November 24, 2011

ဥရောပ မဲဇာ

နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့(၂)
နမ့်စွယ်ချောင်းနှင့် နမ့်စွယ်ရွာ
နမ့်စွယ်ချောင်းမှာ ရေခမ်းလုနီးပါး ရှိနေသည်။ ခြေမျက်စိသာသာ ရေကိုဖြတ်ကာ ကျနော်တို့(၃)ယောက် ချောင်းတဖက်ကမ်း လယ်ကန်သင်းရိုးပေါ် တက်လာခဲ့ကြသည်။
          နမ့်စွယ်ရွာအပြင်ဖက် နမ့်စွယ်ချောင်း၏တဖက်ကမ်း တောင်ကုန်းတခု၏အောက်ခြေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ ရဲဘော်တချို့ ခေတ္တနေထိုင်သည့် တဲကလေးတလုံး ရှိနေသည်။ ကျနော်တို့(၃)ယောက် ထိုတဲမှ ပြန်လာကြခြင်း ဖြစ်သည်။
          ရှေ့ဆုံးက ဦးမောင်မောင်အေး(ပြန်ကြားရေှးဌါနဝန်ကြီး၊ အမျိုးသားညွန့်ပေါင်းအစိုးရ)၊ အလယ်က ခွန်မားရ်ကိုဘန်း( ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ပြီးတော့ ကျနော်....။
          ချောင်းထိပ်သို့အရောက်တွင် ဝဿန္တ၏ ရှေ့ပြေးလေကို ကျနော်တို့ ရှူရှိုက်ခွင့် ရလိုက်သည်။ နမ့်စွယ်ရွာကို လယ်ကွက်များ၏ ဟိုမှာဘက်အစပ်တွင် လှမ်းမြင်နေရသည်။ မိုးတိမ်တချို့ နမ့်စွယ်ရွာပေါ် ဖြတ်ကျော်သွားနေကြသည်။ ရွာထဲမှ ကားသံ ခွေးဟောင်သံနှင့် ကလေးများ အော်ဟစ်ဆော့ကစားနေသည့်အသံကို ခတ်သဲ့သဲ့မျှ ကြားရသည်။
          ကန်သင်းရိုးပေါ် လျှောက်လာနေစဉ် မလှမ်းမကမ်း ရေသွင်းမြောင်းကလေးဆီက ရေစီးသံကို အတိုင်းသားကြားရသည်။ မျက်နှာချင်းဆိုင်ကလျှောက်လာသော လည်တိုင်တွင် ကြေးကွင်းများစွပ်ထားသည့် ပဒေါင်လုံမငယ်နှစ်ဦးကို လမ်းဖယ်ပေးကြရ၏။ သူတို့သည် နမ့်စွယ်ရွာနှင့် နာရီဝက်သာသာခရီး မြန်မာပြည်နယ်စပ်နှင့်ကပ်လျက် ထိုင်းတို့က တည်ထောင်ပေးထားသော ပဒေါင်ရွာကလေးမှ ဖြစ်ကြပေမည်။ ကျနော်တို့ဘေးမှ ဖြတ်လျှောက်သွားစဉ် သူတို့ထံမှ မျက်နှာချေနှင့် ပေါင်ဒါနံ့များ ဝေ့ ဝဲပြီး ကျန်နေရစ်ခဲ့၏။
          လယ်ကန်သင်းရိုးနှင့် မလှမ်းမကမ်း တဲတစ်လုံးရှေ့သို့ ရောက်သောအခါ ဦးမောင်မောင်အေးက လမ်းဘေးသို့ဆင်းကာ တဲရှေ့တွင် သွားပြီးရပ်လိုက်သည်။ တဲပေါ်တွင် မည်သူမျှမရှိ။ ပတ်ဝန်းကျင်တွင် လူသူလေးပါး မမြင်ရ။
