နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့(၁)
ခရီးသည်များ နားနေဆောင်၏ မှန်ကာကြီးများမှတဆင့် လေဆိပ်ကွင်းထဲကို လှမ်းမြင်နေရသည်။ ကွင်းထဲ၌ ဂျက်လေယာဉ်ငယ်တစ်စင်း ဆိုက်ထား၏။ လာအိုလေကြောင်းဌါနမှ ဖြစ်သည်။ တစ်စင်းတည်းရပ်ထားသဖြင့် ထိုလေယာဉ်ဖြင့်ပင် ကျနော် လိုက်ပါရလိမ့်မည်ဟု ခန့်မှန်းမိသည်။
ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်ကလေးပဲဟု စိတ်ထဲက တွေးမိသည်။ ခရီးဆောင် လက်ဆွဲအိပ်များ ချိန်တွယ်ရန် စစ်ဆေးရန်နှင့် လူဝင်မှုကြီးကြပ်ရေးအပေါက်ဝတို့မှာ ခရီးသည်များ နားနေဆောင်၏ဘေးတွင် ကပ်လျက်ရှိနေသည်။ ခရီးသည်များမှာလည်း လူ(၂၀)ခန့်ပင် ရှိသည်။
ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်လေးပဲဟု ထင်မိသည့်အတွေးမှာ တိကျမှန်ကန်ကောင်းရဲ့ဟု ယတိပြတ် ကျနော် မပြောနိုင်ပါ။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်နှင့် နှိုင်းယှဉ်ပြီးမှ စဉ်းစားခြင်းသာဖြစ်သည်။ သို့တိုင်အောင် ကျနော်က မင်္ဂလာဒုံလေဆိပ်ထဲ ရောက်ဖူးသူ မဟုတ်ပြန်ပါ။ ကျနော်ငယ်စဉ်က တခါတရံ ပဲခူးမှ ရန်ကုန်သို့အသွား ကားလမ်းပေါ်ကတဆင့် မင်္ဂလာဒုံလေဆိပ်ကို လျပ်တပျက် လှမ်းမြင်ရခြင်းနှင့် ရုပ်ရှင်ဇတ်ကားတချို့ သတင်းစာတချို့တွင်သာ မြင်ဖူးခြင်း ဖြစ်သည်။
ထို့ပြင် ဆိုက်ထားသည့် ဂျက်လေယာဉ်ကိုလည်း ကြီးသည် ငယ်သည်ဟူ၍ ကျနော် တပ်အပ်သေချာ မပြောနိုင်သေးပါ။ ကျနော့်ဘဝတွင် လေယာဉ်စီးဖူးဖို့ဝေးစွ လေယာဉ်တစ်စီး၏အနားသို့ ကပ်၍ပင် မကြည့်ခဲ့ဖူးသေးပါ။ သို့သော် လာအိုနိုင်ငံမှာ ဖွံ့ဖြိုးမှု နှေးကွေးသည့်နိုင်ငံဖြစ်သဖြင့် လေဆိပ်၏အနေအထား၊ လာအိုလေကြောင်းဌါန၏အနေအထားကို စိတ်ထဲက အလိုလို အထင်သေးနေမိသည့်အတွက် ထိုလေယာဉ်ကို သေးသေးငယ်ငယ်လေးပဲဟု စိတ်ထဲက ယူဆကောင်း ယူဆမိသည့်သဘော ဖြစ်နိုင်ပါသည်။
လေယာဉ်ပေါ်တက်ခွင့်ပြုသောအခါ ကျနော်က လက်ဆွဲသေတ္တာငယ်ကိုဆွဲကာ လူအုပ်ထဲ ဝင်ရောလိုက်သည်။ ကိုမျိုးမြင့်က ကျနော့်ပခုံးကိုကိုင်ကာ နှုတ်ဆက်သည်။ သူနှင့်ကျနော် သိကျွမ်းရသည်မှာ မကြာသေး။ ပထမတစ်ခေါက် လာအိုတွင် ခေတ္တခဏ (၃)ရက်မျှ လာနေစဉ် ပန်းချီဆရာ ကိုမောင်ဟန် မိတ်ဆက်ပေးသဖြင့် သူသည် လာအိုတွင် အလုပ်လာလုပ်နေသူဟု သိခဲ့ရသည်။ ယခုတစ်ခေါက်တွင်မူ ကျနော် တစ်ယောက်တည်းရောက်လာသဖြင့် လေဆိပ်ဆင်းသည့်ကိစ္စ၊ လေယာဉ်လက်မှတ် စီစစ်ခြင်းကိစ္စများကို သူကပဲ လိုက်လံကူညီခဲ့၏။
