိနေတဲ့ ကိစ္စပါ။
ကျနော်ထင်တယ်လေ။ တကယ်တော့ လက်ရှိ တိုင်းပြည်မှာ တာဝန်အရှိဆုံး ပုဂိုလ်တွေဟာ အခုတိုက်နေတဲ့ စစ်ပွဲဟာ တကယ်ပဲ ပြည်ထောင်စု မပြိုကွဲရေးအတွက် တိုက်နေတဲ့ စစ်ပွဲအဖြစ် တကယ်ယုံကြည်လို့ စစ်သားတွေကို စစ်မြေပြင်ဆီ လွှတ်နေကြတာ ဟုတ်မယ်မထင်ပါဘူး။ တခြား အကြောင်းတော့ ရှိကို ရှိရပါလိမ့်မယ်။ ဘာပြုလို့လည်း ဆိုတော့ သူတို့က တိုက်သာ တိုက်နေရတာ မျက်နှာတော့ တော်တော် ပြောင်ပြောင် ထားပြီး တိုက်နေရတဲ့သဘောက သိသာလွန်းနေလို့ပါ။ ဒီလို အခင်းအကျင်းက နေ့စဉ် လူတွေသေနေရတဲ့ စစ်ပွဲကြီးတပွဲ တိုက်နေတာကို လွှတ်တော်ရဲ့ ကန့်လန့်ကာ နောက်မှာ လူတစုက ကြိတ်ဝိုင်းလုပ်ပြီး စစ်မီးမွှေး စစ်မီးအားပေး လုပ်နေတဲ့ အခင်းအကျင်း သဘော ဖြစ်မနေ စေဘူးလား။ ဒါကြောင့်မို့လည်း ဒီ အချက်က သူတို့အတွက် အထိမခံ ရွှေပန်းကန်ကိစ္စမို့ အခုထက်ထိ အစိုးရစစ်တပ် စစ်သားတွေ စစ်မြေပြင်မှာ ရုပ်ပျက်ဆင်းပျက် သေနေကြရတာ စစ်ပွဲနဲ့နီးတဲ့ဒေသတွေမှာ အရပ်သားတွေကို ရန်သူသဖွယ် ဆက်ဆံ အနိုင်ကျင့်နေကြတာကို ဒီအတိုင်း လွှတ်တော်ကြီးက အခြေအနေကြည့် လက်ရှောင်ပြီး အသံတိုးတိုးလေးပဲ ပြောနေကြရတာဖြစ်တယ်လို့ ခန့်မှန်းလို့ ရပါတယ်။
သည့်ထက် ပိုပြီး စိတ်ပူပန်ဖို့ ကောင်းတာက အစိုးရက လွှတ်လိုက်တဲ့ စစ်သားတွေ အရာရှိတွေ ကိုယ်တိုင်က ဒီကနေ့ သူတို့ တိုက်နေရတဲ့ စစ်ပွဲဟာ ပြည်ထောင်စု မပြိုကွဲရေးအတွက် အချုပ်အချာအာဏာ ကာကွယ်ရေးအတွက် တိုက်ကြရတာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးအယူအဆကို လက်ခံသဘောပေါက် ယုံကြည်လို့ တိုက်နေကြတာ မဟုတ်ဘူးဆိုတာ ကလေးကအစ သိနေတဲ့ အချက်ပါပဲ။ ဒီလို အခိုင်အမာယုံကြည်ပြီး တိုက်နေတဲ့ စစ်ပွဲမဟုတ်လို့လည်း ဘယ်ဗိုလ်ချုပ်ကမှ လွှတ်တော်ရှေ့ထွက်ပြီး သူတို့ တိုက်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သဘောထားတွေကို ရဲရဲတင်းတင်း ဝင် မပြောရဲပဲ အသံတိတ် လုပ်နေကြတာပေါ့။ စစ်ဖြစ်နေတဲ့ သတင်းတွေ အခြေအနေတွေကို အစိုးရသတင်းစာတွေမှာ အရိပ်အယောင်တောင်မှ မရေးပဲ ဖုံးနေ ကာနေကြတာပေါ့။ ဒါက ဘာကိုပြသလဲ ဆိုတော့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ဖန်တီးတဲ့ စစ်ပွဲအပေါ် သူတို့ကိုယ်တိုင်က နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ယုံကြည်မှု မရှိလို့ လူတွေရှေ့ထွက်ရပ်ပြီး လက်သီးလက်မောင်း မတန်းရဲတာပဲပေါ့။ ဒါဆိုရင် မှန်ကန်တဲ့ နိုင်ငံရေးခံယူချက်မရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခုဟာ ဘယ်ကို ဦးတည်သွားနိုင်သလဲ။ ရှေ့တန်းတွေမှာ အစိုးရ စစ်တပ် စစ်သားတချို့က အရပ်သားတွေအပေါ် လုပ်ကိုင်ဆက်ဆံနေတဲ့ အခြေအနေတွေက အဖြေပေးနေပါပြီ။