          “ငါ မင်းကို ပြောစရာရှိတယ်ငြိမ်းဝေ၊ အရေးကြီးတဲ့ကိစ္စမို့ အိမ်မှာမပြောပဲ ဒီမှာပဲပြောရလိမ့်မယ်၊ လာကွာ ဒို့ ဒီမှာခဏထိုင်ရင်း စကားပြောကြရအောင်”
          ဦးမောင်မောင်အေးက ပြောပြောဆိုဆို တဲရှေ့ကပြင်တွင် ဝင်ထိုင်လိုက်သည်။ ကျနော်နှင့်ခွန်မားရ်ကိုဘန်းသည်လည်း ဘေးချင်းယှဉ် ဝင်ထိုင်လိုက်ကြ၏။ ကျနော်က ခေါင်းအေးအေးထားကာ ဦးမောင်မောင်အေး ဆက်ပြောမည့်စကားကို နားစွင့်နေမိသည်။
          “မင်းကို အဆင့်မြင့်တာဝန်တခု ပေးစရာရှိတယ်၊ မင်း နော်ဝေးကိုသွားပြီး ဒီဗွီဘီမှာ အလုပ်လုပ်ရမယ်၊ ပြင်စရာရှိတာ ပြင်ဆင်ထားပါ၊ ဒီကိစ္စကို သိတ်ပြီး မပေါက်ကြားစေနဲ့၊ ငါ နောက်တခေါက် ဘန်ကောက်ကပြန်ဆင်းလာရင် မင်းကို တပါတည်းခေါ်မယ်၊ ဒီတလအတွင်း မင်းထွက်ရလိမ့်မယ် ထင်တယ်”
          မျှော်လင့်ထားခြင်းလည်းမရှိ လိုလားစိတ်ကူးခဲ့ခြင်းလည်း မရှိသဖြင့် ဦးမောင်မောင်အေး၏စကားကို ကျနော့်အနေနှင့် ဘယ်လိုလက်ခံ တုန့်ပြန်ရမည်ဆိုသည်ကို ရုတ်တရက် စဉ်းစားလို့မရ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား...။ ကျနော် တကယ့်ကို မသိ။ အံ့သြသွားမိသည်တော့ ရှိသည်။
          “ဒါဆိုရင် ရွှေဗဟိုစည်စတူဒီယိုအတွက်ကကော...”
          ဦးမောင်မောင်အေးက ကျနော့်စကားမဆုံးခင်မှာပင် စကားဖြတ်ပြီးပြောသည်။
          “အေး ဒါကတော့ မင်းနဲ့ငါ တိုင်ပင်ပြီး လူရှာရတော့မှာပေါ့ကွာ၊ တာဝန်ခံရှာလို့ရသည်ဖြစ်ပစေ မရသည်ဖြစ်ပစေ မင်း နော်ဝေးကို အမြန်ဆုံးသွားဖို့က ပိုပြီး အရေးကြီးတယ်၊ ပြီးတော့ ငါစဉ်းစားထားတာ စိုးဝင်းညိုကို ခေါ်ရင် ဘယ့်နှယ်နေမလဲ”
          ဦးမောင်မောင်အေးပြော့ပသည့် ကိုစိုးဝင်းညိုကို စတူဒီယိုတာဝန်ခံပေးရေးကိစ္စ၊ ကျနော့်မှာ ကန့်ကွက်ရန်မရှိ။ ကိုစိုးဝင်းညိုသည် ဒီဗွီဘီတွင် ကျနော်တို့နှင့်အတူ တချိန်လုံး လက်တွဲအလုပ်လုပ်ခဲ့သူဖြစ်သည်။