ကိုမျိုးမြင့်ကို နှုတ်ဆက်ပြီး လေယာဉ်ဆီ လျှောက်လာနေစဉ် ကျနော့်ရင်ထဲ၌ အမျိုးအမည်ဖေါ်ပြရခက်သော ခံစားမှုများ ဖြစ်ပေါ်လာရ၏။ ထိုစဉ်က ဖြစ်ပေါ်လာသည့်ခံစားမှုသည် အင်မတန်ခံစားရခက်သော တခါဖူးမျှ မခံစားဘူးသေးသော ခံစားမှုမျိုးဖြစ်သည်။ ခံစားရသမျှကို အသိနှင့်မထိန်းချုပ်ပဲ လွှတ်ပေးလိုက်ပါက ရူးသွပ်သွားလုမတတ် လွတ်ထွက်သွားမလားဟုပင် ထင်မိသည်။
ယခုအခါ ကျနော်သည် လေယာဉ်တစ်စင်းပေါ် တက်တော့မည်။ ထိုလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့‘ဒွန်မောင်း´လေဆိပ်သ်ု့ ရောက်မည်။ ဒွန်မောင်းလေဆိပ်တွင် လေယာဉ်ပြောင်းစီးကာ ဒိန်းမတ်နိုင်ငံ ‘ကိုပင်ဟေဂင်´လေဆိပ်ကို ရောက်မည်။ ထိုမှတဆင့် ‘နော်ဝေးနိုင်ငံ´ကို ရောက်မည်။ ကျနော်၏ မြေပုံပေါ်က ခရီးစဉ်မှာ သည် ဗီယက်ကျန်းလေဆိပ်မှပင် လက်တွေ့စတင်မည် ဖြစ်သည်။
လေဆိပ် နားနေဆောင်မှ လေယာဉ်ဆီသို့ မရောက်ခင် ကွန်ကရစ်လမ်းပေါ် လျှောက်လာနေရင်းက ဒူးများညွှတ်ကျလုမတတ် တုန်လှုပ်နေမိသေးသည်။ ခေါင်းထဲတွင် အသံမျိုးစုံဆူညံကာ မူးမူးဝေဝေ ဖြစ်လာရသည်။ ညာဖက်လက်ထဲက လက်ဆွဲသေတ္တာသည် ပါလာသည်ဟုပင် မထင်တော့။
တချိန်တည်းမှာပင် ကျနော့်မျက်စိထဲ ‘မဒေဝီ´ကို မြင်သည်။ သားသုံးယောက်ကို မြင်သည်။ ကျနော်သည် ကမ္ဘာကြီး၏ မြောက်ဝန်ရိုးစွန်းနှင့် အနီးဆုံး နိုင်ငံတစ်ခုသို့ ထွက်ခွါလာနေပြီ ဖြစ်သည်။ သို့သော် မဒေဝီနှင့် သားများကို စွန့်ခွါသွားနေခြင်းမဟုတ်။ တော်လှန်ရေး၏ ဘူမိနက်သန်ဟု မိမိဖါသာမိမိ ယုံကြည်နေမိသော နယ်စပ်ဒေသကို စွန့်ခွါသွားနေခြင်းမဟုတ်။ ကျနော်ချစ်သော ချစ်သူများကို စွန့်ခွါသွားနေခြင်းမဟုတ်။ ကျနော်၏ ခရီးမှာ အသွားတစ်ကြောင်းတည်းသာရှိသည့် ခရီးမဟုတ်။
ထောင်ထားသည့် လှေကားမှတဆင့် ခရီးသည်များ လေယာဉ်ပေါ် တက်ကြရသည်။ အပေါက်ဝတွင် လေယာဉ်မယ်နှစ်ဦးက အပြုံးဖြင့် ဆီးကြိုနေ၏။ လေယာဉ်လက်မှတ်များကို ပြရသည်။ ကျနော်က အထဲသို့မဝင်သေးပဲ အပေါက်ဝတွင် နောက်သို့ရုပ်တရက်လှည့်ကာ ကိုမျိုးမြင့်ရှိရာ အဆောက်အဦတွေဖက် ရုပ်ရှင်တွေထဲကလို လက်တဖက် ဝှေ့ယမ်းနှုတ်ဆက်ပြီးမှ လေယာဉ်ကိုယ်ထည်ထဲသို့ ဝင်၏။ လူသွားလမ်းကလေးပေါ်ကဆင့် ထိုင်ခုံနံပါတ်များကို ကြည့်သည်။ ကျနော်ထိုင်မည့်ထိုင်ခုံမှာ ပြတင်းပေါက်ဘေးတွင် ရှိသဖြင့် ကျေနပ်သွားရသည်။ ပြီးတော့ ကျနော့်ဘေးကကပ်လျက်ထိုင်ခုံတွင် လူမရှိ။