(၄၊ ၁၁၊ ၂၀၁၁) နေ့က ဒီကေဘီအေ နဲ့ အစိုးရ အပစ်အခတ် ရပ်စဲဖို့ သဘောတူကြ ပြန်ပါတယ်။ အခြေအနေကို ကြည့်ရတာ ဒီ အပစ်အခတ် ရပ်စဲပုံ ရပ်စဲနည်းက ယာယီသဘောများ ဖြစ်နေမလားလို့လည်း စိတ်ထင့်မိပါတယ်။ ဒီလို ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ အချိန်မရွေး သေနတ်သံတွေ ပြန်ပေါ်လာနိုင်တဲ့ ဖြေရှင်းနည်း၊ တချိန်ကျရင် သည့်ထက် ကြီးမားတဲ့ အင်အားနဲ့တိုက်ခိုက်ဖို့ကို ဦးတည်တဲ့ ဖြေရှင်းနည်း ဆိုရင်တော့ ဒါဟာ တော်တော်လေးကို စိတ်ပူပန်ဖို့ ကောင်းတဲ့ ဖြေရှင်းနည်းပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အပစ်အခတ် ရပ်စဲ လိုက်ကြတာကိုတော့ ကျနော်တို့ မူအားဖြင့် ကြိုဆိုကြရမှာပါ။ ဒါပေမယ့် သည့်ထက် ခတ်စေါစေါကတည်းက အပစ်အခတ် ရပ်စဲနိုင်ခဲ့ကြရင် ပိုပြီး မကောင်းပေဘူးလား။ နှစ်ဘက်စလုံး ဘယ် စစ်သားမှ သေကြေ ဒဏ်ရာရတဲ့ အဖြစ်က သက်သာ မသွားနိုင်ပေဘူးလား။ ဒါမှမဟုတ် အစကတည်းက စစ်မတိုက်ပဲ ပြဿနာ ဖြေရှင်းလို့ ရနိုင်ခဲ့ရင် ပိုပြီး မကောင်းပေဘူးလား။ ဘယ်စစ်သား တယောက်တလေမှ မသေမပျောက်စေတဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ အကောင်းဆုံးနည်း မဟုတ်ပေဘူးလား။
ကျနော်က ကဗျာရေးတဲ့သူပါ။ ကျနော့်မှာ ဒီကိစ္စ ဝင်ပြောရလောက်အောင် နိုင်ငံရေး စစ်ရေး နယ်ပယ်နဲ့ပတ်သက်တဲ့ ဝမ်းစာ မရှိဘူးဆိုတာ ကျနော် ဝန်ခံပါတယ်။ ဒါပေမယ့် နေ့စဉ်ကြားနေ မြင်နေရတဲ့ စစ်ပွဲတွေရဲ့ အနိဌါရုံ သတင်းတွေ မြင်ကွင်းတွေက ယဉ်ကျေးမှုရေးနယ်ပယ်က လူသားတစ်ဦးဖြစ်တဲ့ ကျနော့်အဖို့ အခုလို ဝင်ပြောချင်လောက်အောင် လက်ယပ် ခေါ်နေလို့သာ မနေသာလို့ ဝင်ပြောလိုက်ရတာပါ။
ကဗျာရေးတဲ့သူ ပီပီ ဒီဆောင်းပါးကို ကဗျာတပုဒ်နဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ယာယီ အတိုက်အခိုက် ရပ်စဲသည့်နေ့က ကျဆုံးရသော ရဲဘော်သို့
စစ်ပြေငြိမ်းလိုက်ပြီ ဆိုပါကလား
သတင်းသည် ငှက်ထက်မြန်၏
လေထက်လည်း မြန်၏
ဒါတင်လည်း မဟုတ်သေး
မိုးကြိုးသွားထက်လည်း မြန်၏။
လောကဓါတ်တခွင်
ငြိမ်းချမ်းရေး ပီတိအဟုန်ဖြင့်
တုန်ခါ ပဲ့တင် လျက်ပါတကား။
အလို…နေအုန်း
အလာကောင်းပေမယ့်
အခါ နှောင်းလေခြင်း
ကျဆုံး ရှာကြ ကုန်ပြီးသော
ရဲဘော် အဖို့ရာတွင်
တကယ်ကို အခါ နှောင်းပါပြီ။
နာရီပိုင်းလောက် စေါခဲ့လျင်
ရဲဘော် မသေ
သူ့ရဲဘော် ရဲဘက်တွေနဲ့
ရယ်ကာ မောကာ လက်ဆွဲ နှုတ်ဆက်ကာ
ရှင်လျက် တည်အံ့။
ဒီ့ထက်ဒီ ပိုခဲ့လျင်ကား ကောင်းလေစွ
ဘယ်သူ ဘယ်ဝါ ဘယ်ရဲဘော် တစ်ယောက်မျှ
မသေမပျောက်
မကျဆုံး ရှာကြသေးမီ ဖြစ်ခဲ့မူကား အဟောတဝ ကောင်းလေစွ။ ။
( သီလဝ ဘာသာပြန်တဲ့ ခရိုအေရှား ကဗျာဆရာ ဂရီ ဂေါ်ဗီယက် ရဲ့ ကဗျာ ဖြစ်ပါတယ်။ စာပေါင်းစုစာအုပ်၊ အမှတ်(၂) တွင် ပါရှိတဲ့ ဆောင်းပါးတပုဒ်မှ ကူးယူ ဖေါ်ပြပါတယ်။)
ငြိမ်းဝေ
ငြိမ်းဝေ
No comments:
Post a Comment