          အမှန်စင်စစ် ရွှေဗဟိုစည်စတူဒီယိုမှာ ယခုမှပင် ပြန်လည်စတင်လှုပ်ရှားရမည့် အခြေအနေမျိုးဖြစ်သည်။ လွန်ခဲ့သည့် နှစ်လကျော်က ကျနော်တို့သည် ရွှေဗဟိုစည်စတူဒီယိုကို လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံတို့အောက်မှ ထိုင်းနိုင်ငံဘက်ကမ်းသို့ သယ်ထုတ်လာခဲ့ကြရ၏။ ဖွေးပေါလူရွာနှင့် ပဟေလူရွာသို့ ရွှေ့ခဲ့ကြရသည်။ ထို့နောက် ပခုံးဖြင့်ထမ်း၍တဖ၊ုံ လှေဖြင့်တတန်၊ ကားဖြင့်တသွယ် သော်လည်းထရွာသို့လည်းကောင်း၊ မယ်စရီရန်းသို့လည်းကောင်း၊ မယ်ဟောင်ဆောင်သို့လည်းကောင်း၊ နမ့်စွယ်ရွာကလေးသို့လည်းကောင်း အဆင့်ဆင့်သယ်ပိုး ထုတ်ယူလာခဲ့ကြရသည်။ တနေရာရောက်လျင် အရေးကြီးသည့်ပစ္စည်းများကို ရွေးချယ် သယ်ယူကြရပြီး နောက်တနေရာအရောက်တွင် ထပ်မံပြီး ပိုမိုအရေးကြီးသည့်ပစ္စည်းကိုရွေးကာ သယ်ကြယူကြရပြန်သည်။ မသယ်နိုင်မပိုးနိုင်တော့သဖြင့် စခန်းတခုတိုင်းတွင် ပစ္စည်းတချို့ကို စွန်ပစ်ထားခဲ့ကြရ၏။ တချို့ တောထဲမှာ...၊ တချို့ လူသွားလမ်းဘေးမှာ...၊ တချို့ ချောင်းဘေးမှာ...။
          သို့သော် နမ့်စွယ်ရွာသို့ရောက်သွားသည်အထိ ရွှေဗဟိုစည်စတူဒီယိုမှာ အသံရပ်သွားခြင်း မရှိ။ သတင်းများ တွေ့ဆုံမေးမြန်းခန်းနှင့် ပုံမှန်တာဝန်ကျ အသံလွှင့်အစီစဉ်များကို မပျက်မကွက် အသံသွင်းယူကာ နော်ဝေးသို့ ပို့ ပေးနိုင်ခဲ့ကြ၏။
          မာနယ်ပလောမှ ဆုပ်ခွါလာသည်မှစတင်ကာ စခန်းတခုခုသို့ရောက်သည့်အချိန်တိုင်း အခြေအနေများမှာ ပိုမိုရှုပ်ထွေးလာခဲ့၏။ စတူဒီယို အဖွဲ့ဝင်ရဲဘော်များမှာ လမ်းခရီးတဝက်တပျက်မှာပင် လမ်းခွဲထွက်ခွါသွားကြရ၏။ မိမိတို့၏ မိခင်အဖွဲ့အစည်းများ ထွက်ခွါရာသို့ လိုက်ပါသွားကြရတော့၏။ ထို့ကြောင့် နမ့်စွယ်ရွာသို့ရောက်သောအခါ ကျနော့်မှာ ရွှေဗဟိုစည်စတူဒီယို ပြန်လည် ဖွဲ့စည်းနိုင်ရေး တချိန်လုံး ကြိုးပမ်းနေခဲ့ရ၏။
           အခုလို အရေးကိစ္စကြုံလာသောအခါ တော်လှန်ရေးနယ်မြေတခုအတွင် နယ်ကျွံနေသော ကိုစိုးဝင်းညိုကို ခေါ်ယူတာဝန်ပေးရန် စီစဉ်ရတော့သည်။ သွားတတ်လာတတ်သူ ရဲဘော်တစ်ဦးကို စရိတ်စကပေးကာ လူလွှတ်ပြီး အခေါ်ခိုင်းရတော့သည်။ ကိုစိုးဝင်းညိုရောက်လာပြီး စတူဒီယိုတာဝန်ခံအလုပ်များ လွှဲပြောင်းပေးးပြီးသောအခါမှသာ နော်ဝေးသွားရေးအတွက် ကျနော့်မှာ ပြင်ဆင်ရတော့၏။

ငြိမ်းဝေ
(ဆက်လက်ဖတ်ရှုပါရန်...)

No comments:

Post a Comment