ပြတင်းပေါက်ကတဆင့် လေဆိပ် အဆောက်အဦကို လှမ်းမြင်နေရသည်။ သို့သော် လေယာဉ်အတောင်ပန်က ကွယ်နေသဖြင့် လေဆိပ်အဆောက်အဦ၏ တပိုင်းတစကိုသာ မြင်ရသည်။ ကိုမျိုးမြင့်လည်း လေဆိပ်မှ ပြန်သွားလောက်ပြီ။ နေရာယူပြီး ဆယ်မိနစ်ခန့်အကြာတွင် ဓါတ်ခွက်သံပါသည့် အသံချဲ့စက်မှတဆင့် လေယာဉ်ထွက်ခွါတော့မည့်အကြောင်း လေယာဉ်မယ်တစ်ဦး၏အသံကို ကြားရသည်။ ခါးပတ်ပတ်ဖို့ နှိုးဆော်သည်။ ကျနော်က ခုံတစ်လုံးကျော်က ခရီးသည်အမျိုးသားကြီးလုပ်သလို လိုက်လုပ်ကြည့်ခြင်းဖြင့် ခါးပါတ်ပတ်ခြင်းအမှု အောင်မြင်သွားခဲ့၏။
လေယာဉ်က ပြေးလမ်းပေါ် နေရာယူကာ စက်ရှိန်မြှင့်သည်။ အမျိုးအမည်မသိ အဆောက်အဦများ ရိပ်ကနဲ ရိပ်ကနဲ နောက်တွင် ကျန်ရစ်ခဲ့သည်။ ဦးခေါင်းပိုင်းတချက်မော့ကာ လေယာဉ်ကိုယ်ထည်ကြီးတခုလုံး လေထဲသို့ ကြွတက်လာခဲ့သည်။ ခတ်မော့မော့ အနေအထားဖြင့် တခဏမျှ ရှိနေပြီးနောက် နေသားတကျဖြစ်ကာ တိမ်ထုထဲ ဝင်မိသွားသည်။
အောက်ဖက်တွင် လယ်ကွက်များ အိမ်များကို မြင်ရတချက် မမြင်ရတချက် မြင်နေရသေးသည်။ ကျနော်သည် နောက်မှီတွင် ခေါင်းတင်လိုက်ကာ မျက်လုံးမှိတ်လျက် စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ကြိုးစားရပြန်သည်။ မျက်လုံးကို ပြန်ဖွင့်တော့ လူသွားလမ်းပေါ်က လေယာဉ်မယ်တစ်ဦးက တစုံတခု လှမ်းပေးနေသည်ကို တွေ့ရသည်။ လက်ထဲရောက်လာသည့် ဘူးကလေးကို ဖွင့်ကြည့်တော့ အသားညှပ်ပေါင်မုန့်တစ်ခုကို တွေ့သည်။ နောက်ထပ်ပြီး အချိုရည်တပုလင်း ပေးပြန်သည်။
ဘူးကလေးထဲက မုန့်ကိုစား အချိုရည်ပုလင်းကို ကုန်အောင်သောက်ပြီးသောအခါ ရှေ့ထိုင်ခုံနောက်ကြောက သားရေအိပ်ကလေးကိုဆွဲကာ မုန့်ဘူးခွံ အချိုရည်ဘူးခွံတို့ကို သိမ်းလိုက်သည်။ နာရီကိုကြည့်တော့ ထိုင်းစံတော်ချိန်(၁၃:၀၀) နာရီ ရှိနေပြီ။ တစ်နာရီအတွင်း ဒွန်မောင်းလေဆိပ်ကို ရောက်တော့မည်ဖြစ်သဖြင့် နာရီကို အချိန်မပြောင်းပဲ သည်အတိုင်း ထားလိုက်၏။ ထိုအခါကျမှ လေယာဉ်ထဲက ကျန်ခရီးသည်များကို သတိပြုမိသည်။ အာရှတိုက်သားတွေချည်းပဲ ဖြစ်သည်။ လူ (၂၀)ကျော်ခန့်ပဲ ရှိသည်။ လေယာဉ်ကိုယ်ထည်က သန့်ပြန့်သည်။
ဗိုက်ထဲတွင် အစာဝင်သွားပြီဖြစ်သဖြင့် လှုပ်ရှားလျက်ရှိသောစိတ်မှာ တစုံတရာ တည်ငြိမ်လာခဲ့ပြီ။ လေယာဉ်ကိုယ်ထည်ကြီးတခုလုံး လေထဲတွင် တည်တည်ငြိမ်ငြိမ်နှင့် မောင်းနှင်နေပြီဖြစ်သဖြင့် စိုးရိမ်ထိတ်လန့်မှုသည်လည်း လျှော့ပါးသွားနေပြီ ဖြစ်သည်။ ထိုင်ခုံနောက်မှီတွင် ခေါင်းပြန်တင်လိုက်သောအခါ ‘နမ့်စွယ်´ရွာကလေးက ကျနော့်အတွေးထဲ ခုန်ဝင်လာလေတော့သည်။
ငြိမ်းဝေ
(ဆက်လက်ဖေါ်ပြပါမည်။)
No comments:
Post a Comment